Tuesday, May 12, 2015

မြန်မာမင်းတို့ သုံး တော်မူသော ပလ္လင် ရှစ်ခန်း


‘ပလ္လင်’ ဟူသော မြန်မာဝေါဟာရသည် ‘ပလ္လင်္က’ ဟူသော ပါဠိစကားမှဆင်းသက်လာပြီး မြင့်မြတ်သောပုဂ္ဂိုလ်တို့ ထိုင်ရန် ပြုလုပ်ထားသော ခုံမြင့်ဟူ၍ မြန်မာ အဘိဓာန် ကျမ်း၌ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ဇေယသင်္ခယာ ပြုစုသော ရွှေ ဘုံနိဒါန်း အလိုအရ ပလ္လင်အရွယ် သုံးမျိုး ရှိသည်။ ယင်းတို့မှာ (၁) မဟာပလ္လင်(၁၆ တောင်မြင့်သည်။) (၂) မဇ္ဈိမပလ္လင်(ရှစ် တောင်မြင့် သည်။) (၃)စူဠပလ္လင် (လေးတောင် မြင့်သည်။) တို့ဖြစ်သည်။ မြန်မာမင်းတို့ သုံးတော်မူခဲ့ သော ပလ္လင်ရှစ်ခန်းနှင့်ပတ်သက်၍ ဦးတင်၏ မြန်မာမင်းအုပ်ချုပ်ပုံ စာ တမ်းနှင့် ဘိုးတော်ဘုရား၏ ရာဇ သတ်ခေါ်သော အမိန့်တော်တမ်း ကြီး၌ ဤသို့ ဖော်ပြထားသည်။

(၁) သီဟာသနပလ္လင် – ခြင်္သေ့ရုပ် ခံပလ္လင် (ယမနေသားဖြင့် ပြုလုပ် သည်။ နန်းဦးပြာသာဒ် ဆောင်တွင် မင်းတို့ အပူဇော်ခံရန် အတွက် ထားသည်။)
(၂) ဟံသာသနပလ္လင် – ဟင်္သာ ရုပ်ခံ ပလ္လင် (သင်္ကန်းသားဖြင့် ပြု လုပ်သည်။ ဇေတဝန်ဆောင်တွင် ထား၍ ရတနာသုံးပါး ပူဇော်ရန် အသုံးပြုသည်။)
(၃) သင်္ခါသနပလ္လင် – ခရုသင်းရုပ် ခံပလ္လင် (သရက်သားဖြင့် ပြုလုပ် သည်။ ဗောင်းတော်ဆောင်တွင် ထား၍ တရားစကား နာခံရန် အ သုံးပြုသည်။)
(၄) ဘမရာသနပလ္လင် – ပိတုန်းရုပ် ခံပလ္လင် (ကရဝေးသားဖြင့် ပြုလုပ် သည်။ မှန်နန်းဆောင်တွင် ထား၍ စက်တော်ခေါ်ရန် အသုံးပြုသည်။)
(၅) ဂဇာသနပလ္လင် – ဆင်ရုပ်ခံ ပလ္လင် (စကားသားဖြင့် ပြုလုပ် သည်။ ဗြဲတိုက်ဆောင်တွင် ထား၍ မင်းတို့က ချီးမြှင့်ရန်၊ နှိမ့်ချရန် အတွက် အသုံးပြုသည်။)
(၆) မယုရာသနပလ္လင် – ဥဒေါင်း ရုပ်ခံပလ္လင်(ပေါက်သားဖြင့် ပြုလုပ် သည်။ မြောက်စမုခ်ဆောင်တွင် ထား၍ ဆင်၊ မြင်းသိမ်းရန် အသုံး ပြုသည်။)
(၇) မိဂါသနပလ္လင် – သမင်ရုပ်ခံ ပလ္လင် (ရေသဖန်းသားဖြင့် ပြု လုပ်သည်။ တောင်စမုခ်ဆောင် တွင် ထား၍ မင်းတို့ တိုင်ပင်ဆွေး နွေးရန် အသုံးပြုသည်။)
(၈) ပဒုမာသနပလ္လင် – ကြာပွင့်ခံ ပလ္လင် (ပိန္နဲသားဖြင့် ပြုလုပ်သည်။ အနောက်ပွဲတက်ဆောင်တွင် ထား ၍ မင်းမိန်းမတို့ ပူဇော်ခံရန် အသုံး ပြုသည်။)
