Tuesday, May 26, 2015

နိုင်ငံခြားငွေ အလိုအလျောက်လဲစက်များ ယခုဘဏ္ဍာနှစ်အတွင်း တပ်ဆင်မည် ဟုဆို

နိုင်ငံခြားသား ခရီးသည်များနှင့် ပြည်သူများ ငွေလည်ပတ်မှု အဆင်ပြေရေးအတွက် နိုင်ငံခြားငွေ အလို အလျောက် လဲလှယ်ပေးသည့် Foreign Exchange ATM စက်များကို ယခုဘဏ္ဍာနှစ် (၂၀၁၅-၁၆) အတွင်း မြို့ ကြီးများတွင် တပ်ဆင်သွားမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က မေ ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

“ပုဂ္ဂလိကဘဏ်အချို့ မှာ နိုင်ငံခြားငွေ အလိုအလျောက် လဲပေးနိုင်တဲ့ စက်တွေကို အခုဘဏ္ဍာနှစ် အတွင်း တပ်ဆင်သွားမှာပါ၊ အဲဒီ စက်တွေကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့ရဲ့အချက်အချာကျတဲ့ နေရာတွေမှာ တပ်ပါ မယ်။ ၂၀၁၆-၁၇ သင်္ကြန်ကာလမှာလည်း အဲဒီစက်တွေ အသုံးပြုနိုင်အောင် စီစဉ်နေပါတယ်” ဟု ဦးဆက်အောင် က ပျော်ဘွယ်မြို့ နယ်အမတ် ဦးမြင့်စိုး၏ အမေးကို ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

သင်္ကြန်ကာလသည် ရုံးပိတ်ရက်ရှည် ဖြစ်သောကြောင့် နိုင်ငံခြားသား ဧည့်သည်များ ငွေလဲလှယ်ရန် အခက်အခဲများစွာရှိသဖြင့် ထိုပိတ်ရက်ရှည်များတွင် ဘဏ်များနှင့် Money Changer များကို ဗဟိုဘဏ်က ကွပ်ကဲပြီး ခရီးသွားလုပ်ငန်း အချက်အချာကျသော မြို့နယ်များတွင် အလှည့်ကျ ဖွင့်လှစ်ပေးပါက နိုင်ငံခြား သား ခရီးသည်များနှင့် ပြည်သူများပါ ငွေလည်ပတ်မှု အဆင်ပြေနိုင်မည်ဖြစ်၍ ထိုသို့ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ ဟူသည့် မေးခွန်းကို ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်စိုးက လွှတ်တော်မှတစ်ဆင့် အစိုးရအဖွဲ့သို့ မေးခဲ့ခြင်းဖြစ်သည်။ 

ထိုအမေးကို ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ဖြေကြားရာတွင် ပုဂ္ဂလိကဘဏ် ၂၁ ဘဏ်နှင့် ဘဏ်မဟုတ်သော ကုမ္ပဏီ ၁၇၅ ခုတို့ကို Money Changer လိုင်စင်များ ထုတ်ပေးထားပြီး နိုင်ငံခြားငွေ ရောင်းဝယ် လဲလှယ်ခြင်း လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြောင်း၊ ပြီးခဲ့သော ၂၀၁၅ သင်္ကြန်ကာလ တွင် နိုင်ငံခြားသားခရီးသည်များ ငွေလဲလှယ်နိုင်ရေးအတွက် ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ် စသည့် ပုဂ္ဂလိက ဘဏ်ကြီးများက ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး လေဆိပ်များနှင့် ရွှေတိဂုံဘုရားစသည့် နေရာများတွင်လည်းကောင်း၊ ဈေးဖွင့်ရက်များ၌ ဗိုလ်ချုပ်ဈေး၊ ဒဂုံစင်တာ စသည့် နေရာများ၌လည်းကောင်း အသီးသီးဖွင့်လှစ်ပေးခဲ့သည်ဟုလည်း ဒုဝန်ကြီးက ပြောသည်။

လာမည့် ၂၀၁၆ သင်္ကြန်ကာလအတွက် ငွေလဲကောင်တာများ ဖွင့်လှစ်ပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး “ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်တွေက လေဆိပ်များ၊ ရွှေတိဂုံဘုရားနှင့် ဈေးဝယ် စင်တာတွေမှာ Money Changer တွေ ဖွင့်မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့လည်း လာမယ့်သင်္ကြန်ကာလမှာ အဓိကကျတဲ့ မြို့နယ်တွေမှာ ဘဏ်များရဲ့ Money Changer counters တွေနဲ့ ဘဏ်မဟုတ်သော ကုမ္ပဏီများရဲ့ Money Changer counters များ အလှည့်ကျ ဖွင့်လှစ်နိုင်ဖို့ ညှိနှိုင်းအကြောင်းကြားသွားပါမယ်” ဟုလည်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌက ဖြေကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment