ကြီးမားသော အဆောက်အအုံတစ်ခု၏ မြေကွက်လပ်တစ်နေရာတွင် လက်ဝါးကပ်တိုင်ပုံသဏ္ဌာန် တိုင်တစ်တိုင် စိုက်ထူထားသည်။ အဆိုပါ လက်ဝါးကပ်တိုင်ဆီသို့ အင်္ကျီအပြာနုရောင် ၀တ်ဆင်ထားသော သန်မာထွားကျိုင်းသည့် လူလေးဦးက ကိုကျော်စွာလင်းအား ခေါ်ဆောင်လာသည်။
ထို့နောက် သူ၏လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ကို တိုင်နှင့်ကပ်၍ ကြိုးဖြင့်ချည်ထားလိုက်ပြီး လက်နှင့် ခြေထောက်များကို သူတို့က မလှုပ်နိုင်အောင် ဆုပ်ကိုင်ထိန်းချုပ်ထားလိုက်သည်။
ကိုကျော်စွာလင်း၏ နောက်ကျောဘက်တွင် ခန္ဓာကိုယ်ထွားကျိုင်းသော လူအရိပ်အယောင်တစ်ခုရှိနေသည်ကို ကိုကျော်စွာလင်း ရိပ်ခနဲမြင်တွေ့ရသည်။ ထိုသူကို မြင်ဖူးချင်သော်လည်း နောက်သို့လှည့်မကြည့်ရန် ဘေးမှလူလေးဦးက ပြောဆိုထား၍ မကြည့်ခဲ့ရပေ။
ဝမ်း...တူး.....သရီးဟု နံပါတ်စဉ်ခေါ်သံ ထွက်ပေါ်လာ၍ ခန္ဓာကိုယ်အား တောင့်ထားလိုက်သည်။ ‘‘ဖုန်း’’ဆိုသည့် အသံထွက်ပေါ်လာပြီး အသည်းခိုက်အောင် နာကျင်မှုခံစားရကာ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါသွားတော့သည်။
‘‘တိုင်မင်ခေါ်လိုက်တဲ့အချိန်မှာ ကျွန်တော်ကတောင့်ထားတော့ သူကမရိုက်ဘူး။ ကျွန်တော်က ပြန်လျှော့လိုက်တဲ့အချိန်ကျမှ ရိုက်လိုက်တာ။ ဖားကို တုတ်နဲ့ရိုက်တဲ့အခါ ဖားအကြောဆန့်သလို ဆန့်သွားတာ။ တဆတ်ဆတ်တုန်ခါသွားတယ်’’ဟု ၂၀၀၉ က မလေးရှားနိုင်ငံသို့ တရားမ၀င် သွားရောက်မှုကြောင့် ထောင်ဒဏ်နှစ်လနှင့် ကြိမ်ဒဏ်တစ်ချက်အပြစ်ပေးခံရသူ အသက်(၃၂)အရွယ် ကိုကျော်စွာလင်းကပြောသည်။
ကြိမ်ဒဏ်ရိုက်ပြီး၍ ဘောလုံးကွင်းတစ်ကွင်းစာရှိသော ကွင်းပြင်ကို နှစ်ပတ်ပတ်ပြေးခိုင်းကြောင်း ကိုကျော်စွာလင်းက အသံတုန်တုန်ရီရီဖြင့်ပြောသည်။ ကြိမ်ဒဏ်တစ်ချက် ရိုက်ခံရသည့် ကိုကျော်စွာလင်း၏ တင်ပါးက ဒဏ်ရာသည် သေရာပါမည့်အရာဖြစ်သည်ဟု ၎င်းကဆိုသည်။
