Tuesday, May 12, 2015

ဗုဒ္ဓဘာသာဝင်မိန်းမများအား ဘာသာကူးပြောင်းစေပါက ချမှတ်မည့် ထောင်ဒဏ် လျှော့ချရန် လွှတ်တော်သို့ အစီရင်ခံစာတင်

ဗုဒ္ဓဘာသာဝင် မိန်းများအား ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်မှုကို စွန့်လွှတ်စေပြီး အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်စေမှုမပြုစေရဆိုသည့်ပုဒ်မကို ကျူးလွန်ပါက ငါးနှစ်ထက် မပိုသော ထောင်ဒဏ်အစား ၂ နှစ်ထက်မပိုသောထောင်ဒဏ်သို့ လျှော့ချပြင်ဆင်ရန် အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီက မေလ ၁၁ ရက်တွင် အမျိုးသား လွှတ်တော်သို့ အစီရင်ခံစာတင် သွင်းသည်။
မျိုးစောင့်ဥပဒေများဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းတွင်ပါရှိ သော ပြစ်ဒဏ်များလျှော့ချသည့်အစီရင်ခံစာကို မေလ ၁၁ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အား နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကိုစွန့်လွှတ်စေပြီး အခြားဘာသာတစ်မျိုးမျိုးသို့ ကူးပြောင်းကိုးကွယ်စေမှုမပြုရဆိုသည့်ပုဒ်မကို ကျူးလွန်ပါက ငါးနှစ်ထက်မပိုသော ထောင်ဒဏ်အစား ၂ နှစ်ထက် မပိုသော ထောင်ဒဏ်သို့လျှော့ချပြင်ဆင်ရန် မေလ ၁၁ ရက်က အမျိုးသားလွှတ်တော်သို့ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ တင်သွင်းသော အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတွင်ပါရှိသည်။

မေလ ၁၁ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ် တော်၏ ပြင်ဆင်ချက်များနှင့် အတည်ပြုချက်အပေါ် အစီရင်ခံစာတွေ့ရှိချက်ကို အမျိုးသား ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးတင်ယုက တင်သွင်းခြင်းဖြစ်သည်။
‘‘ဓားပြတိုက်မှုတို့၊ ရိုက်မှုတို့၊ လုယက်မှုတို့ကျတော့ တစ်မျိုး ပေါ့။ ဒါက လူမှုရေးပြစ်မှုပဲ။ လူမှုရေးပြစ်မှုဆိုတော့ ထောင်ဒဏ် ငါးနှစ်ဆိုတာ များတာပေါ့။ အမျိုးသားလွှတ်တော်က သုံးသပ်ပြီးတော့ ၂ နှစ်လောက်ဆိုတော်ပါပြီလို့ သုံးသပ်လိုက်တာပါ’’ဟု အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီကပြောသည်။
ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားသည် ပုဒ်မ ၁၉၊ ပုဒ်မခွဲ(စ)၊ (ဆ)နှင့်(ဇ)ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုစီရင်ခြင်းခံရလျှင် ထိုသူကို ၂ နှစ်ထက်မပိုသောထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ် ၁၅ သိန်းထက်မပိုသောငွေဒဏ် ချမှတ်ရမည်ဟု အစီရင်ခံစာတွင်ပါရှိသည်။ ပုဒ်မ ၁၉ ပုဒ်မခွဲ(စ)-မြန်မာ ဗုဒ္ဓဘာသာဝင်မိန်းမ၏ ဘာသာရေးသက်ဝင်ယုံကြည်မှုကို စကားဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ စော်ကားခြင်းမပြုရ။ ပုဒ်မခွဲ(ဇ) - မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ ကွယ်လွန်သည့်အခါ ၎င်းအား ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအစဉ်အလာအရ ဆောင်ရွက် သင်္ဂြိုဟ်ခြင်းကို ခွင့်ပြုရမည်ဟု ပြဋ္ဌာန်းထားသည်။
ပုဒ်မခွဲ(ဇ)-ဗုဒ္ဓဘာသာကို စော်ကားရန်အကြံဖြင့် မိန်းမ ကိုးကွယ်ဝတ်ပြုသောနေရာကိုသော်လည်းကောင်း၊ အထွတ်အမြတ်ထားသော အရာဝတ္ထုကို သော်လည်းကောင်း ပျက်စီးရန် (သို့မဟုတ်) ပျက်စီးနစ်နာစေရန် (သို့မဟုတ်) ယုတ်ညံ့စေရန်မပြုရ တို့ဖြစ်သည်။ ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေလ ၁၃ ရက် နောက်ဆုံးထား၍ နာမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။
7 day

No comments:

Post a Comment