Monday, May 11, 2015

တောင်သမန်ရွှေအင်းက သေမင်းခေါ်ပြန်တော့

MYANMAR/

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုံးက မန္တလေးမြို့အနီး အမရပူရမြို့နယ်ထဲက တောင်သမန်အင်းမှာ ငါးတွေ အစုလိုက် အပြုံလိုက်သေဆုံးမှု တတိယအကြိမ်ဖြစ်ခဲ့ပွားခဲ့တဲ့ သတင်းကို ဖတ်လိုက်ရတယ်။ အပုပ်နံ့တထောင်းထောင်း ယင်တလောင်းလောင်းနဲ့မို့ အင်းအနီးတ၀ိုက် နေထိုင်သူတွေ၊ အင်းကိုအမှီပြု နေထိုင်စားသောက်နေရသူတွေတော့ အနံ့ဆိုးတွေ ဒဏ်ခံကြရပေမပေါ့။ ဒါနဲ့ ဆရာမြသန်းတင့်ရဲ့ နာမည်ကျော်တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ ဆိုတဲ့ စာအုပ်ခေါင်းစဉ်လေး ဖြတ်ခနဲ ခေါင်းထဲဝင်လာလို့ ဒီဆောင်းပါးလေးကို တောင်သမန် ရွှေအင်းက သေမင်းခေါ်ပြန်သော်လို့ အမည်တပ်လိုက်တယ်။

အထက်အညာမန္တလေးကိုအလည်ရောက်လာတဲ့ ပြည်တွင်းခရီးသွားတွေသာမက ပြည်ပခရီးသည် နိုင်ငံခြားသားတွေအထိ တောင်သမန်အင်းတ၀ိုက်ကို တခုတ်တရ လာရောက်ကြည့်ရှုကြတာ အကြောင်းမဲ့သက်သက် မဟုတ်ဘူး။ မှိုင်းပြပြ ရှမ်းရိုးမ တောင်တန်းကြီးကို နောက်ခံထားပြီး မှုံနေအောင် လှတဲ့သူမနဲ့သူမရဲ့ ၀န်းကျင်ရှုခင်းအလှက ဘယ်အချိန်ကြည့်ကြည့် မရိုးအောင်လှနေတာကိုး။
တောင်သမန်အင်းက ရေဖွေးဖွေးနဲ့မှလှတာ မဟုတ်ဘူး။ အရင်တုန်းကအင်းထဲမှာ ရေအမြဲရှိတာ မဟုတ်ဘူး။ မိုးတွင်းမှာသာရေရှိတာ။ နွေနဲ့ဆောင်းတွင်းရေကျချိန်ဆို ယာခင်းလေး စိုက်ခင်းလေးတွေနဲ့တမျိုး လှတာ။ နွေဦးပေါက်ချိန်သွားကြည့်လိုက် အင်းစောင်းတ၀ိုက် အနီးအနားက လက်ပန်ပင်ကြီးတွေက ပင်လုံးကျွတ်ရဲရဲနီ အောင်ပွင့်ပေးကြတော့ ပါးနီ ပအို့နီ တို့ထားတဲ့ အပျိုမလေးရှက်သွေးဖြန်းတဲ့ အလှမျိုး။
ဟောဆောင်းတွင်းကျတော့ နှင်းပုဝါ မြူပ၀ါပါးလေးခြုံ ခိုက်ခိုက်တုံလှနေပြန်ရော။ စိမ်းစိမ်းစိုစို ယာခင်းလေးတွေ အစီအရီ ယာတဲလေးတွေက မီးခိုးတအီအီကြား မျောလွင့်ပြီး လှနေတတ်တာ အရင်တုန်းကပါ။ ခုတော့ရေကျ မသွားအောင် ဧရာဝတီမြစ်ရေကို တနှစ်လုံးပေါက် သွင်းလိုက်တော့ ရေသေလိုဖြစ်သွားတာ မဟုတ်လား။ အဲ့ဒီသဘာဝ အလှတွေအပြင် သမိုင်းတခါးချပ်ကို ဖွင့်ပြနေတဲ့ နှစ်ပေါင်းရာချီကျော်သက်တမ်းရင့်နေတဲ့ ခြေတန်ရှည် ဦးပိန်တံတားအိုကြီးရဲ့ အင်းလယ်မှာဖြတ်သန်းနေတဲ့ ကောက်ကြောင်းအလှကတော့ ကမ္ဘာ ကျော်နေပါပြီ။
