Tuesday, May 26, 2015

သိမ်းဆည်းခံ အုန်းခြံများ ပြန်လည်ရရှိရေး ငွေဆောင်ဒေသခံများ လမ်းလျှောက်ဆန္ဒပြ

 ငွေဆောင်ကမ်းခြေမှ ဒေသခံတစ်ရာကျော် စုပေါင်း၍ သိမ်းဆည်းခံထားရသည့် အုန်းခြံများပြန်ပေးရန် မေလ ၂၅ ရက် နံနက်က ငွေဆောင်မြို့မှ ဘူးကွဲကြီးကျေးရွာအထိ ခုနစ်မိုင်ကျော်လမ်းလျှောက်ကာ ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြခဲ့ကြသည်။

 ၂၀၀၀ ပြည့်နှစ်မှစတင်ကာ ငွေဆောင်ကမ်းခြေ ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် ခေါင်းစဉ်ဖြင့် ဒေသခံ ၂၄၈ ဦး ပိုင်ဆိုင်သောအုန်းခြံ ၃၁၅ ဒသမ ၂၀ ဧကကို အုန်းပင်များနှင့်မြေပေါ်တွင်ပေါက်နေသည့် အပင်များကိုသာ လျော်ကြေးအများဆုံးကျပ် ၁,၅၀၀ နှင့် အနည်းဆုံးကျပ် ၅၀၀ ပေး၍သိမ်းယူခဲ့သည်ဟု ဒေသခံများက ဆိုသည်။
     ‘‘ငွေဆောင်ကမ်းခြေဒေသ ဖွံ့ဖြိုးရေးဆိုပေမယ့် တကယ်တမ်းဖွံ့ဖြိုးတိုးတက်နေတာ ဒေသခံတွေမဟုတ်ပါဘူး။ တခြားနေရာကလာပြီး ကျွန်တော်တို့မြေတွေပေါ်မှာ လုပ်ကိုင်စားသောက်နေသူတွေသာ အကျိုးဖြစ်ထွန်းနေတာပါ။ ကျွန်တော်တို့ကတော့ ဆင်းရဲပြီးရင်း ဆင်းရဲရင်းပါပဲ’’ဟုအဆို ပါဆန္ဒပြပွဲကို ဦးဆောင်သူ ကိုဝေလင်းထွဋ်ကပြောကြားသည်။
ဒေသခံများ၏ အုန်းခြံများ သိမ်းယူကာ ဟိုတယ်လုပ်ငန်းရှင် ၂၁ဦးအား ပေးအပ်ခဲ့ပြီး အချို့ မှာ မြေနေရာများ ယူထားသော်လည်း လက်ရှိအချိန်အထိ လုပ်ငန်း အကောင်အထည်ဖော်ခြင်းများ မရှိကြောင်း သိရသည်။ ‘‘အဲ ဒီအချိန်တုန်းက အုန်းတစ်ပင်ကို တစ်သောင်းပေးတာတောင် ရောင်းမယ့်သူ မရှိတဲ့အချိန်ပါ။ ကျွန်တော်တို့က မရောင်းဘူးပြောတော့လည်း နိုင်ငံတော် ပုန်ကန်တာလို့ပြောတယ်။ ဖွံ့ဖြိုးရေးအတွက် ပေးတဲ့ငွေမယူဘူးဆိုပြန်တော့လည်း နိုင်ငံတော် ပုန်ကန်တာလို့ပြောတယ်။ ကျွန်တော်တို့မှာ ရွေးစရာလမ်းမရှိလို့ အုန်းခြံ တွေကို သူတို့ပေးတဲ့နှုန်းနဲ့ ငွေယူခဲ့ရတယ်။ ဘယ်သူမှတော့ မပေးချင်ကြဘူး။ ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ ၂၀၁၁ ကစပြီး နိုင်ငံတော်သမ္မတဆီအထိ စာတွေအကြိမ်ကြိမ်တင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့အထိ ဘာမှဖြစ်မလာခဲ့ဘူး’’ဟု ငွေဆောင်ဒေသခံ ကိုလှမြင့်က ပြောသည်။
‘‘သိမ်းဆည်းထားသော မြေတန်ဖိုး ချက်ချင်းပေး ချက်ချင်းပေး’’၊ ‘‘သိမ်းဆည်းထားသော တို့မြေများ ခုပြန်ပေး ခုပြန်ပေး’’၊ ‘‘လယ်ယာမြေ မှတ်ပုံတင်ရရှိရေး တို့အရေး တို့အရေး’’ ဟူသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြပြီး ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ခွဲမှူးရုံးက ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ခွင့်ပြုမိန့် (၅/၂၀၁၅) ဖြင့် မေလ ၂၂ ရက်တွင် ခွင့်ပြု ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဆန္ဒပြတာတော့ ပြတာ တစ်ကဏ္ဍပေါ့ဗျာ။ တကယ်တော့ ကာယကံရှင်တွေက သူတို့နဲ့သက်ဆိုင်တဲ့မြို့နယ်၊ ခရိုင်ရုံးတွေကို သွားရောက်ထိတွေ့ပြီးတော့ သူတို့ရဲ့အခက်အခဲတွေကို ဖြေရှင်းတဲ့နည်းလမ်းက ပိုကောင်းတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း ဒီလယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ပတ်သက်ပြီး တောက်လျှောက်ဖြေရှင်းပေးနေပါတယ်။ အခက်အခဲတွေကို မဖြေရှင်းပေးဘူးဆိုတာတော့ မဟုတ်ပါဘူး။ နည်းလမ်းအတိုင်း ဆောင်ရွက်တာကတော့ ပိုပြီး မြန်ဆန်တာပေါ့’’ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး  ဦးခင်မောင်လေးက ပြောသည်။
7 day

No comments:

Post a Comment