Saturday, May 2, 2015

ရေဆိုးစွန့်ပစ်သည့်အရက်ချက်စက်ရုံများကို တောင်သမန်အင်းသူကြီးတရားစွဲဆိုသွားမည်

တောင်သမန်အင်းထဲသို့ရေဆိုးများစွန့်ပစ်သည့်အရက်ချက်စက်ရုံများအား
လာမည့်အပတ်တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း
တောင်သမန်အင်းသူကြီးဦးချစ်ခိုင်ကပြောသည်။
တောင်သမန်အင်းထဲသို့ စီးဝင်နေသည့် ပရံတော်ချောင်းအတွင်းသို့
အဆိုပါအရက်ချက်စက်ရုံများမှာ ရေဆိုးများအလုံးအရင်းနှင့်စွန့်ပစ်သည့်အတွက်အင်းအတွင်းရှိ ငါးထောင်ချီသေဆုံးခဲ့ရပြီးအင်းပျက်စီးစေသောကြောင့်
ယခုလိုတရားစွဲဆိုရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဦးချစ်ခိုင်က ပြောသည်။
“တောင်သမန်အင်းထဲကို ရေဆိုးမစွန့်ထုတ်ဖို့
အကြိမ်ကြိမ်စာပို့ပါတယ်။စက်ရုံတွေက လိုက်နာခြင်းမရှိသလို
စက်ရုံတွေကိုတားမြစ်ကြီးကြပ်ရမယ့် စည်ပင်ကလည်း
အလုပ်မလုပ်ပါဘူး။အချက်အလက်ခိုင်မာအောင်စုဆောင်းပြီးရင် စက်ရုံတွေသာမကတာဝန်ရှိတဲ့ ဝန်ထမ်းတွေကိုပါ တရားစွဲဆိုသွားမှာဖြစ်ပါတယ်”ဟု
၎င်းကအတည်ပြုပြောကြားသည်။

တောင်သမန်အင်းထဲသို့ စီးဝင်သော ရေဆိုးစွန့်ပစ်မြောင်းမှ ရေနမူနာများအား
စစ်ဆေးရာတွင် စုစုပေါင်းရေဆေးရေသွက်ပါဝင်မှု(TOTAL
HARDNESS)၊ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ပါဝင်မှုများမြင့်မားနေပြီး
ပျော်ဝင်အောက်စီဂျင်ကျဆင်းကာ ရေညစ်ညမ်းမှုရှိနေသည်ကိုတွေ့ရကြောင်း
မွေး/ရေလုပ်ငန်း၊မန္တလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၃.၄.၂၀၁၄နှင့်
၂၄.၄.၂၀၁၄ရက်များတွင် ပြုလုပ်ထားသည့် ကွင်းဆင်းစစ်ဆေးချက်၌
ဖော်ပြထားပြီး အဆိုပါစွန့်ပစ်ရေများသည်
ငါးများအသက်ရှင်နေထိုင်နိုင်ရေးအတွက် သင့်တော်မှုမရှိကြောင်းနှင့်
အဆိုပါရေများအား TREATMENT(သန့်စင်မှု)လုပ်ပြီးမှသာ စွန့်ထုတ်သင့်ကြောင်းအကြံပြုထားသည်။
အဆိုပါစက်ရုံများမှ ရေဆိုးများစွန့်ပစ်မှုကြောင့်
ယခုနှစ်သင်္ကြန်မတိုင်မှီကလည်း ငါးများတကြိမ်သေဆုံးခဲ့ရသကဲ့သို့
ပြီးခဲ့သည့် ဧပြီလကုန်ကလည်း ငါးများထောင်နှင့်ချီ၍
သေဆုံးခဲ့ရကြောင်း၊စည်ပင်သာယာဌာန၊တာဝန်ရှိသူများမှ စက်ရုံများအား
ကြပ်ကြပ်မတ်မတ်အရေးမယူပဲ ဒဏ်ကြေးသာ ဆောင်ခိုင်းသောကြောင့် ယခုလိုစွန့်ထုတ်နေခြင်းသာဖြစ်သည်ဟု အင်းသူကြီးက ပြောဆိုထားသည်။

The Union Daily

No comments:

Post a Comment