တောင်သမန်အင်းကို လူတွေစိတ်ဝင်စားစေတဲ့ အကြောင်းအရာတွေထဲမှာ အဓိက အကြောင်းတချက်က အင်း ပတ်ပတ်လည်မှာရှိတဲ့ ကြီးလေးကြီးလို့လူသိများတဲ့ ဘုရားကြီး လေးဆူပါ။ အမရပူရခေတ်၊ ရတနာပုံခေတ် ပန်းဆယ်မျိုး လက်မှုအနုပညာ တွေပြည့်နှက်နေတဲ့ ကျောက်တော်ကြီး၊ ရွှေဂူကြီး၊ တောင်မင်းကြီး၊ ပုထိုး တော်ကြီး စတဲ့ဘုရားလေးဆူဖြစ်ပါတယ်။ အလွန်အချိုးအစားကျနတဲ့ မနုဿီဟရုပ်တုတွေကို တောင်သမန်အင်းတဖက် ကမ်းမှာရှိတဲ့ကျောက်တော်ကြီး (မဟာသကျရံသီ၊ ၁၈၅ဝ ခုနှစ်) မှာတွေ့မြင်နိုင်ပါတယ်။
အဲ့ဒါအပြင် တောင်သမန်အင်းဇောင်းမှာ တရားရိပ်နဲ့အေးမြသာယာလှတဲ့ သာသနာ့ အာဇာနည်အကျော် အရှင်ဇနကာဘိဝံသ ခန္ဓာဝန်ချခဲ့ရာဌာနဖြစ်တဲ့ မဟာဂန္ဓာရုံ ကျောင်းတော်ကြီးလည်း တည်ရှိနေတယ်လေ။ မနက်ဆည်းဆာ အာရုဏ်သန်းချိန်ဆို အရှေ့ရိုးမတောင်တန်းတွေဆီက ပြိုကျလာတဲ့ရောင်နီတွေတို့ထိ ထားတဲ့နောက်ခံကားမှာ တံတား၊ ထန်းပင်၊ စေတီ ဟန်ချက်ညီအောင်လှတာ။ တောင်သမန်ဟာ နေညိုချိန်မှာလည်း တမျိုးလှတာပါ။ ညှို့နေတဲ့ မယ်ဇယ်ပင်တန်းအုပ်တွေ၊ ခပ်ဝေးဝေးက အိပ်တန်းပျံငှက်တအုပ် စစ်ကိုင်းတောင်ပေါ်မေးမြှုပ်နေတဲ့ နေလုံးနီနီက ပန်းချီဆရာမှ တောင်ထိုင်ဆွဲချင်စိတ် ပေါ်ပါ့မလား မသိဘူး။
ခုတော့လည်း အဲဒီလိုလှတဲ့ တောင်သမန်အပျိုမဟာ ကိုယ်ရေပျက်ရောဂါ ကုဌနူနာစွဲသလို လူသားတွေရဲ့ ပရောဂနဲ့ရေမသန့် စင်တော့တဲ့ ရေဆိုးအင်းကြီး၊ အင်းပုပ်ကြီးဖြစ်သွားတာကတော့ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ တသုန်သုန်ဖြေူးဖြူးတိုက်နေတဲ့ လတ်ဆတ်အေးမြတဲ့ အင်းလေပြေအစား ငါးညှီပုပ်နံ့  တထောင်းတောင်းထသွားခဲ့ရတာ ဘာကြောင့်ပါလဲ။
ငါးတွေဘာကြောင့်သေရသလဲ
11202690_691177144343872_290081664_oရေမှာပျော်လို့ရေမှာနေတဲ့ငါး ရေမှာမနေနိုင်ဘဲ ရေမှာသေကြရတာ ဘာကြောင့်ပါလဲ။ အဖြေကရှင်းရှင်းလေးပါ။ တောင်သမန်ရေဟာ ငါးတွေရှင်သန်လို့ မရအောင် အောက်ဆီဂျင် ပါဝင်မှုလျှော့ကျပြီး ညစ်ညမ်းသွားလို့ပါ။ ငါးဆိုတာ တခြားသက်ရှိသတ္တ၀ါတွေလို သူတို့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ရှင်သန်လှုပ်ရှားနိုင်ဖို့ လိုအပ်တဲ့ စွမ်းအင် (Energy) ထုတ်လုပ်နိုင်ဖို့  အောက်ဆီဂျင်လိုအပ်ပါတယ်။
