ကျွန်တော်က အကောင်းမြင်ဝါဒ သမား ဖြစ်သည်။ သဘောထား ပျော့ပျောင်းသူလည်း ဖြစ်သည်။ ထို့ကြောင့် သမိုင်းအရ ဖြစ်ပေါ် လာသည့် စစ်တစ်ပိုင်းအစိုးရလို့ပဲ ပြောပြော၊ တစ်မတ်သား အစိုးရလို့ပဲဆိုဆို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ကျွန်တော် လေးစားသည်။ ယုံကြည်သည်။ မျှော်လည်းမျှော်လင့်ထားသည်။
ပွဲဦးထွက်မှာ နိုင်ငံတော် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တွဲထွက်လာတော့ တို့နိုင်ငံဖြင့် ဒီတစ်ခါ ၀မ်းသာစရာ တွေနဲ့ ချည်းကြုံရတော့မှာပါလား တွေးမိပြီး ကျွန်တော့်လောက် ပျော်သူရှိလိမ့်မည်ပင် မထင်။ ပြည်သူတွေလည်း ထိုနည်းလည်းကောင်း ဖြစ်မိကြမှာ သေချာသည်။ ဘာကြောင့်ဆို ကျွန်တော်က နိုင်ငံရေးသမား ပေါက်စတစ်ယောက်အနေနှင့် ထောင်ထဲလည်း တစ်သက်တစ်ကျွန်းခံခဲ့ပြီးပြီ။ ပြည်သူတွေလည်း ပင်ပန်းလှပြီ။ တိုင်းပြည်လည်း ဆင်းရဲလှပြီ။ အဲဒီတွင်းနက်ကြီးထဲကနေ နိုင်ငံတော် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ပြိုင်တူဆွဲတင်ကြလျှင်မကြာမီအတွင်း တို့မြန်မာနိုင်ငံကြီး လူနဲ့တူတူသူနဲ့တန်တန်နေနိုင် ကြတော့မှာပါလား မျှော်ရင်း ပျော်ခဲ့ကြသည်။
သို့သော် ရွှေပြည်တော်က မျှော်တိုင်းလိုလို ဝေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က လေး ပွင့်ဆိုင်ပြီး ဆွေးနွေးကြရအောင် ပါ ဆိုသည်။ သမ္မတကြီးက ခေါင်းခါပြသည်။ ခြောက်ပွင့်ဆိုင်ကြရ အောင်ပါ ဆိုသည်။ သမ္မတကြီး တို့က ခေါင်းခါပြသည်။ ၁၂ ပွင့် တွေ၊ ၄၈ ပွင့်တွေ ရှုပ်လာသည်။ သမ္မတကြီးတို့က ခေါင်းခါနေကြ ဆဲ ဖြစ်သည်။
တကယ်တော့ မြန်မာနိုင်ငံ အခြေအနေ သမိုင်းကြောင်း ပွေ လီမှုတွေက ထိပ်သီးချင်း မဆွေး နွေးကြဘဲ၊ အပေးအယူတွေ မလုပ်ကြဘဲ၊ မတွေ့ဆုံကြဘဲ ပြီးဆုံးသွားနိုင်လိမ့်မည်ဟု ကျွန်တော် ဘယ်တုန်းအခါကမျှ မယုံကြည်ခဲ့။ အတိုက်အခံတွေအာဏာရတွေ မပြောကြစတမ်း နှစ်ဦးနှစ်ဖက် ချစ်ချစ်ကြည်ကြည် အပေးအယူတွေ မမျှသရွေ့ တို့နိုင်ငံဘယ်တော့မှ အေးချမ်းနိုင်လိမ့်မည်မဟုတ်ဟု ခိုင်မြဲစွာယုံ ကြည်နေမိသည်။
တွေ့ဆုံဆွေးနွေး အဖြေရှာ ရေးဆိုသည်ကို ရှစ်လေးလုံး ကာ လကတည်းက ဒေါ်အောင်ဆန်း စုကြည် တဖွဖွ တောင်းခဲ့သည်။ မရခဲ့။ ၉၀ ရွေးကောက်ပွဲ အဖြေ ပေါ်သည် တုတ်တုတ်မျှ မလှုပ်ခဲ့။ သည်နောက်ပိုင်း နိုင်ငံရေး တိုက်ပွဲတွေ ပြင်းထန်လာသည် ငါတို့က ဘာဂရုစိုက်စရာရှိလဲ။ ငါတို့လက်ထဲမှာ သေနတ်ရှိသည်။ သေနတ်ရှိလျှင် အာဏာရှိသည်။ အာဏာရှိလျှင် လုပ်ချင်တာ လုပ်လို့ရသည်ဆိုသည့် စိတ်ဖြင့် ကိုယ့် မြင်းကိုယ်စိုင်းခဲ့ကြသဖြင့် တိုင်း ပြည်လည်း ပြာပုံထဲ ထိုးဆင်းသွား သည်။ ဒါကို ဘယ်မှတ်တမ်းမှာပဲ ကြည့်ကြည့် မေ့ပစ်ရမည့်အ ကြောင်းတွေ မဟုတ်တာ သေချာ သည်။
သည်တုန်းမှာ ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံ့အကျိုးစီး ပွားအတွက်သာဆိုလျှင် သူ့ကို ဘယ်လိုပဲ အသုံးချချ ခံမည်ဆို သည့် ခံယူချက်ဖြင့် ပါတီမှတ်ပုံ တင်သည်။ ၂၀၁၂ မှာ ကြားဖြတ် ရွေးကောက်ပွဲဝင်သည်။ လွှတ် တော်ထဲ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ အတိုက်အခံ အင်န် အယ်လ်ဒီမှ ၄၃ ဦးဝင်သွားကြ သည်။ တစ်မျိုးပြောလျှင် ပူးပေါင်းလိုက်ကြသည်။
ရည်ရွယ်ချက်က ဒီမိုကရေစီ ဖွဲ့စည်းပုံမဟုတ်သည့် ၂၀၀၈ ဥပဒေကို ပြင်ဖို့။
သည်ဥပဒေကို ပြင်လိုလျှင် ခေါင်းဆောင်ချင်းတွေ ခေါင်းချင်း မဆိုင်လို့ မရ။ အပေးအယူ၊ အ လျှော့ အတင်းတွေ မလုပ်ကြလို့မရ။ အပြန်အလှန် ချစ်ကြည်နားလည်မှုတွေ မတည်ဆောက် ကြ လို့ မရ။ သည့်အတွက် လေးပွင့်ဆိုင်ဟု ဒေါ်စုက တောင်းဆိုသည်။ သမ္မတကြီးတို့က ခေါင်းခါပြသည်။ သည်တော့ ကျွန်တော့် စိတ်ထဲ တို့များနိုင်ငံဟာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ယဉ်ကျေးမှု မထွန်းကားသေးတဲ့ နိုင်ငံထင်ပါရဲ့။ ကမ္ဘာကြီးရဲ့အစနားမှာ အားကြီးသူသာ အနိုင်ယူစတမ်း စိတ်မျိုးမှ တစ်လက်မ မရွေ့ဟု အားငယ်နေမိသည်လည်း အမှန်ပင် ဖြစ်သည်။
သို့နှင့် ကျောင်းသားလေး တွေက သပိတ်တိုက်ပွဲဆင်နွှဲပြီး သူတို့ ပညာရေးမူဝါဒစနစ်ကို ပြင် ပေးပါမည့်အကြောင်း တောင်းဆို လာသည်။ အာဏာတောင်းတာ မဟုတ်။ ဒီမိုကရေစီနိုင်ငံသို့ အ မှန်တကယ် သွားမည်ဆိုလျှင် ဆန္ဒပြပွဲတွေကို ကြောက်နေလို့ မရ။ ကြည့်မရလို့ မဖြစ်။ သို့သော်လက်နက်ဆို အပ်တိုတစ်ချောင်းပင် မပါကြသည့် ကျောင်းသားလေးတွေကို နံပါတ်တုတ်တွေနှင့် မတန်တဆ ရိုက်ပြီး လူစုခွဲပစ်လိုက်ကြသည်။ ခုထိလည်း အငြိုးအတေးကြီးစွာဖြင့် တရားတပေါင်တွေ စွဲပြီးထောင်ဒဏ်နှစ်ရှည်တွေချဖို့ ပြင်နေသည်။
ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမမှာ သဘောတူထားသည့် သဘောတူညီချက်တွေလည်း ဘယ်ရောက်ကုန်သည် မသိ။ ရန်ကုန်တိုင်း လွှတ်တော်ထဲမှာ သဘောတူထားကြသည့် လေး ပွင့်ဆိုင် သဘောတူညီချက်တွေ လည်း အားလုံးပြာကျသွားတော့ သည်။ ခုတော့ ကျောင်းသားလေး တွေမှာ အချုပ်ခန်း သံတိုင်တွေ နောက်မှာ၊ ထောင်ထဲမှာ ...။
ခုတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုသည့် ဆေးနည်း ကောင်းကြီးက ကျွန်တော်တို့ နိုင်ငံထဲမှာ ဆေးမတည့်သလို ဖြစ် လာသည်လားမသိ။ သည်အတွက် ဖြင့် ကျွန်တော်ရော ပြည်သူ တွေပါ အားလုံးအလွန်ဝမ်းနည်း မိကြသည်။
ကျွန်တော်တို့ နိုင်ငံသည် တွေ့ဆုံဆွေးနွေးပွဲကို မဖြတ်သန်း ဘဲနှင့် ဒီမိုကရေစီလမ်းပေါ်ကို ဘယ်လိုနည်းနှင့်မျှ မရောက်နိုင် ဟု ခိုင်ခိုင်မာမာ ကျွန်တော်ယုံ ကြည်နေဆဲ ရှိသည်။
အားကြီးသူနိုင်စတမ်း ကမ္ဘာ ဦးခေတ်ကုန်ဖို့ ကောင်းလှပြီ။
ကျွန်တော်တို့ ပြည်သူအ များတကာ့ အများစုကြီးက ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရော တပ်မတော်ကြီးကိုပါ ချစ် ချင်ကြသည်။ ကိုယ့်တိုင်းပြည်ထဲ မှ ကိုယ့်ခေါင်းဆောင်တွေကို မချစ်နိုင်စရာ ဘာမျှမရှိ။ နိုင်ငံတော် သမ္မတကြီးသာ တိုင်းသူ ပြည်သားတွေအတွက် တကယ် လုပ်လျှင် သမ္မတကြီးပါး သမ္မတကတော် နမ်းဖို့ မကျန်နိုင်လောက်အောင် ပြည်သူတွေက ၀ိုင်းနမ်းကြမှာ သေချာသည်။
ခုတော့ လုပ်ပုံတွေက မဟုတ်ကြဘူးလား ထင်သည်။ ကျောင်းသားလေးတွေကို ကိုင်တွယ်ပုံကိုကြည့်လျှင် အရင်ကအကျင့်တွေ မဖျောက်နိုင်ကြသေး ဘူးပဲထင်သည်။
သည်တုန်း အချိန်မှာဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဥပဒေကို ပြင်ဆင်ဖို့ မစဉ်းစားကြလျှင် ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းကို နည်းလမ်းသွယ်တစ်ခုအဖြစ် စဉ်းစားစရာ ဖြစ်သည်ဆိုသည့် စကားကြားရသည်။
တိုင်းပြည်အတွက်ဆို ကျွန်မကို လိုအပ်သလို အသုံးချ နိုင်ပါသည်ဟု ဆန္ဒအမွန်ဖြင့် လွှတ်တော်ထဲဝင်ခဲ့သည်။ အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုး ရန်သူတွေမဟုတ်အောင် နိုင်ငံအတွက် ၀န်ထမ်းဖက်တွေဖြစ်အောင်ဒေါ်စုဆောင်ရွက်ခဲ့သည်။
သည်ကိစ္စအတွက် အချို့နိုင်ငံရေးသမားကြီးတွေကပင်ဒေါ်စုကို ၀ိဓူရသခင်ချစ်မောင်၏ ခွေးကတက်နိုင်ငံရေးနှင့်ပင် ခိုင်းနှိုင်းပြောဆိုသည်ထိ ရင်ထု မနာဖြစ်လာကြသည်။ သူတို့တွေက ဒေါ်စုတန်ဖိုးကိုသိကြသည်။ သမ္မတကြီးတို့ကလည်း သိသည်။ ဒေါ်စုနှင့်ပင် လုပ်စားကိုင်စားခဲ့ကြပြီးပြီ။
ခုတော့ အဆင်မပြေကြ တော့သည်လား မသိ။ ဒေါ်စုထံမှ ရွေးကောက်ပွဲ သပိတ်မှောက်ရေး အသံထွက်လာသည်။
သူတို့က နောက်ကြောင်း ပြန်လှည့်နေသလို ဖြစ်လာသည့် အခါ ဒေါ်စုထံမှ သည်အသံထွက် လာတာပဲ ဖြစ်မည်။
တိုင်းပြည်က အမှောင်ထဲ ပြန်ဝင်တော့မလို့လား စိုးရိမ်စရာ တွေ ဖြစ်လာသည်။
ပြည်သူ ငါးသန်းလက်မှတ် ထိုးထားသည်ကို လွှတ်တော်ထဲ ပြောတော့လည်း တုံဏှိဘာဝေ လုပ်နေကြသည်။ မသိသလို လုပ် နေကြသည်။ ဒေါ်စုကို ကြံချောင်း တစ်ချောင်းလို သူတို့လိုချင်တာ ညှစ်ယူလို့ကုန်တော့ အရေးမပါ တော့သယောင် လုပ်လာနေသ လား မြင်လာရသည်။
သည်အချိန်မှာ ရွေးကောက် ပွဲ သပိတ်မှောက်ရေး လမ်း ကြောင်းသံ ထွက်လာသည်။
ရွေးကောက်ပွဲကို အဓိက နိုင်ငံရေးပါတီကြီးနှင့် ကမ္ဘာကလေးစားတန်ဖိုးထားသည့် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမ၀င်လျှင် ဘာတွေဖြစ်လာနိုင်သည်ကို လေးငါးနှစ်သား ကလေးပင် တွေးတတ်လိမ့်မည် ထင်သည်။
ကျွန်တော်တို့ ပြည်သူတွေ က အဲ့သည်လို အခြေအနေမျိုးကို ဘယ်သူမျှ ပြန်မသွားချင်ကြ။
သည်အချိန်တွင် ခြောက်ပွင့် ဆိုင် ဆွေးနွေးပွဲ ဧပြီ ၁၀ ရက်နေ့လုပ်မည်ဟု ဦးရွှေမန်းပြော ကြောင်း ကြားလာရပြန်သည်။
ဘာ့ကြောင့်များ သည် လောက်အရေးပါသည့်ကိစ္စကို သမ္မတကြီး၏ ရွှေနှုတ်တော်က မဟဘဲ ဦးရွှေမန်းနှုတ်က ဟလာရ တာပါလဲ။ အခြေအနေတွေက တိုင်းရေးပြည်ရေး ပေါက်နှင့် ကျေးလားလည်း မသိ။ ပြည်သူတွေကတော့ ဘာပဲဖြစ်ဖြစ် နောက်ကိုဖြင့် မပြန်ချင်ကြတော့။ တိုင်းပြည်လည်း ဖွတ်ဖွတ်ညက်ညက် ကြေနေကြပြီ။
နိုင်ငံတော်သမ္မတကြီးတို့ရဲ့ စစ်ပြန်စစ်မှုထမ်းဟောင်း အစိုးရ လို့ပဲပြောပြော၊ လူဝတ်လဲ အစိုးရ လို့ပဲ ဆိုဆို၊ စစ်တစ်ပိုင်းအုပ်ချုပ် ရေးလို့ပဲ ပြောပြော ပြည်သူတွေ ကတော့ နိုင်ငံတော်အစိုးရကို လည်း ချစ်ချင်ကြသည်။ တပ်မ တော်ကြီးကိုလည်း ချစ်ချင်ကြ သည်။ တစ်တိုင်းပြည်လုံးမှာ စစ် သံ၊ သေနတ်သံတွေ ကင်းပြီး တိုး တက်သည့် နိုင်ငံတော်ကြီးဖြစ် အောင် အတိုက်အခံရော စစ် တစ်ပိုင်းအစိုးရတို့ပါ တညီတ ညွတ်တည်း လုပ်ကြလျှင် မကြာ မီ ဆင်းရဲတွင်းမှ လွတ်နိုင်ကြ လိမ့်မည်ဟု ပြည်သူတွေက အကြွင်းမဲ့ယုံကြသည်။
ပြည်သူတွေက ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ ပါးကိုရော နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ၏ ပါးကိုပါ ၀ိုင်းနမ်းချင်နေကြ သည်။
ငါ့မှာသေနတ် ရှိသည်။ သေ နတ်ရှိရင် အာဏာရှိသည်။ နိုင်ငံ ရေးအာဏာဆိုတာ သေနတ် ပြောင်းဝက ထွက်သည်။ အင် အားကြီးသူသာ အနိုင်ရသည်ဆို သည့် စိတ်တွေကို ဖျောက်ပေးကြ ပါတော့လို့ ပြည်သူတွေက မျှော် လင့်နေကြသည်။
သမ္မတကြီးကတော်ကြီး နမ်းဖို့ မကျန်လောက်အောင် ပြည်သူ တွေက နမ်းပါရစေ စောင့်နေကြ ပါကြောင်း နှစ်သစ်အကူးမှာ တင် ပြလိုက်ရပါသည်။ ။
7Day
No comments:
Post a Comment