Friday, April 3, 2015

ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွှတ်ပေးရေး လှည်းတန်းတွင် စတစ်ကာလှုပ်ရှားမှု ပြုလုပ်



ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ဧပြီ ၂ ရက်က လှည်းတန်းတွင် စတစ်ကာလှုပ်ရှားမှု ပြုလုပ်စဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောင်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်အတွက် ရန်ကုန်မြို့ လှည်းတန်းအနီးတစ်ဝိုက်တွင် ဧပြီ ၂ ရက် ညနေပိုင်းက စတစ်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

လူငယ် ၁၀ ဦးခန့်သည် ကျောင်းသားထုကို ၀န်းရံကြ၊ ကျောင်းသားထုကို လုံးဝအကြမ်းမဖက်ရ စသည်တို့ ရေးသားထားသော စတစ်ကာများကို လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းနှင့် လှည်းတန်းဈေး အနီးတစ်ဝိုက်ရှိ ဈေးဆိုင်များတွင် လိုက်လံကပ်ခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ကျောင်းသားလှုပ်ရှားမှုတွေ မရပ်နေအောင်၊ အမြဲရှိနေအောင်လုပ်တာပါ။ အခုလိုလုပ်လို့ ကျွန်တော်တို့ကို ပုဒ်မ ၁၈ နဲ့ အရေးယူဖို့လုပ်လည်း ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့က ထောင်ထဲမှာ ရောက်နေတဲ့ ကျောင်းသား လူငယ်တွေအတွက် ကိုယ်ချင်းစာစိတ်ထားလို့ ဒီလိုလုပ်ပါတယ်။ သာယာဝတီထောင်က ကျောင်းသားလူငယ်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အစိုးရကို တောင်းဆိုပါတယ်” ဟု စတစ်ကာ ကန်ပိမ်းပြုလုပ်နေသည့် ကဗျာဆရာ မောင်ဆောင်းခက ပြောကြားသည်။

လက်ရှိတွင် သာယာဝတီအကျဉ်းထောင်၌ အကျဉ်းကျခံနေရသော ကျောင်းသားနှင့် ပြည်သူ ၇၀ နီးပါးရှိနေသေးပြီး ပုဒ်မ-၅၀၅ (ခ) အပါအ၀င် ပုဒ်မငါးခုဖြင့် တရားစွဲဆိုထားကာ ၎င်းတို့ကို ဧပြီ ၇ ရက်တွင် တတိယအကြိမ် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

အခြားသတင်းတစ်ရပ် အနေဖြင့် ဒိန်းမတ်နိုင်ငံမှ ကျောင်းသားအချို့ ယင်းလှုပ်ရှားမှုတွင် မူလက ပါဝင်ရန်စီစဉ်ထားသော်လည်း သတင်းရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာသောကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ ယင်းလှုပ်ရှားမှုကို မီဒီယာအချို့ကိုသာ သိရှိစေရန် အကြောင်းကြားခဲ့သော်လည်း သတင်းတပ်ဖွဲ့ဝင်များ သိရှိသွားခဲ့ခြင်းဖြစ်ပြီး လှုပ်ရှားမှုမစတင်မီ တစ်နာရီခန့် အလိုကတည်းက လှည်းတန်းတွင် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ပံတန်းကျောင်းသား သပိတ်ကို ရဲတပ်ဖွဲ့က မတ် ၁၀ ရက်က အင်အားသုံးဖြိုခွဲခဲ့ပြီးသည့်နောက်ပိုင်း ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်းရှိ မြို့များတွင် ဖမ်းဆီးခံ ကျောင်းသားများအား ထောက်ခံကြောင်း၊ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည့်အပြင် နိုင်ငံတကာမှ ကျောင်းသားများကလည်း မြန်မာပြည်မှ ကျောင်းသားများအား ထောက်ခံကြောင်း ကမ်ပိန်းပြုလုပ်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment