Friday, April 3, 2015

အဓမ္မကျင့်ခံရကာ သေဆုံးသွားသည့် ဆရာမနှစ်ဦးအမှု မျက်မြင်ဟုယူဆရသူများကို ခေါ်မေးရန် ကေဘီစီ စီစဉ်


Kachin-Two-Ladies-Rape-Sadness-Commemorate-Yangon

ချင်းမိုင် (မဇ္ဈိမ)။ ။ အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့သော ကချင်ကျောင်းဆရာမ နှစ်ဦး၏ အမှုနှင့် ပတ်သက်၍ မျက်မြင်များဟု ယူဆရသူများကို တွေ့ဆုံ မေးမြန်းရန် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) က စီစဉ်နေသည်ဟု မူဆယ်မြို့နယ် မုံမောင်ဇုံနယ်မှ KBC အထွေထွေအတွင်းရေးမှူး ဇော်ရာက မဇ္ဈိမကို ပြောသည်။

လာမည့် ရက်သတ္တပတ်တွင် အဆိုပါ မျက်မြင်သက်သေ သုံးဦးအား KBC မှ စုံစမ်းစစ်ရေးအဖွဲ့က တွေ့ဆုံရန် စီစဉ်နေပြီး အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေသည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ရွာသားတွေ အားလုံးကို မေးမြန်းပြီးသွားလို့ လောလောဆယ်က ကျွန်တော်တို့ တွေ့ရှိချက်နဲ့ ဒီမှာဘယ်သူက လုပ်ခိုင်းတယ်။ ဘယ်သူက သတ်တယ်ဆိုတာကိုသိတဲ့ ကျွန်တော်တို့ ယူဆတဲ့ မျက်မြင် နှစ်ဦး သုံးဦးလောက်ရှိတယ်။ အဲဒါကို ကျွန်တော်တို့ သူတို့ကို မေးမြန်းနေတယ်။ တချို့က မပြောသေးဘူး။ ကျွန်တော်တို့က နည်းအမျိုးမျိုးနဲ့ မေးမြန်း စစ်ဆေးနေတယ်။ နောက်တစ်ပတ်မှာ သူတို့နဲ့ တွေ့ဖို့ စီစဉ်နေတယ်”ဟု ၎င်းက ပြောသည်။

KBC မှ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးနေသဖြင့် အစိုးရဘက်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးမှုများ ရပ်ထားသည်ဟု ၎င်းက ပြောသည်။ “ရဲတပ်ဖွဲ့က ကျွန်တော်တို့ ဝင်လာတော့ သူတို့ ရပ်ထားတယ်။ ဒါပေမဲ့ သူတို့ မေးမယ့်လူတွေက ထွက်ပြေးသွားတော့ အဲဒီလူတွေကို ဘယ်လို တွေ့မလဲဆိုတော နည်းလမ်းရှာနေတယ်” ဟု ဇော်ရာက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် အဓမ္မကျင့်ကာ သတ်ဖြတ်ခံရသော KBC ၏ ပညာရေးဌာနမှ စေလွှတ်ထားသည့် ကျောင်းဆရာမ နှစ်ဦးအမှုအတွက် KBC ၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဒေသခံ ရှေ့နေများ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ အပါအဝင် ၁၅ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မတီကို ဖေဖော်ဝါရီလ ၄ ရက်က ဖွဲ့စည်းထားသည်။

ထိုကျောင်းဆရာမ နှစ်ဦးသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် ညသန်းကောင်ယံကျော် အချိန်တွင် ၎င်းတို့ နေထိုင်ရာ ကောင်းခါးကျေးရွာရှိ KBC ၏ ဘုရားကျောင်းဝင်း အိမ်ရာတွင် မတရားပြုကျင့် အသတ်ခံရ ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားချိန်တွင် အစိုးရ စစ်တပ်စစ်ကြောင်းများ ကောင်းခါးကျေးရွာတွင် အခြေချခဲ့သော်လည်း လက်ရှိတွင် အစိုးရ စစ်တပ်များ ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း ကောင်းခါးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“စစ်တပ်က ထွက်သွားတာ ကြာပြီ။ ဇန်နဝါရီလ တလကျော်နေပြီးတော့ ထွက်သွားတယ်။ အခု လောလောဆယ် လားရှိုးဘက်က ရှေ့နေတွေ လာပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းတာတွေတော့ ရှိတယ်။ ဆရာတွေက စစ်တပ် ရှိနေရင် ရွာသားတွေ မပြောရဲဘူး ဖြစ်မှာဆိုလို့ ပြောလိုက်တော့ စစ်တပ်က ထွက်သွားတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

Mizzima 

No comments:

Post a Comment