Tuesday, May 26, 2015

သတင်းပေး ခြိမ်းခြောက်မှုတစ်ခုကြောင့် ပြင်သစ်လေကြောင်းလေယာဉ်ကို အမေရိကန် F-15များ ခြံရံပျံသန်းခဲ့

မည်သူမည်ဝါမှန်း မသိသူ တစ်ဦး၏ ဆက်သွယ် ခြိမ်းခြောက်မှုကို ခံခဲ့ရသည့်နောက် ပြင်သစ်လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးကို အမေရိကန်လေတပ် တိုက်လေယာဉ်များက ခြံရံလိုက်ပါ ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၂၅ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ပျံသန်းလာသည့် ပြင်သစ်လေကြောင်း ခရီးစဉ်အမှတ် ၂၂ လေယာဉ်ပေါ်တွင် ဓာတုလက်နက်တစ်မျိုး သယ်ဆောင်လာကြောင်း ဆက်သွယ် သတင်းပေးမှု တစ်ခုကြောင့် အမေရိကန် လေတပ်၏ F-15 နှစ်စီးက လုံခြုံရေးအရ ခြံရံလိုက်ပါခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်သည် ဂျွန်အက်ဖ်ကနေဒီ လေဆိပ်တွင် ချောမောစွာ ဆင်းသက်နိုင်ခဲ့ပြီးနောက် လုံခြုံရေး သတ်မှတ်နေရာတစ်ခုတွင် ဆိုက်ကပ်စေကာ စစ်ဆေးမှုများ ချက်ချင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း အန္တရာယ်ရှိမည့် မည်သည့်ပစ္စည်းမျိုးကိုမျှ ရှာမတွေ့ခဲ့သလို လေယာဉ်၏ အနေအထားသည် အလုံးစုံ ကင်းရှင်းကြောင်း FBI ထောက်လှမ်းရေး အရာရှိများက ပြောကြားခဲ့သည်။

မေလ ၂၅ ရက်တွင် အမေရိကန်သို့ ဦးတည်ပျံသန်းသော ခရီးသည်တင် လေယာဉ်အချို့နှင့် ပတ်သက်၍ အလားတူ သတိပေးမှုများ လက်ခံရရှိခဲ့ပြီး အားလုံးသည် ဇစ်မြစ်တစ်နေရာတည်းမှ ထွက်ပေါ်လာခြင်းဟု ယူဆရကြောင်း FBI ပြောရေးဆိုခွင့်ရအရာရှိ ဂျေပီတာဒိုနယ်လ်က ဆိုသည်။

ပြင်သစ်လေကြောင်း၏ A-330 ခရီးသည်တင် ဂျက်လေယာဉ်တွင် ဓာတုလက်နက် တင်ဆောင်လာကြောင်း ဖုန်းဆက်သတိပေးမှုတစ်ခုကို လက်ခံရရှိသည့်နောက် လုံခြုံရေး စံနှုန်းအရ F-15 တိုက်လေယာဉ်များက ချက်ချင်း ပျံတက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ခရီးသည်များနှင့် လေယာဉ် အမှုထမ်းများ မမြင်နိုင်သည့် ထောင့်ချိုးမှ ထိန်းသိမ်း ပျံသန်းခဲ့ခြင်း ဖြစ်သည်။

မေလ ၂၅ ရက်တွင် ဆော်ဒီအာရေးဗီးယား လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စီးသည်လည်း ဂျွန်အက်ဖ် ကနေဒီ လေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် အလားတူ သတင်းပေးမှုမျိုးအတွက် ရှာဖွေစစ်ဆေးခြင်း ခံခဲ့ရသည်။ ထို့အပြင် အမေရိကန် လေကြောင်းပိုင် လေယာဉ်တစ်စီးသည် ဗြိတိန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှ ပျံသန်းလာချိန်၌ ယင်းကဲ့သို့ ခြိမ်းခြောက် သတင်းပေးမှုမျိုး ခံခဲ့ရသေးသည်။ သို့သော်လည်း မည်သည့် လေယာဉ်ပေါ်တွင်မျှ အန္တရာယ် ဖြစ်စေသည့် ပစ္စည်းတစ်စုံတစ်ရာ ရှာမတွေ့ခဲ့ကြောင်း သိရှိရသည်။

_Ref: AP

No comments:

Post a Comment