ရေရှင်မှာဖြစ်ဖြစ်၊ ရေသေမှာဖြစ်ဖြစ် အနည်းနဲ့အများသာကွာမယ် ရေထဲမှာ အောက်ဆီဂျင်တွေ ရှိကြပါတယ်။ ယေဘုယျအားဖြင့် အောက်ဆီဂျင်ကို ရေထဲမှာ ပုံစံနှစ်မျိုးနဲ့တွေ့နိုင်ပါတယ်။ မထမအမျိုးစားကတော့ လေထဲကတဆင့် ရေထဲမှာပျော်ဝင်နေတဲ့ လွတ်လပ်သော အောက်ဆီဂျင်ပါ။ ဒီအောက်ဆီ၈ျင်အမျိုးအစားကို ငါးသတ္တ၀ါ တွေက သူတို့ရဲ့ ပါးဟက်တွေ (Gills) ကနေတဆင့် ရယူနိုင်ပါတယ်။ ခန္ဓာအရွယ်အစားနဲ့စာရင် ကြီးမားတဲ့ ပါးဟက်ရှိတဲ့ငါးတွေ ဟာ အောက်ဆီဂျင်ပါဝင်မှုနိမ့်တဲ့ရေထဲတောင်ရှင်သန်နိုင်ပါတယ်။
(ရေထဲမှာရှိတဲ့အောက်ဆီဂျင်များ)
(ရေထဲမှာရှိတဲ့အောက်ဆီဂျင်များ)
(အောက်ဆီဂျင်ပါဝင်မှုတိုင်းတဲ့ DO Meter)
(အောက်ဆီဂျင်ပါဝင်မှုတိုင်းတဲ့ DO Meter)
အောက်ဆီဂျင် နောက်တမျိုးကတော့ ရေထဲမှာ ဟိုက်ဒြိုဂျင်မော်လီကျူးနှစ်ခုနဲ့ပူးတွဲနေတဲ့ အောက်ဆီဂျင် မော်လီကျူးပါ။ ဒီမလွပ်လပ်တဲ့အောက်ဆီဂျင်မျိုးကိုတော့ anaerobic bacteria လို့ခေါ်တဲ့ ဘက်တီးရီးယား အမျိုးအစားတွေသာ ခွဲထုတ်သုံးစွဲနိုင်ပါတယ်။ ဒါပေမဲ့လည်း ပိုမိုအားစိုက်ထုတ်ဖို့လိုတာမို့ သူတို့လည်း သုံးစွဲဖို့ လွယ်ကူတဲ့ လွတ်လပ်သော အောက်ဆီဂျင်တွေကိုပဲ သုံးစွဲလေ့ရှိတာပါ။
တချို့ ငါးတွေဟာ အောက်ဆီဂျင်ပါဝင်မှု (dissolved oxygen ) ဟာ (3 to 4 milligrams per liter) ထိနိမ့်တဲ့ ရေထဲမှာ ပေါက်ဖွားရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတချို့ရဲ့ စံသတ်မှတ်ချက်ကတော့ ရေဆိုးသန့် စင်ရုံတွေက ထုတ်လွှတ်မဲ့ သန့် စင်ရေဟာ ရေတလီတာမှာ အနဲဆုံး အောက်ဆီဂျင်ပါဝင်မှု ၅ မီလီဂရမ်ရှိရပါမယ်။ စင်္ကာပူနိုင်ငံရဲ့ စံသတ်မှတ်ချက်ကတော့ အဲ့ဒါထင်ပိုမြင့်ပါတယ်။ ရေထဲမှာ အောက်ဆီဂျင်ပါဝင်မှု (dissolved oxygen ) ကို ဒီအို မီတာ (DO Meter) နဲ့ တိုင်းတာနိုင်ပါတယ်။
တောင်သမန်အင်းရေ ဘာကြောင့်ပုပ်သွားရတာလဲ
