Sunday, May 10, 2015

လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို ၂၀၁၆ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် စီစဉ်ထား

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနည်းပြချုပ် ဆားဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ် ကို ၂၀၁၆ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ထားသည်။


အေဗရာမိုဗစ်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြအဖြစ် ၂၀၁၄ ဖေဖေါ်ဝါရီလတွင် စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး AFC Challenge Cup ၊ AFF Suzuki Cup စသည့် အဓိကပြိုင်ပွဲကြီးနှစ်ရပ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ပြိုင်ပွဲနှစ်ရပ်စလုံးတွင် အောင်မြင်မှုရရှိရန် စွမ်းဆောင်နိုင်ခြင်းမရှိပဲ အုပ်စုအဆင့်မှသာ ထွက်ခဲ့ရသည်။

“အေဗရာမိုဗစ်ကို ၂၀၁၆အထိစာချုပ်သက်တမ်းတိုးဖို့ရှိပါတယ်။ လတ်တလောမှာတော့ သူနဲ့ မဆွေးနွေးရသေးပါဘူး။ ၂၀၁၆မှာ ကျွန်တော်တို့က ဆူဇူကီးဖလား အိမ်ရှင်လုပ်ဖို့ ရှိတဲ့အတွက် ဒီပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ အခုတည်းက စီစဉ်နေပါတယ်။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ၂၀၁၅ခုနှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအို အသင်းများနှင့် ကစားရမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကစားရမည်ဖြစ်သည်။ ဆားဘီးယားလူမျိုးနည်းပြ အေဗရာမိုဗစ်မှာ မြန်မာအသင်းကို တာဈန်မယူခင်က ကူဝိတ်လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်ဘောလုံးအသင်းများကိုလည်း တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး စင်ကာပူအသင်းကို ဆူဇူကီးဖလားချန်ပီယံ သုံးကြိမ်ဖြစ်ရန် စွမ်းဆောင်ပေးခဲ့ဖူးသည်။
mizzima
မြန်မာ့လက်ရွေးစင်နည်းပြချုပ် အေဗရာမိုဗစ်။

No comments:

Post a Comment