Sunday, May 10, 2015

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းခံခြင်း

ယခုတစ်လောတွင်တော့ ပြည်နယ်တောင်းသည့်ကိစ္စ ခေတ်စားနေပြန်သည်။
‘ဝ’ ဆိုသည့် လူမျိုးတွေက သူတို့ကို ပြည်နယ်အဆင့် တိုးမြှင့်ပေးဖို့ တောင်းဆိုလိုက်သည်။ ‘ဝ’ တွေ ဦးစီးကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတွင် တောင်းဆိုခြင်းဖြစ်ပြီး တက်ရောက်သည့် အဖွဲ့အစည်း တွေကလည်း လက်ခံကြသည်ဟု ဆိုသည်။
ထိုသတင်းကို ရွာက လူတွေကို ပြောပြတော့....
“ကောင်းတာပေါ့...။ သူတို့တောင် ပြည်နယ်တောင်းတာ ငါတို့လည်း ပြည်နယ်တောင်းရမယ်” တဲ့။
ပြည်နယ်နာမည်ကိုတောင် သူတို့က စဉ်းစားပြီးလေပြီ။ ဘာတဲ့... “ကညင်ကွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်” ဆိုလား။

သူတို့က ငွေဆောင်အစိုးရ အုပ်ချုပ်မှု အောက်မှာ မနေချင်တော့ဘူးတဲ့လေ။ လေလံတွေ မြို့တက်ပြီး ဆွဲရတာကိုလည်း မကြိုက်ဘူးတဲ့။ အမှုဖြစ်ရင်လည်း မြို့တက်ပြီး ရှင်းရတာ မကြိုက်ပြန်ဘူး။
တစ်ခုခုဆိုရင် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဆိုတော့ ကိုယ့်အရပ်ဒေသမှာပဲ ဖြေရှင်း။ အချိန် မကုန်တော့ဘူးဆိုပဲ။
အဲ့မှာ စိုပြေရောက်နေတာ ကြာပြီ ဆိုတော့လည်း စိုပြေ့ကို ပြန်ကြားရေးအရာရှိ အဖြစ် ခန့်မယ်တဲ့။ လောလောဆယ်တော့ သူတို့ ကညင်ကွင်းကို ပြည်နယ်အဖြစ် တောင်းဆိုဖို့ ဘာတွေလုပ်ရမလဲ ဆိုတာ စိုပြေ့ကို စုံစမ်းခိုင်းလိုက်သည်။ အဲ့တော့ စုံစမ်းရသပေါ့လေ။
“ပြည်နယ်တောင်းမယ် ဆိုရင် လူမျိုး တစ်မျိုးတော့ ရှိရမယ်ဗျ။ ခင်ဗျားတို့က ဘာလူမျိုးလဲ” ဟု စိုပြေ ပြန်မေးရသည်။
“ရခိုင်ရော၊ ကရင်ရော၊ ဗမာရော၊ မွန်ရော...။ ဟိုးဘုရင့်နောင်ခေတ်က ပါလာတဲ့ ယိုးဒယားတွေတောင် ရှိတယ်ဟ။ အခုတော့ အကုန်လုံးသွေးရောပြီး ကပြားတွေ ဖြစ်ကုန်ပြီ” ဟု ရွာလူကြီးက ပြန်ပြောသည်။
“ဒါဆို ရောတိရောရာ လူမျိုးလို့ လုပ်မယ်လေ”
ဒီလိုနှင့် လူမျိုးကိစ္စကတော့ အဆင်ပြေပြီ။ ရောတိရောရာ လူမျိုးများရှိရာ ကညင်ကွင်းပြည်နယ်ပေါ့။ တိုင်းရင်းသား ၁၃၅ မျိုးတွင် တစ်မျိုးထပ်တိုးခြင်းပင်။
“နောက်တစ်ခုက လက်နက်ကိုင် ရမယ်ဗျ။ အခု ပြည်နယ်တောင်းတဲ့ လူတွေက လက်နက်ကိုင်ပြီးမှ တောင်းတာဆိုတော့... လက်နက်က အရေးကြီးတယ်”
“ဘာလက်နက် ကိုင်မလဲဟ...။ လှော်တက်တွေ။ အုန်းခုတ်ဓားတွေပဲ ရှိတာ”
“ရှိတာကိုင်ပေါ့ဗျာ....။ လက်နက်ဖြစ်ဖို့ပဲ အရေးကြီးတာ...။ နောက်ပြီး မိန်းကလေး ချောချောလေးတွေလည်း ပါပစေနော်။ နောက်ပြီး လက်နက်ကိုင် ခေါင်းဆောင်ကို ခပ်ချောချောလေးခန့်”