အမြဲစီးဆင်းနေတဲ့ ရေအရှင်နဲ့မစီးဆင်းဘဲ ရေ၀င်ရေထွက်မရှိတဲ့ ရေသေ ( Stagnant Water ) နှစ်မျိုးမှာ ရေသေဟာပုပ်လွယ်ပါတယ်။ အထူးသဖြင့် ပြုပြင်ထိမ်းသိမ်းမှု ညံ့ဖျင်းလို့ဖြစ်စေ၊ မထိမ်းသိမ်းဘဲပစ်ထားလို့ဖြစ်စေ အလွယ်တကူပုပ်တတ်ပါတယ်။ ဥပမာဆောင်ရရင် မိမိအိမ်ခြံဝင်းထဲမှာ ရွှေငါးလေးတွေအလှမွေးထားဖို့ ရေကန်တကန်တူးပြီး ကောင်းမွန်စွာ မထိန်းသိမ်းတဲ့အခါ၊ သစ်ရွက်ဆွေး အညစ်အကြေးအမှိုက်တွေ ပုံမှန်မဆယ်ဘူး မဖယ်ရှားဘူး ဆိုရင် အဲ့ဒီရေကန်ဟာ မကြာခင်ပုပ်တော့တာမဟုတ်လား။ အမှိုက်အညစ် အကြေးတွေ များလာတာနဲ့အမျှ ရေတွေနောက်လာမယ်၊ အနံ့တွေထွက်လာမယ်၊ အောက်ဆီဂျင်နည်းလာလို့ ရွှေငါးတွေသေကုန်မယ်၊ ရေမှော်တွေထလာမယ်၊ ခြင်တွေပေါက်ဖွားပြီး သွေးလွန်တုပ်ကွေး ရောဂါ ရမယ်မဟုတ်လား။
(ရေသေတွင်ပေါက်ဖွားသောရေမှော်များ)
(ရေသေတွင်ပေါက်ဖွားသောရေမှော်များ)
အဲ့ဒီလိုပါဘဲ စစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ သဘာဝအင်းကြီးဖြစ်တဲ့ တောင်သမန်ကို ရေသေအင်းအဖြစ် ပိတ်လှောင်လို့ ငါးမွေးကန်ကြီးအဖြစ် ပြောင်းပြီးတဲ့နောက် စနစ်တကျ ပုံမှန်ထိန်းသိမ်း စောင့်ရှောက်မှုတွေ မလုပ်ဆောင်တဲ့အတွက်ကြောင့် ရေဆိုးအင်း၊ ရေပုပ်အင်းကြီးဖြစ်သွားရတာပါပဲ။
အင်းဇောင်းမှာ မေးတင်ပြီးစားသောက်ဆိုင်တွေဖွင့်ခွင့်ပေးပြီးမှ အမှိုက်သရိုက်အညစ်အကြေး စွန့်ပစ်မှုကို စနစ်တကျ စီမံခန့်ခွဲမှု မလုပ်နိုင်တာကလည်း အင်းပုပ်စေတဲ့ အကြောင်းတရား တရပ်ပါ။ အဓိကအကျဆုံးနဲ့ အဆိုးဆုံးအခြေခံအကြောင်းတရားကတော့ ၈၈ အာဏာသိမ်း စစ်အစိုးရရဲ့ ပရမ်းပတာကျတဲ့ မန္တလေးစက်မှု ဇုန်စီမံကိန်းတွေကြောင့်ပါဘဲ။ စက်ရုံအလုပ်ရုံတွေက စွန့်ထုတ်တဲ့ရေဆိုးတွေကို တောင်သမန်အင်းထဲ စီးဝင်တဲ့ ပရံတော်ချောင်း ကနေတဆင့် အင်းအတွင်းကို ဖောက်ထုတ်သတဲ့။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကို လက်နက်နဲ့ဖြိုခွင်းပြီး နိုင်ငံတော်အာဏာကို ပြည်သူအလိုမတူဘဲဇွတ် သိမ်းယူခဲ့တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ လက်ထက်မှာ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတာကို ဇွတ်အတင်းပြနိုင်ဖို့ စက်မှုဇုန်တွေကို မြေကွက်ရိုက်၊ ဓာတ်တိုင်စိုက်၊ ကျောက်ဖြုံးလမ်းဖောက်၊ ထုံးသုတ်တာလောက်နဲ့ပြီးကပျစ် ဆောက်သွားခဲ့တာ မဟုတ်လား။
