Tuesday, May 12, 2015

အင်န်ဘီအက်စ်က ပြည်နယ်အားလုံး၏ ပြည်ထောင်စု လွှတ်တော်နေရာ ၂၁၇ နေရာ ပြိုင်မည်

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့ဝင် တိုင်းရင်းသား ပါတီတို့က တိုင်းရင်းသား ပြည်နယ်အားလုံး၏
ပြည်ထောင်စုလွှတ်တော် နေရာ ၂၁၇ နေရာ (၃၃) ရာခိုင်နှုန်းကို ဝင်ရောက် မည်ဖြစ်ကြောင်း NBF ပြောရေးဆိုခွင့်ရှိသူများ၏
ပြောကြားချက်အရ သိရသည်။
NBF ဒါရိုက်တာ ဒေါ်ချင်းချင်းက "ပြည်နယ် ၇ ခုမှာ ရှိတဲ့ NBF အဖွဲ့ဝင်ပါတီတွေက ပြည်နယ်တွေ အားလုံးမှာ ၀င်မယ်၊ အမျိုးသား လွှတ်တော် ၈၄ နေရာ နဲ့ ပြည်သူ့လွှတ်တော် ၁၃၃ နေရာထိ လျာထားတယ်၊ NBF ကနေလည်း ဒုတိယ သမ္မတ တစ်ဦးရအောင် ယှဉ်ပြိုင်ဖို့ ပြင်နေတယ်" ဟု မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စု လွှတ်တော်နေရာ ၆၆၄ နေရာ၏ ၃၃ ရာခိုင်နှုန်းအထိ ၂၀၁၅ ခုနှစ်တွင် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိရန် NBF က ရည်မှန်းထားခြင်း ဖြစ်သည်။ တပ်မတော်ကမူ ၂၅ ရာခိုင်နှုန်းကို ဖွဲ့စည်းပုံအရ ရရှိထားသည်။ တိုင်းဒေသကြီး ၇ ခုတွင်မူ ပြည်ထောင်စုလွှတ်တော်နေရာ ၂၈၁ နေရာ  (၄၂ ရာခိုင်နှုန်း) ထိရှိနေခြင်း ဖြစ်သည်။

NBF သည် ၀ ၊ တအာင်း၊ အင်း၊ ဓနု၊ အရှိုချင်း၊ တိုင်လိုင်၊ ကယား၊ ထားဝယ်၊ မြို၊ ခမီ၊ ကိုးကန့်၊ ရှမ်း လူမျိုး အခြေပြု ဖွဲ့စည်းထားသည့် ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ ၂၁ ပါတီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းတို့က ၂၀၁၀ ရွေးကောက်ပွဲတွင်
ပြည်ထောင်စု လွှတ်တော်နေရာ ၁၆၀ အထိ အနိုင်ရရှိထားသည်။
NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီများ မှ ၁၀ ပါတီက ရရှိထားသည့် နေရာ ၁၆၀ တွင် အမျိုးသမီး ၁၀ ဦးကျော် ပါဝင်နေပြီး ၂၀၁၅ ခုနှစ်တွင်မူ ယင်းထက် ပိုမိုသည့် အမျိုးသမီးအရေအတွက် ပါဝင်ရေး ပြင်ဆင်ထားသည်ဟု NBF ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလှကျော်က ဆိုသည်။
"အဖွဲ့ဝင်ပါတီတွင်းက လူသစ်တွေလည်းပါမယ်၊ အရင်နေရာရထားတဲ့သူတွေက လူထု လက်မခံ နိုင်တော့တာတွေ ရှိတယ်။ ဒါတွေအစား အသစ်တွေလည်း ပါလာမယ်၊ အဟောင်းတွေက အရင်အတိုင်း ပြန်ပါရမယ်လို့ သတ်မှတ်မထားဘူး။ အခုတော့ ပါတီတွေက လူစာရင်းတွေ မလာသေးလို့ ဘယ်လောက်လဲ ဆိုတာ အတိအကျ မသိသေးဘူး" ဟု ၎င်းက ပြောသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် သမ္မတ ရွေးချယ်ရာသို့ NBF အဖွဲ့ဝင် တိုင်းရင်းသားပါတီများမှ သမ္မတလောင်း တစ်ဦးကို ရွေးချယ်ကာ ယှဉ်ပြိုင်မည် ဖြစ်သည်။
NBF ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှစောက  "ပြည်ခိုင်ဖြိုး၊ NLD နဲ့ တပ်ကို သစ္စာမခံသူ တိုင်းရင်းသား ဒု-သမ္မတ ဖြစ်သင့်တယ်ဆိုတာကို
ပြည်ခိုင်ဖြိုး NLD နဲ့ တပ်တို့ကလည်း လေးလေး နက်နက် စဉ်းစားသင့်တယ်။ ဒါမှ တိုင်းရင်းသား အရေးအတွက် စဉ်းစားပေးလာနိုင်မယ်လို့ ကျွန်တော်တို့ လေးလေးနက်နက် စဉ်းစားထားတယ်" ဟု ဆိုသည်။ သမ္မတလောင်းအဖြစ် ၀င်ရောက်
ယှဉ်ပြိုင်မည့် သူကိုလည်း ရွေးကောက် တင်မြှောက်ပြီးစီးသည် နောက်ပိုင်းတွင်သာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
Mizzima 

No comments:

Post a Comment