ပဲခူးတိုင်း ဝေါမြို့နယ် အောင်သုခရပ်ကွက်တွင် နေထိုင်ကာ မလေးရှားနိုင်ငံသို့ တရားမ၀င်သွားရောက်သော ကိုကျော်စွာလင်းအား ထောင်ဒဏ်နှစ်လ အပြစ်ပေးခံရပြီး လွတ်မြောက်မည့်ရက်တစ်ရက်အလို ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ ရက် ညနေပိုင်းတွင် ကာဂျန်ထောင်၌ မလေးရှားထောင်ဝန်ထမ်းများက သူ့အား ကြိမ်ဒဏ်တစ်ချက်အပြစ်ပေးခံရသည့် မြင်ကွင်းကို ကိုကျော်စွာလင်းက ပြန်ပြောပြခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ စခန်းများ၌ ထားရှိသော တရားမ၀င်မြန်မာလုပ်သားများထဲမှ ၁၀၂ဦးကို မြန်မာရေတပ်ဖရီးဂိတ်သင်္ဘောက လန်ကာဝီရေတပ်ပြပွဲအပြန်တွင် ပထမဆုံးအကြိမ်တင်ဆောင်လာပြီး မတ်လ ၂၉ရက်က ရန်ကုန်သို့ပြန်ရောက်ရှိသည်။အဆိုပါ ၁၀၂ ဦးတွင် ကိုကျော်စွာလင်းလည်း ပါဝင်သည်။ မလေးရှားနိုင်ငံသို့ တရားမ၀င် သွားရောက်မှုကြောင့် ထောင်ဒဏ်ခြောက်လကျခံပြီး ဘူဂစ်ဂျာလီစခန်းတွင် ကိုကျော်စွာလင်းနှင့်အတူနေရသော ရခိုင်ပြည်နယ် စစ်တွေမြို့မှ အသက်(၂၃)နှစ်အရွယ် ကိုကျော်ကျော်လည်း ဖရီးဂိတ်သင်္ဘောနှင့်အတူ ပါလာခဲ့သည်။
ကိုကျော်ကျော်သည် ၂၀၀၇ ကတည်းက မိဘများမသိဘဲ မလေးရှားနိုင်ငံသို့ တရားမ၀င်သွားရောက်ခဲ့သူဖြစ်သည်။
‘‘ထမင်းစားရတာသိပ်မ၀ဘူးလေ’’ဟု ကိုကျော်ကျော်က သူ၏ ပိန်လှီနေပြီး အသားအရေများ ခြောက်သွေ့နေသော ခန္ဓာကိုယ်ကို ပြန်ကြည့်၍ ဖြည်းလေးစွာဖွင့်ဟသည်။
စခန်းများတွင် နေထိုင်ရသောသူသည် များသောအားဖြင့် အလုပ်မလုပ်ရဘဲ ၁၀ ပေပတ်လည်အခန်းထဲတွင် လူ ၁၅ ဦးခန့်နေထိုင်ရခြင်းဖြစ်သည်။ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနတာဝန်ရှိသူများက ထမင်းဝအောင်ကျွေးမွေးခြင်းမရှိဟု ကိုကျော်ကျော်ကဆိုသည်။ နေမကောင်းဖြစ်၍ ဆေးတောင်းပါက ဆဲဆိုခံရပြီး ဆေးပေးခြင်းမရှိကြောင်း သူ၏အတွေ့အကြုံကိုပြောသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအပါအ၀င် နိုင်ငံပေါင်းစုံမှ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ချပြီး လွတ်မြောက်လာသောသူများထားရှိသော စခန်း၁၂ခုရှိသည်။ စခန်းတစ်ခုတွင် မြန်မာနိုင်ငံသား ၃၀၀ကျော်ရှိသည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောသော်လည်း ကိုကျော်စွာလင်းနေခဲ့ရသည့် ဘူဂစ်ဂျာလီစခန်းတွင်မူ မြန်မာနိုင်ငံသား ၆၅၀ကျော်ရှိသည်ဟု ကိုကျော်စွာလင်းကပြောသည်။