တခြားတိုင်းပြည်က စက်မှုဇုန်တွေ ဘယ်လိုဆောက်သလဲဆိုတာ သွားကြည့်။ နှိုင်းယှဉ်လိုက်ရင် သိပ်ရှက်စရာ ကောင်းတယ်။ ဝေးဝေးသွားကြည့်စရာမလိုဘူး၊ ဗီယက်နမ်တို့ တရုတ်ပြည်တို့မှာ ဆောက်ထားတဲ့ စက်မှုဇုန် တွေဆိုတာ ၆ လမ်းသွားလမ်းမကြီးတွေဖြူးလို့ မီးတွေထိန်လင်းလို့ အဆောက်အအုံကြီးတွေ ဆိုတာများဟီး ထနေတာ။
တောင်သမန်ရေဆိုးအင်းဖြစ်ရတာဟာ မန္တလေးစက်မှုဇုန်ကြီးတွေတည်ဆောက်ရာမှာ အလွန်အရေးကြီးတဲ့ မရှိမဖြစ် လိုအပ်တဲ့ အောက်ပါအင်္ဂါရပ်တွေ (Infrastructure) တော်တော်များများမပြည့်စုံဘဲ တာဝန်မဲ့စွာတည် ဆောက်သွားခဲ့လို့ ထွက်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တခုပါဘဲ။
၁) အဆောက်အဦ ရုံးခန်းများနှင့် ဂိုထောင်များ (Building ,Offices and Warehouse)
၂) လမ်းပန်းဆက်သွယ် ပို့ ဆောင်ရေး (Road and Transportation)
၃) သောက်သုံးရေလိုအပ်ချက် (Water Supply)
၎) လျှပ်စစ်ဓါတ်အားလိုအပ်ချက် (Power Supply)
၅) စက်သုံးဆီနှင့်ဓါတ်ငွေ့ လိုအပ်ချက် (Oil and Gas Supply)
၆) အီလက်ထရောနစ်နဲ့ ကြေးနန်းဆက်သွယ်ရေး (Telecommunication)
၇) စွန့်ပြစ်ပစ္စည်းစီမံခန့် ခွဲမှု (Waste Management)
၈) ရေဆိုးမြောင်းစနစ် နှင့် စွန့်ပစ်ဆီနဲ့ ရေသန့်စင်စက် (Sewage Drainage System and Waste Oil and Water treatment Plant)
၉) မိုးရေစီးဆင်းမှုနှင့် ရေလွှမ်းမိုးမှုကာကွယ်ရေး (Rain water drainage and Flood Prevention)
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ စီးပွားရေးစီမံကိန်းတွေနဲ့အတူ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ရအောင် လိုအပ်တဲ့ဥပဒေ၊ စီရင်ထုံးတွေ (Environmental Pollution Control Act) ပြဌာန်းပေးရမှာဖြစ်သလို၊ တိကျတဲ့တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်း သတ်မှတ်ပေးဖို့ လိုတယ်။ ပြီးတော့လိုက်နာရမယ့် နိုင်ငံတကာစံရည် စံညွှန်းတွေ (International Standards) နဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေ (Code of Practice for Pollution Control) ထုတ်ပြန်ပေးဘို့ လည်းလိုပါတယ်။