သို့သော် သီဟာသနပလ္လင်ကို မြေနန်းပြာသာဒ်ဆောင် (နန်းဦး ပြာသာဒ်ဆောင်) ၌ သာထားသည် မဟုတ်ဘဲ ဘုရင်မင်းမြတ်ကိုယ် တော်တိုင် လွှတ်တက်သည့်အခါ၌ လည်း စံမြန်းရန်အတွက် လွှတ် တော်တွင်လည်း ထားရသော ကြောင့် ”ပလ္လင်ရှစ်ခန်း ရွှေနန်း ကိုးဆောင်”ဟူ၍ ဝေါဟာရပေါ် ထွက်လာသည်။ ပလ္လင်ရှစ်ခန်းကို မြဝတီမင်း ကြီးဦးစက သီချင်းဖြင့် ဖွဲ့ဆိုသီကုံး ထားသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။
(၁) ဥကင်ဘုံမြင့်သီဟာဘွေ၊ စိန် ကြောင်ရောင်လင်း၊ သစ်မင်းယမ နေ။
(၂) မှန်ရဝေငယ်မှာလေ၊ ကြိုင် သင်းပျံ့မွှေး၊ ဘမယာသန တောက်  ပဝင် သဝဏ်ငယ်လေ၊ မုနောတင့် လွန်၊ သစ်မွန်ကရဝေးငယ်နှင့်လေး။
(၃) ဆက်စဉ်မည်ရှေးဗြဲတိုက်မှာ၊ ဂဇာငွေသား၊ စကားသစ်မြတ်စွာ။
(၄) တောင်လေသာမှာ၊ ထောင်ပိန္နဲ၊ သင်္ခငယ်သိင်္ဂါ၊ ရစ်လက်ျာ၊ မြင့်ကြာ တုလွတ်ကဲပါလို့လေး။
(၅) မျက်ြ>ွမာပုလဲခြယ်စီကာ၊ ဇေ တဝန်နန်း၊ သင်္ကန်းမြတ်ဟံသာ။
(၆) ရွှေမိဂါငယ်လေ၊ မြသဖန်း၊ စမုတ်ကယ်ဘုံမော်၊ လက်ျာတော်၊ ရှုမျှော် အံ့မခန်းသည်နှင့်လေး။
(၇) နောက်ဝေယန်နန်း၊ ဇေတဝန်၊ ပဒုံကြာရွက်၊ သရက်မြတ်သစ်မွန်။
(၈) မြောက်လေသွန်မှာ စမုတ်ဦး၊ ပေါက်သစ်ငယ်လျှံဝါ၊ မယုရာ၊ ရှစ် ဖြာ ထိန်ဝင်းမြူးသည်နှင့်လေး။ စံပျံ့ပျူးပါလို့၊ ရှည်ကျူးငယ် သက် တော်၊ ရာကျော်ဖြိုး ရလေ၊ ဆောင် ဆောင်နန်းငယ်နှင့်၊ လေးခန်းငယ် ဒီပါ၊ ချုပ်ကာစိုးရလေ။ ။
သီဟာသနရွှေပလ္လင်
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ မြို့နယ် ပြည်လမ်းပေါ်ရှိ အမှတ်-၆၆/၇၄ ၌ တည်ဆောက် ထားသော အမျိုးသားပြတိုက်တွင် ပြ သထားသည့် ရွှေပလ္လင် သည် ရွှေခြင်္သေ့ ရုပ်ခံသော ‘သီဟသနရွှေ ပလ္လင်’ ဖြစ်သည်။ မြန်မာ့ရွှေနန်း နှင့် တကွ နိုင်ငံအဝန်းကို နယ်ချဲ့တို့ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လက်နက်အားကိုးဖြင့် တိုက် ခိုက်သိမ်းပိုက်ပြီးနောက် ၁၈၉၂ ခုနှစ်တွင် သီဟာသန ရွှေ ပလ္လင်ကို အိန္ဒိယသို့သယ်ယူကာ ကာလကတ္တားရှိ အိန္ဒိယပြတိုက်တွင် ခင်းကျင်းပြသခဲ့သည်။
မြန်မာတို့ လွတ်လပ်ရေးရပြီး နောက် ၈ လအကြာ ၁၉၄၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာအကျိုး ကို လိုလားသော အဂ္ဂမဟာ သီရိ သုဓမ္မလော့ဒ်မောင့် ဘက်တန် က မြန် မာပြည်သူများအတွက် သီဟာ သနပလ္လင်ကို မြန်မာနိုင်ငံသို့ ပြန် ပို့ပေးခဲ့သည်။ သီဟာသနပလ္လင် သည် မြန်မာ့လွတ်လပ်ရေးအထိမ်း အမှတ်လည်း ဖြစ် သည်။ မြန် မာ နိုင် ငံသို့ ပြန်လည်ရောက်ရှိလာ သောအခါ သီဟာသနရွှေပလ္လင် ကို ဦးစွာအလုံလမ်းရှိ သမ္မတ အိမ်တော်တွင် ထားရှိခဲ့သည်။