စခန်းတစ်ခုစီတွင် မြန်မာနိုင်ငံသား ၃၀၀ဖြင့်သာ တွက်ပါက စခန်း၁၂ခုတွင် စုစုပေါင်း မြန်မာနိုင်ငံသားအနည်းဆုံး ၃,၆၀၀ ကျော်ရှိသည်။ အများစုသည် ပြစ်ဒဏ်လွတ်မြောက်လာသော်လည်း ပြန်ရန်လမ်းစရိတ်မရှိ၍ စခန်းများတွင် နေထိုင်ရသူများဖြစ်သည်။ အချို့သူများသည် ၎င်းတို့၏ မိသားစုနှင့် အဆက်အသွယ်မရ၍ ပြန်ရန်လမ်းစရိတ်ထောက်ပံ့မည့်သူမရှိသောကြောင့် ထိုစခန်းတွင်ပင် ၎င်းတို့၏ ဘ၀နိဂုံးချုပ်ဖွယ်ရှိနေသည်ဟု ဘူဂစ်ဂျာလီစခန်းတွင် ရှစ်လကျော်နေထိုင်ရသူ ကိုကျော်စွာလင်းကပြောသည်။
မှတ်ပုံတင်အထောက်အထားများ မပြောပြနိုင်ခြင်း၊ မိသားစုများထံ ဆက်သွယ်အကြောင်းကြားရန် လိပ်စာနှင့်ဖုန်းနံပါတ်များ မသိရှိခြင်းတို့ကြောင့် စခန်းများတွင် သောင်တင်နေခြင်းဖြစ်သည်။ ဘူဂစ်ဂျာလီစခန်းသို့ မကြာခဏသွားရောက်လေ့ရှိသော ကိုမျိုးညွန့်၏ ပြောကြားချက်အရ အဆက်အသွယ်ပြတ်တောက်ကာ စခန်းတွင် ခြောက်နှစ်ကြာအထိ သောင်တင်နေထိုင်ရသူများရှိကြောင်း ပြောသည်။
‘‘တချို့သူတွေဆို စခန်းထဲမှာ ရူးသွားတဲ့သူတွေတောင်ရှိတယ်။ ထောင်နဲ့ ကမ့်နဲ့ကအတူတူပဲ။ ဘာမှမထူးဘူး။ အခန်းနည်းနည်းကျယ်တာပဲကွာတာ။ တချို့တွေက သူတို့မိသားစုဝင်တွေနဲ့ ဘယ်လိုမှ ဆက်သွယ်လို့မရတော့ဘူး။ အဲလိုဆိုရင် ပြန်ဖို့ရာခက်သွားပြီ။ ကျွန်တော်တောင် ကံကောင်းလို့ ဒီရေတပ်သင်္ဘောနဲ့ ပြန်လာရတာ။ ကျွန်တော်လည်း ကျွန်တော့်မိသားစုနဲ့ ခုရန်ကုန်ရောက်တဲ့အထိ အဆက်အသွယ်မရသေးဘူး’’ဟု ကိုကျော်စွာလင်းကဆိုသည်။
စခန်းများအတွင်း အခြားနိုင်ငံသားများနှင့်အတူ နေထိုင်ရသောကြောင့် တစ်ခါတစ်ရံ ခိုက်ရန်ဖြစ်ပွားမှုရှိကြောင်း ကိုကျော်ကျော်က သူ့အတွေ့အကြုံကိုပြောသည်။
‘‘နိုင်ငံခြားသားတွေထားတဲ့ ကမ့်တွေမှာမနေရဘဲ မလေးရှားနိုင်ငံသားတွေရှိတဲ့ ကမ့်မှာကျတဲ့သူတွေဆိုရင် အနိုင်ကျင့်ခံရတယ်။ မင်းတို့ကောင်တွေ ခိုးဝင်လာတဲ့ကောင်တွေ။ မင်းတို့လာလို့ ငါတို့မှာ အလုပ်အကိုင်ရှားနေတယ်ဆိုပြီး အနိုင်ကျင့်ကြတာ’’ဟု သူကပြောသည်။
မလေးရှားနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီး ထောင်မှလွတ်မြောက်လာသည့် နိုင်ငံခြားသားများအား အပြင်သို့ မလွှတ်သေးဘဲ စခန်းများတွင်သာ ထားရှိသည်။ ထိုစခန်းတွင် နေထိုင်နေစဉ် သက်ဆိုင်ရာသံရုံးများ၌ နိုင်ငံသားဖြစ်ကြောင်း CI လက်မှတ်တောင်းယူရမည်ဖြစ်သည်။ အဆိုပါ CI လက်မှတ်ရရှိပါက လေယာဉ်လက်မှတ်ဖိုး မလေးရှားငွေ ၄၃၅ ရင်းဂစ်နှင့် အခြားကုန်ကျစရိတ် ၂၁၅ ရင်းဂစ် စုစုပေါင်းရင်းဂစ် ၆၅၀ ပေးသွင်းမှသာ အမိနိုင်ငံသို့ ပြန်လာနိုင်မည်ဖြစ်သည်။