ထုတ်ပြန်ထားတဲ့ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုရှိမရှိကိုလဲ အဂတိတရား ကင်းကင်းနဲ့စောင့်ကြပ်ထိန်းညှိ ပေးထားတယ်။ လိုက်နာမှုပျက်ကွက်ခဲ့ရင်လည်း လူပုဂ္ဂိုလ်တဦးချင်းက စလို့ နိုင်ငံတကာကုမ္ပဏီကြီးတွေအထိ ထိုက်သင့်သလို အရေးယူ ဒဏ်ခတ်မှုတွေ စံနမူနာပြဆောင်ရွက်ဖို့ လိုတယ်။
မြန်မာစစ်အာဏာရှင်တွေဟာ မိုက်လုံးကြီးစွာနဲ့ စီးပွားရေးစီမံကိန်းတွေကို စိတ်ရှုးပေါက်ရာ အကောင်အထည် ဖော်ပြီးလုပ်စားသွားတာ။ ထိရောက်ပြီး လုံလောက်တဲ့ ရေဆိုးသန့်စက်ရုံတွေ တည်ဆောက်ခဲ့ဟန် မတူဘူး။ အခုမှ ထိုင်း ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ရေဆိုးသန့်စင်စက်ရုံကို ၂ နှစ်အတွင်း အကောင်အတည်ဖော်သွားမယ်ဆိုလား၊ တောင်အင်း မြောက်အင်းမှာ စတင်တည်ဆောက်နေတာ ဇွန်လကုန်ပိုင်း ရေဆိုးသန့်စင်စက်ရုံတည်ဆောက်ပြီး မယ်ဆိုလား၊ စက်ရုံတွေက ထွက်မဲ့ စွန့်ပစ်ရေတွေကို ဒုတ္ထ၀တီမြစ်ထဲဖောက်ထုတ်မှာတဲ့။ အရေးကြီးတဲ့အချက် က လွှတ်ထုတ်မယ့် ရေတွေထဲမှာ ဇီဝအခြေခံအညစ်ကြေးစင်အောင် သေခြာအောင်သန့်စင်ဖို့ လိုတယ်။ အဲ့ဒီလိုမှ မဟုတ်ဘဲ အပြသဘောလောက် လုပ်တယ်ဆိုရင်တော့ ဒုတ္ထ၀တီမြစ်ထဲက ရေသတ္တ၀ါတွေတော့ ဘုရားတကြပေရော့ပေါ့။ ဘာကြောင့်လဲဆိုတော့ စွန့်ထုတ်ရေထဲမှာ ပါလာတဲ့ ဇီဝအခြေခံအညစ်ကြေးတွေကို ဘက်တီးရီးယားတွေ ကစားသုံးတဲ့အခါ ရေထဲက အောက်ဆီဂျင်တွေ လျှော့ပါးကုန်တာမို့ ရေသတ္တ၀ါတွေသေကြေနိင်တဲ့ အထိ အန္တရာယ်ကြီးပါတယ်။
နောက်အရေးကြီးတဲ့အချက်က ကိုယ့်အလုပ်ရုံထဲမှာ ရေဆိုးသန့်စင်တဲ့စက် (Waste Water Treatment Plant) ဆောက်စရာမလိုတဲ့၊ စွန့်ပစ်ရေပမာဏနည်းတဲ့ အသေးစားစက်ရုံ အလုပ်ရုံတွေကို ဘယ်လိုစီမံခန့်ခွဲ မလဲဆိုတာဘဲ။ စင်္ကာပူနိုင်ငံမှာတော့ တနှစ်လုံးမှာ စွန့်ထုတ်ရေပမာဏ (လီတာ ၁၀,၀၀၀) မကျော်ရင် ရေဆိုးသန့်စင်တဲ့စက် ဆောက်စရာမလိုဘဲ ဆီနဲ့ရေခွဲထုတ်နိုင်တဲ့ မြေအောက်ကျင်းတွေ (Oil Water Separator) ကိုသာ ဆောက်လုပ်စေတယ်။ ပြီးရင် လစဉ်လတိုင်း စွန့်ထုတ်ရေ နမူနာကို ဓါတ်ခွဲခန်းကိုပို့ စေပြီး ဓာတ်ခွဲကြည့်စေတယ်။ ထွက်လာတဲ့ စစ်ဆေးတွေ့ရှိချက်တွေဟာ သတ်မှတ်ထားတဲ့ စံနှုန်းဘောင်ထဲ (ဥပမာ PH value 6~9) ၀င်မှ အဲ့ဒီစွန့်ထုတ်ရေကို ပြင်ပမြောင်းတွေထဲ ဖောက်ထုတ်ခွင့်ရှိတယ်။ တကယ်လို့ ရလဒ်တွေက စံနှုန်းဘောင်ထဲမ၀င်ရင် ဖောက်ထုတ်ခွင့် မရှိဘူး။ လာစာရင်းစစ်ဆေးလို့ မလိုက်နာတာတွေ့ရင် ကြီးလေးတဲ့ ငွေဒဏ်ဆောင်ခိုင်းပြီး အပြစ်ပေးတယ်။ လာစစ်ဆေးတဲ့ဝန်ထမ်းတွေလည်း အဂတိမလိုက်စားနိုင်ဘူး။ တရားဥပဒေစိုးမိုးမှု ရှိဖို့ လိုတယ်။
ဒီဆောင်းပါးကို နိဂုံးသပ်ရရင် တောင်သမန်အင်းနဲ့ အနီးတဝိုက်နေရာဌာနတွေဟာ သမိုင်းဝင် အထင်ကရ ဌာနတွေဖြစ်သလို နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်တာမို့ နိုင်ငံခြားဝင်ငွေကို ရှာပေးနေတဲ့အပြင် လူပေါင်းများစွာကို အလုပ်အကိုင်ဖန်တီးပေးရာဌာနတွေ ဖြစ်တယ်။
ဒါကြောင့်တန်ဘိုးထားပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်အပ်တယ်။ ထိန်းသိမ်းတယ် ဆိုရာမှာလည်း ကောက်ရိုးမီးတောက်သလို ခဏတောက်ပြန်ငြိမ်းသွားသလို လုပ်လို့မရဘူး။ အမြဲတမ်းဝီရိယစိုက် စစ်ဆေးစောင့်ကြည့် သတိပြုထိန်းသိမ်းရမယ့် ကိစ္စကြီးဖြစ်တယ်။ အစိုးရမင်းများကလည်း စီးပွားရေးစီမံကိန်းတွေချမှတ်တဲ့အခါ တတ်သိပညာရှင်တွေကို ရှေ့တန်းတင်ဖို့လိုသလို ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လိုက်ပါလာတတ်တဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုဆိုတဲ့ ဘေးထွက်ဆိုးကျိုးတွေကို အလေးအနက်ထည့်သွင်းစဉ်းစား ဖို့လိုပါတယ်။
နိုင်ငံတကာစံရည်စံညွှန်းတွေနဲ့ အရည်အသွေးမှီမှီလုပ်ကိုင်နိုင်ဘို့ လိုသလို အဂတိလိုက်စားမှု ကင်းအောင် တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်မှသာ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရပြီး ထိရောက်အောင်မြင်နိုင်တာကို သတိချပ်နိုင်ကြပါစေ။ တိုင်းပြည်အပေါ်စေတနာမှန်မှန် ထားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
မင်းကောင်းချစ်
မေလ (၁၁) ရက်နေ့ ၂၀၁၅ ခုနှစ်
တောင်သမန်အင်း Photos credit to တောင်သမန်အင်း – ဦးပိန်တံတား Facebook Web page & http://myanmartravelinformation.com/around-mandalay/amarapura.html
DVB

No comments:

Post a Comment