၁၉၅၅ ခုနှစ် စက်တင်ဘာလ တွင် ဂျူဗလီဟော၌ ဖွင့်လှစ်ထား သောအမျိုးသားပြတိုက်သို့ ပြောင်း ရွှေ့ကာ ပြည်သူလူထုအား ဆင် ယင်ပြသခဲ့သည်။ အမျိုးသားပြ တိုက်ကို ဂျူဗလီဟောမှ ပန်းဆိုး တန်းရှိ ယခင် ဂရင်းလေးဘဏ် ဟောင်းအဆောက်အအုံ (နောင် မြန်မာနိုင်ငံ စက်မှုလက်မှုဖွံ့ဖြိုးတိုး တက်ရေးဘဏ်)သို့ ပြောင်းရွှေ့ သောအခါ သီဟာသနပလ္လင်ကို ၁၉၆၈ ခုနှစ်တွင် ပန်းဆိုး တန်းရှိ အမျိုးသား ပြတိုက်သို့ သယ်ယူ၍ ဆင်ယင်ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ် ဖေဖော်ဝါရီလမှစ၍ ဖွင့်လှစ်ပြသ ခဲ့ရာ ၁၉၉၄ ခုနှစ် ကုန်ပိုင်းအထိ ဖြစ်သည်။ ထို့နောက် အမျိုးသားပြ တိုက်ကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်လမ်းမပေါ်ရှိ အ မှတ်-၆၆/၇၄ နေရာ၌ နဝတလက် ထက် ၁၉၉ဝ ပြည့်နှစ်တွင် စတင် အုတ်မြစ်ချ တည်ဆောက်ခဲ့ရာ ၁၉၉၆  ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့် လှစ်နိုင်ခဲ့သည်။ ယင်းအ သစ် တည် ဆောက်ထားသော အမျိုးသားပြ တိုက်အဆောက်အအုံကြီး၌ ပြခန်း ပေါင်း ၁၃ ခန်းကို ပြသထားရာ သီဟသနရွှေပလ္လင်ကြီးကို ပြခန်း အမှတ် (၁) မြေညီထပ်၌ ခမ်း နား ထည်ဝါစွာ ခင်းကျင်းပြသထား သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ် သည်။
အမျိုးသားပြတိုက် မြေညီထပ် ရှိ သီဟာသန ပလ္လင်ပြခန်းရှိ ရွှေ ပလ္လင်သည် မြန်မာတို့၏ နောက် ဆုံးမင်းဆက်ဖြစ်သည်။ ကုန်းဘောင် မင်းဆက်နှောင်းပိုင်း၌ ဘုရင် မင်း မြတ်တို့စံမြန်းခဲ့သည့် ရွှေပလ္လင်ဖြစ် သည်။ ရတနာပုံ(မန္တလေး) နန်းမြို့ တွင်း၌ထားရှိခဲ့သော ပလ္လင်လည်း ဖြစ်သည်။ ဤသီဟာသနရွှေပလ္လင် နှင့်အတူ ပလ္လင်နှစ်ခု ကို မြန်မာ တို့၏ နောက်ဆုံးဧကရာဇ် သီပေါ မင်းတရားက ပိုင်ဆိုင်ခဲ့သည်။
သီပေါမင်းတရား လက်ထက် တိုင် တည်ရှိခဲ့သော ရာဇပလ္လင်များ ကို ပထမဆုံး တည်ဆောက်ခဲ့သူမှာ ဘိုးတော်မင်းတရားခေါ် ဗဒုံမင်း ပင်ဖြစ်သည်။ တည်ဆောက်ခဲ့ရ သည့်အကြောင်းမှာ ခရစ်နှစ် ၁၈၁ဝ ပြည့်နှစ် မတ်လ ၁၃ ရက် နေ့တွင် အမရပူရရွှေနန်းကို မီးခခဲ့ သောကြောင့် ရွှေနန်းတော်ကြီး ပြန်လည်တည်ဆောက်သည့်အခါ နန်းဆောင်တော်များတွင် စံမြန်း စေရန် ရာဇပလ္လင်တော်များ တည် ဆောက်စေခဲ့သည်။ ပလ္လင်တော် များ တည်ဆောက်စေရန် ဝန် ထောက် ရွှေတောင်နော်ရထာနှင့် (သား) ယွန်းစုဝန်ရွှေတောင်ရာဇ သူတို့ကို ဆောက်လုပ်စေရန် မိုး ကောင်းမှ ယမနေသားနှင့်ကံ့ကော် သား၊ ပုသိမ်မှ တောင်ပိန္နဲသား၊ ပုပ္ပားမှ စကားဝါသား၊ ကျော်စဉ် တိုက်အဝင် မတ္တရာနှင့် ရေနံ့သာမှ သရက်သားနှင့် ပေါက်သား၊ ဘုတ် ရွာမှ သဖန်းသားတို့ကို အသီးသီး ခုတ်လှဲစေသည်။ သစ်များစုံသည် နှင့် ခရစ်နှစ် ၁၈၁၅ မေလ ၂၈ ရက် နေ့တွင် ပလ္လင်တော်များ စတင် ဆောက်လုပ်ခဲ့ကြလေသည်။ ဆောက် လုပ်ပြီးစီးသောအခါ ဗဒုံမင်းသည် နန်းဓလေ့ ထုံးတမ်းနှင့်အညီ သူ့ အဆောင်သူ ထားရှိခဲ့လေသည်။
ယင်းနောက် ၁၈၁၉ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ဗဒုံမင်း နတ် ပြည်စံသောအခါ မြေးတော် စစ် ကိုင်းမင်းက ဇွန်လ ၇ ရက်နေ့ ဆက်ခံခဲ့သည်။ စစ်ကိုင်းမင်းသည် နန်းစံပြီး ၃ နှစ်အကြာ ၁၈၂၁ ဇွန် လတွင် အင်းဝနန်းမြို့တော်သစ် တည်စေ၍ ၁၈၂၄ မတ် ၁၅ တွင် ရာဇဘိသေကမုဒ္ဓါဘိသက် ခံတော် မူ၍ ရတနာပူရအဝ (အင်းဝ) ရွှေ နန်းတော်သိမ်းတော်မူသည့် အ ခမ်းအနား ကျင်းပခဲ့သည်။ မတ်လ ၁၆ ရက်နေ့တွင် အမရပူရမှ အဝ (အင်းဝ)ရွှေနန်းတော်သစ်သို့ ပြောင်းရွှေ့နန်းစံ၍ ပလ္လင်တော် များကို သူ့အဆောင်နှင့်သူ့ ထုံးစံ နှင့်အညီ ချထားတော်မူသည်။
တစ်ဖန် စစ်ကိုင်းမင်းကို ညီ တော် သာယာဝတီမင်းက ၁၈၃၇ ဧပြီ ၃ဝ တွင် နန်းချကာ နန်းတက် ခဲ့ပြန်သည်။ နန်းတက်ပြီး ၂ နှစ် အကြာ ၁၈၃၉ ဖေဖော်ဝါရီလ ၃ တွင် အမရပူရနန်းမြို့သစ်ကို တည်စေ၍ ၁၈၄ဝ ပြည့်နှစ် ဇူလိုင် လ ၉ ရက်နေ့တွင် သာယာဝတီ မင်းသည် အင်းဝမှ အမရပူရသို့ ပြောင်းရွှေ့နန်းစံခဲ့ပြန်သည်။ အမ ရပူရ နန်းတော်သစ်သို့ ပလ္လင်တော် များကို တစ်ပါတည်း ယူဆောင် ကာ နေရာအသီးသီး ထားတော် မူခဲ့သည်။ တစ်ဖန် ၁၈၅၃ ဖေဖော် ဝါရီ ၁၇ တွင် နောင်တော်ပုဂံမင်း ထံမှ မင်းတုန်းမင်းသည် ထီးနန်း လွှဲယူ၍ ဆက်ခံခဲ့ပြန်သည်။ နန်း စံပြီး ၄ နှစ်အကြာတွင် မင်းတုန်း မင်းသည် မန္တလေးမြို့သစ်တည် ရန် ၁၈၅၇ ဇန်နဝါရီ ၁၃ တွင် အမိန့်တော်ထုတ်ပြန်ခဲ့သည်။
ထို့နောက် ခရစ်နှစ် ၁၈၅၈ ခုနှစ်မေလ ၇ ရက် သောကြာ တစ် ချက်တီးကျော် ၅ နာရီနှစ်ပတ်၊ တစ်ဆယ့်တစ်ဗီဇနာ အချိန်အခါ တော်တွင် ရာဇပလ္လင်တော်များကို သူ့အဆောင်နှင့် သူ လိုက်လျောညီ ထွေတည်ထားတော်မူခဲ့လေသည်။
သန်းဝင်းလှိုင်
(ဆက်ပါဦးမည်)

Popular Myanmar News Journal

No comments:

Post a Comment