ထိုရင်းဂစ် ၆၅၀ မပေးသွင်းနိုင်ပါက လာခေါ်မည့်အလှူရှင်များနှင့် အစိုးရ၏ အခမဲ့အစီအစဉ်သာ စောင့်မျှော်နေရမည်ဖြစ်သည်။ ၂၀၁၃ အတွင်းက မလေးရှားနိုင်ငံ ဆာလာရမ်းဖြစ်စဉ်တွင် မြန်မာနိုင်ငံသား ၁၀ဦးခန့် အသတ်ခံရမှုဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်ကြောင့် မလေးရှားရောက် မြန်မာလုပ်သားများ၏ ဘ၀လုံခြုံမှုမရှိသောကြောင့် သီတဂူဆရာတော်ကြီး၏အစီအစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း MAI တို့ ပူးပေါင်းကာ မလေးရှားရောက် မြန်မာလုပ်သားများနှင့် စခန်းများတွင် နေထိုင်နေရသော မြန်မာနိုင်ငံသားစုစုပေါင်း ၃,၀၀၀ကျော်ကို အခမဲ့ခေါ်ဆောင်ပေးခဲ့ဖူးသည်။ သို့သော် ထိုင်းနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသား အများဆုံး သွားရောက်လုပ်ကိုင်သော မလေးရှားတွင် ထောင်နှင့်စခန်းများ၌ တရားမ၀င်မြန်မာလုပ်သားများမှာ ၀င်သူနှင့်ထွက်သူအမြဲရှိနေသည်။
‘‘MAIအနေနဲ့က လေယာဉ်အပိုင်းပေါ့နော်။ ဟိုမှာရှိတဲ့သူတွေ လေယာဉ်တစ်စီးစာရှိတယ်။ ထုတ်ပေးဖို့ရာ လုပ်ပေးမယ့်သူရှိတယ်ဆိုရင် အကြောင်းကြားပါ။ ပြန်ခေါ်မယ့်အစီအစဉ်ကတော့ ကျွန်မတို့အနေနဲ့ မပျက်သေးပါဘူး။ အရင်ကတော့ သီတဂူဆရာတော်ကြီးအဖွဲ့က ထုတ်ပေးတာပေါ့နော်။ ကျွန်မတို့က လေယာဉ်နဲ့ပတ်သက်လို့ကတော့ ခေါ်ဆောင်ပေးဖို့ရှိနေပါတယ်’’ဟု အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာကပြောသည်။
ယခုနှစ်အတွင်းတွင် စခန်းများရှိ မြန်မာနိုင်ငံသားများအား နိုင်ငံတော်အစီအစဉ်အဖြင့် ပြန်ပို့နိုင်ရန်စီစဉ်နေသည်ဟု မြန်မာသံရုံး ဒုအတွင်းဝန် ဦးတင်ဝင်းအောင်ကဆိုသည်။
၂၀၀၉ သြဂုတ်လမှစ၍ ၂၀၁၅ ဖေဖော်ဝါရီ ၂၃ရက် အထိ မလေးရှားနိုင်ငံ စခန်းများတွင် ထိန်းသိမ်းခံထားရသော ၁၉,၀၃၂ ဦးအား ပြန်လည်ပို့ဆောင်ပေးခဲ့ သည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖေဖော်ဝါရီ ၂၆ ရက်က သတင်းထုတ်ပြန်ထားသည်။
