Wednesday, April 8, 2015

ရေနီမြို့ SUMEC အထည်ချုပ်စက်ရုံပိုင်ရှင်က အလုပ်သမားများအား လုပ်အားခ တစ်ရက်လျှင် ကျပ် ၁၀၀ သာ တိုးမြှင့်ပေးပြီး ကျေနပ်မှုမရှိပါက အလုပ်ထွက်ခွင့်ပြုထားကြောင်း သိရ


ရေနီ SUMEC အထည်ချုပ်အလုပ်သမားများ လုပ်အားခတိုးမြှင့်ရရှိရေး စက်ရုံဝင်းအတွင်း ဆန္ဒပြနေသည်ကို ဧပြီ ၆ ရက်က တွေ့ရစဉ်
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရေနီမြို့ SUMEC အထည်ချုပ်စက်ရုံပိုင်ရှင်က အလုပ်သမားများအား လုပ်အားခတစ်ရက်လျှင် ကျပ် ၁ဝဝ သာ တိုးမြှင့်ပေးပြီး ကျေနပ်မှုမရှိပါက အလုပ်ထွက်ခွင့်ပေးထားကြောင်း ဆန္ဒပြအလုပ်သမားများထံမှ သိရသည်။
 
အထည်ချုပ်လုပ်သား ၇ဝဝ ခန့် တောင်းဆိုထားသည့် အခြေခံလစာ ကျပ် ၆ဝဝဝဝ အစား ကုမ္ပဏီပိုင်ရှင်က တစ်ရက်လျှင်ကျပ် ၁ဝဝ နှုန်းဖြင့် (တစ်လကျပ် ၃ဝဝဝ) သာ တိုးပေးထားပြီး အလုပ်သမားများဘက်မှ အဆိုပါ တိုးမြှင့်လစာ လက်ခံခြင်းမရှိပါက အလုပ်ထွက်ခွင့်ပေးထားကြောင်း အလုပ်သမားခေါင်းဆောင် ကိုပြည့်စုံအောင်က ပြောကြားသည်။
 
ကိုပြည့်စုံအောင်က “ကျွန်တော်တို့ တောင်းဆိုထားတဲ့ အခြေခံလစာ ကျပ် ၆ဝဝဝဝ တိုးမပေးဘဲ ကျပ် ၃ဝဝဝ ပဲ တိုးပေးတယ်။ ကျွန်တော်တို့ တောင်းထားတာနဲ့ အများကြီးကွာနေတယ်။ အခု ကျွန်တော်တို့က လက်မှတ်မထိုးသေးဘူး။ အလုပ်သမားအားလုံးကလည်း သဘောမတူဘူး။ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲဆိုတာ မစဉ်းစားရသေးပါဘူး” ဟု ပြောကြားသည်။
 
ဧပြီ ၄ ရက်မှ စတင်ကာ အထည်ချုပ်လုပ်သား ၇ဝဝ ခန့်မှ အခြေခံလစာကျပ် ၆ဝဝဝဝ ရရှိရေးအတွက် စက်ရုံဝင်းအတွင်း အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုခဲ့ပြီး ဧပြီ ၇ ရက်အထိ ၎င်းတို့တောင်းဆိုထားသည့် လစာ မရရှိသောကြောင့် စက်ရုံဝင်းအတွင်း ဆက်လက်ဆန္ဒပြလျက်ရှိကြောင်း သိရသည်။
 
ရေနီအုပ်ချုပ်ရေးမှူးက “ကလေးတွေတောင်းထားတဲ့ လစာက အခုအချိန်အထိ မရသေးပါဘူး။ ကုမ္ပဏီဘက်တစ်ရက်ကို ၁ဝဝ တိုးပေးထားတယ်။ ဒါကို ကလေးတွေအနေ နဲ့ သူတို့တောင်းတဲ့ အနည်းဆုံးလစာမရရှိလို့ ဆက်ပြီး ဆန္ဒပြမယ်ဆိုရင်လည်း ကလေးတွေ သဘောပါပဲ။ ကျွန်တော်တို့လူကြီးတွေအနေနဲ့က ကလေးတွေနဲ့ စက်ရုံကြား မဖြစ်သင့်တာမဖြစ်ရအောင် လာရောက်စောင့်ကြည့်နေတာပါ” ဟု ပြောကြားသည်။
 
အထည်ချုပ်စက်ရုံ အလုပ်သမား၏ ခေါင်းဆောင်များနှင့် စက်ရုံမှ တာဝန်ရှိသူများသာ လစာတိုးမြှင့်ခြင်းကို ညှိနှိုင်းဆောင်ရွက်နေခြင်းမှာ တရားမျှတမှုမရှိကြောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ အဆိုပါ လစာတိုးမြှင့်တောင်းခံခြင်းအား ဝင်ရောက်ဆွေးနွေး ညှနှိုင်းဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် အလုပ်သမားများဘက်မှသာ နစ်နာမှုရှိကြောင်း အလုပ်သမားများ၏ မိဘများက ပြောကြားသည်။
 
အဆိုပါ အထည်ချုပ်အလုပ်သမားများမှာ လက်ရှိအခြေခံလစာကျပ် ၁၅ဝဝဝ မှ အမြင့်ဆုံး ကျပ် ၃၅ဝဝဝ သာ ရရှိသည့်အတွက် စားဝတ်နေရေး အဆင်မပြေမှုများ ရှိနေသည့်အပြင် အစိုးရဝန်ထမ်း အနိမ့်ဆုံး လစာကျပ် ၁၂ဝဝဝဝ အထိ တိုးမြှင့်လိုက်ခြင်းကြောင့် အထည်ချုပ်အလုပ်သမားများက ယခုလို အနိမ့်ဆုံးလစာ ကျပ် ၆ဝဝဝဝ သတ်မှတ်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။
 
SUMEC အထည်ချုပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် သုံးနှစ် စာချုပ်ရသည့်အပြင် အလုပ်သမားများ၏ မှတ်ပုံတင်ကိုပါ ကုမ္ပဏီမှ သိမ်းယူထားကြောင်း၊ စာချုပ် ချုပ်ဆိုထားသည့် သုံးနှစ်အတွင်း အလုပ်ထွက်သွားပါက ကုမ္ပဏီသို့ ငါးသိန်း ပေးလျော်ရမည်ဖြစ်ကြောင်း၊ အလုပ်လုပ်ချိန်တွင်လည်း ပုံမှန် နံနက် ၇ နာရီမှ ညနေ ၄ နာရီ အထိ သတ်မှတ်ထားသော်လည်း နေ့စဉ် ည ၈ နာရီအထိ အလုပ်ဆင်းရပြီး အချိန်ပိုကြေးအဖြစ် တစ်နာရီလျှင် ကျပ် ၂ဝဝ သာရရှိကြောင်း၊ အလုပ်သမားများမှာ ကျန်းမာရေးကြောင့် ခွင့်တစ်ရက်ပျက်ပါက ဒဏ်ငွေအဖြစ် ကျပ် ၃ဝဝဝ မှ ကျပ် ၅ဝဝဝ အထိ ပေးဆောင်ရကြောင်း အလုပ်သမားများထံမှ သိရသည်။
 
Writer: 
နေရိုင်း၊ ဇေယျာထွန်း

Eleven Media Group

No comments:

Post a Comment