“လက်နက်ကိုင်တာပဲ ချောတာနဲ့ ဘာဆိုင်လို့တုံးကွ”
“ဆိုင်တာပေါ့ သူကြီးရယ်...။ ကောင်မလေး ချောချောလေးတွေမြင်ပြီး ကိုယ့်ရန်သူတွေ ကိုယ့်ဘက် ပါလာလိမ့်မယ်။ ခေါင်းဆောင်ချောချော ဆိုရင် ရန်သူဘက်က မိန်းမတွေ ကိုယ့်ဘက် ပါလာမှာပေါ့။ ခေတ်သစ်ဗျူဟာလေ...”
ဒီလိုနှင့် သက်ကြီးရွယ်အိုများကို တပ်သား။ ငယ်ငယ်ချောချောများကို ခေါင်းဆောင်။ ကောင်မလေးတွေကို မလုံ့တလုံဖြင့် လှော်တက်သိုင်း သင်ပေး။ ရန်ကုန်က မိတ်ကပ်ပညာရှင်ခေါ် အလှပြင်ခိုင်းပြီးမှ ဓာတ်ပုံရိုက်ကာ အွန်လိုင်း ပေါ်တင်ရန် စဉ်းစားထားကြသည်။
“အားလုံးစီစဉ်ပြီးပြီ ဆိုတော့....။ ဘေးနားက ရွာတွေ အကုန်လုံးကို အစည်းအဝေး ခေါ်လိုက်မယ်”
“ဘာလုပ်ဖို့လဲဟ”
“ကညင်ကွင်းကို ပြည်နယ်အဖြစ် တောင်းတာ သူတို့ကို ထောက်ခံခိုင်းဖို့ လေ”
“ဟ... သူတို့က ထောက်ခံပါ့မလား”
“ထောက်ခံပါတယ်ဗျာ။ သူတို့ရွာကိုလည်း ပြည်နယ်အဖြစ် တောင်းဆိုဖို့ မြှောက်ပေး။ လက်မခံတဲ့ ရွာကို လက်နက်ပြပြီး ခြိမ်းခြောက်လိုက်”
ရွာနီးချုပ်စပ်ကို အစည်းအဝေးခေါ် တော့ သူတို့လည်း အထူးအဆန်းဖြစ်ကာ လာကြသည်။ ဒီကိစ္စကို တစ်တိုင်းပြည်လုံး သိအောင်လုပ်ရမည် ဆိုတော့ သတင်းထောက်တွေ ကိုလည်း ခေါ်မှဖြစ်မည်။ ဟိုမေးဒီမေး သတင်းထောက်တွေကို ခေါ်လို့မဖြစ်။ ခပ်တုံးတုံး သတင်းထောက် အချို့ကိုပဲ ခေါ်လိုက်သည်။ သတင်းထောက် ကလည်း ကမ်းခြေကို ရောက်မည်ဆိုတော့ နန့်နန့် တက်ရောက်လာကြသည်။
ဒီလိုနှင့် ကညင်ကွင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ် ပြုဖို့ အစည်းအေးတွင် မုန့်ကျွေးသင့်သူကို မုန့်ကျွေးပြီးထောက်ခံခိုင်း။ အရက် တိုက်သင့်သူတိုက်။ လက်နက်ပြသင့်သူကို ပြ။ မြှောက်ပေးသင့်သူကို မြှောက်ပေး။
အချို့ကလည်း အားတက်သရော ထောက်ခံကြပါသည်။ အနီးနား ရွာတွေတော့ သိပ်မကြည်လင်။ ကညင်ကွင်းကို ပြည်နယ်ဖြစ်မှာ နာလိုပုံမရ။ သို့သော်လည်း ရွာထဲကမထွက်ခင် လှော်တက်နှင့် ရိုက်မှာ ကြောက်ရသဖြင့် ထောက်ခံကြသည်။ သတင်းထောက်တွေကလည်း ထုံးစံအတိုင်း ထုတ်ပြန်ချက်တွေကို သတင်းရေး။ ရွာသူကြီး ရွှီးသမျှရေး။
ကညင်ကွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ခွင့်ပြုရေးကိုတော့ တောင်းဆိုလို့ ပြီးသွားချေပြီ။ သို့သော်လည်း ဘာသံမှတော့ မကြားရသေး။ အစိုးရအဖွဲ့တွေ ညှိနှိုင်းတုန်း ထင်သည်။