သို့သော်အစိုးရ၏ အခမဲ့အစီအစဉ်သည် ပြီးခဲ့သည့်လက လန်ကာဝီရေတပ်ပြပွဲသို့ သွားရောက်ပြသသော ဖရီးဂိတ်ရေတပ်သင်္ဘောမှ အပြန်တွင် စခန်းထဲမှခေါ်ဆောင်လာသော မြန်မာ ၁၀၂ ဦးသည် အစိုးရ၏ ပထမဆုံးအခမဲ့အစီအစဉ်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာလုပ်သားများအား ကူညီပေးနေသူများကဆိုသည်။
‘‘သံရုံးက ကမ့်ထဲကသူတွေ စာရင်းကောက်တယ်ဆိုတာ အခမဲ့ပြန်ပို့ဖို့မဟုတ်ဘူး။ ၆၅၀ပေးမှ ပြန်ပို့တာ။ အဲဒါကြောင့် ကမ့်ထဲမှာ မြန်မာတွေဒီလောက်များနေတာပေါ့။ စေတနာရှင်တွေ၊ အလှူရှင်တွေက ကူညီကြပါလို့ပဲပြောချင်တယ်’’ဟု ကိုကျော်စွာလင်းနှင့် ကိုကျော်ကျော်အား ဖရီးဂိတ်သင်္ဘောဖြင့် လိုက်ပါခွင့်ရရန် အကူအညီတောင်းခံစာတင်ခဲ့သော ကိုမျိုးညွန့်ကပြောသည်။
မလေးရှားရှိ မြန်မာသံရုံးက သံရုံးတာဝန်ရှိသူတစ်ဦးနှင့် စေတနာ့ဝန်ထမ်းနှစ်ဦးက စခန်း ၁၂ ခုသို့ သွားရောက်ကာ မြန်မာနိုင်ငံသားများ၏ ကိစ္စများကို ကူညီဆောင်ရွက်နေသည်ဟု ဆိုသော်လည်း ဘူဂစ်ဂျာလီစခန်းတွင် ကိုကျော်စွာလင်းနေရသည့် ရှစ်လအတွင်း မြန်မာသံရုံးမှ နှစ်ခါလာရောက်ကြည့်ဖူးကြောင်းပြောသည်။
‘‘သူများနိုင်ငံသံရုံးတွေ ခဏခဏလာတွေ့ကြတယ်။ အဲဒီလိုတွေ့တော့ သူ့နိုင်ငံသားတွေ ကမ့်တွေထဲမှာရှိနေတာ မကျန်တော့ဘူးပေါ့။ ကျွန်တော်တို့သံရုံးကမလာဘူး။ လာလို့မေးရင်လည်း ဖရီးတော့မရှိဘူး။ မင်းအမျိုးတွေဆီ ဆက်သွယ်လို့ပဲပြောတယ်’’ဟု ကိုကျော်စွာလင်းက အတွေ့အကြုံကိုပြောသည်။
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရသည်မှာ ခက်ခဲကြမ်းတမ်းလှသော်လည်း ပြည်တွင်း၌ လုပ်အားလစာနှင့် အလုပ်အကိုင်နည်းပါးခြင်းတို့က ပြည်ပသို့ ထွက်ခွာလုပ်ကိုင်နေရဆဲဖြစ်နေသည်။
စစ်တွေမြို့မှ မလေးရှားနိုင်ငံသို့ ကိုးနှစ်ကြာ သွားရောက်အလုပ်လုပ်ကိုင်သော ကိုကျော်ကျော်နှင့် ဝေါမြို့မှ မလေးရှားသို့ ခြောက်နှစ်ကြာ သွားရောက်အလုပ်လုပ်ကိုင်သော ကိုကျော်စွာလင်းတို့ ပြန်လာရာတွင် တူညီသောအရာက အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် ပြန်လာရခြင်းဖြစ်သည်။
‘‘မလေးရှားကို ဘယ်တော့မှ ပြန်မသွားတော့ဘူး’’ဟု ကိုကျော်စွာလင်းကပြောသည်။
7Day
No comments:
Post a Comment