ကညင်ကွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တောင်းဆိုပြီး တစ်ပတ်တောင် မကြာသေး။
အနီးနားရွာတွေကလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုလာကြသည်။
ဂျိုင်လယ်ပြည်နယ်။ ကံကြီးပြည်နယ်။ သဇင်ပြည်နယ်။ ဗူးကွဲပြည်နယ်။ ဖုန်းဆိုးကြီးပြည်နယ်။ ဖုန်းမောင်ကြိုင် ပြည်နယ်။
အနီးနားက ရွာတွေတင်မဟုတ်...။ ခပ်ဝေးဝေးက ရွာတွေကလည်း ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် တောင်းဆိုကြပြန်သည်။
ကညင်ကွင်းကို အားကျကာ နီးစပ်ရာ လက်နက်များကို ဆွဲကိုင်ကြသည်။ လယ်ယာစိုက်သူတွေက တံစဉ်တွေ၊ ပေါက်ပြားတွေ ကိုင်ကြသည်။ သစ်ခုတ်သူများသည့် ရွာတွေက ဓားတွေ၊ ရဲတင်းတွေ။ ချိန်းဆောတွေ ကိုင်ကြသည်။ လက်နက်ကိုင် ကောင်မငယ် လန်းလန်းလေးတွေ နှင့်ပေါ့။
ကညင်ကွင်းကတော့ အေးဆေးပင်။
ပထမဆုံး တောင်းဆိုခဲ့သူတွေ မဟုတ်လား။
နောက်တော့ သတင်းများ ကြားရပြန်သည်။ အလုပ်အကိုင်အလိုက် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရပြည်နယ် တောင်းဆိုကြသည်။ အထည်ချုပ်ပြည်နယ်။ သူတို့က အပ်တွေကို လက်နက်အဖြစ် ကိုင်သည်။
ဈေးသည်ပြည်နယ်။ ဈေးဗန်းတွေက သူတို့လက်နက်။ ဝန်ထမ်းပြည်နယ်။ စာရွက်က သူတို့လက်နက်။ သူတောင်းစား ပြည်နယ်။ ခွက်က သူတို့လက်နက်။ သတင်းထောက်ပြည်နယ်။ ကင်မရာက သူတို့ လက်နက်။ စုံလို့ပင်။ အလုပ်အကိုင် မရှိသူများကလည်း အလုပ်လက်မဲ့ပြည်နယ်။ သူတို့ကတော့ လက်နက်မဲ့။ မပါမဖြစ် အရက်သမား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်လည်း ပါလိုက်သေး။ သူတို့ကတော့ လက်နက်အဖြစ် ပုလင်းကို ဆွဲကိုင်သည်။
သြော်... မေ့တော့မလို့။
ဘုန်းကြီး တွေကလည်း သပိတ်ကို လက်နက်အဖြစ် ဆွဲကိုင်ပြီး ပြည်နယ် တောင်းဆိုပြန်သည်။ ဘုန်းကြီးပြည်နယ်။
ဒီလိုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် တောင်းသည့် ပြည်နယ်ပေါင်း သိန်းချီသွားသည်။
ဘာပဲဖြစ်ဖြစ်.... လူတွေကတော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အတွက် တောင်းဆိုကြလေပြီ။ အစိုးရအနေနှင့် ခွင့်ပြုမည်လား ခွင့်မပြုဘူးလားတော့ မပြောတတ်သေး....။ ခွင့်ပြုလျှင်တော့ အမြတ်ပေါ့လေ။
သင်တို့ရော...
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် တောင်းဆိုပြီးပြီလား။ မတောင်း ဆိုရသေးလျှင် တွေ့ရာလက်နက် ဆွဲကိုင်ပြီး တောင်းဆိုလိုက်ပါ။
စိုပြေ
The Voice Weekly

No comments:

Post a Comment