Sunday, May 24, 2015

လူကြိုက်နည်းမည့် မှတ်ချက်များ


(၂/၁) မညီမမျှ ဒိုင်ယာလော့များ

လက်ရှိအခြေအနေမှာ မြန်မာအစိုးရခေါင်းဆောင်များ ကိုယ်တိုင်က ‘‘တွေ့ဆုံဆွေးနွေး အဖြေရှာရေးယဉ်ကျေးမှုတစ်ရပ် ’’ကို အုတ်မြစ်ချနေပါတယ်ဆိုပြီး ပြည်တွင်းဒီမိုကရေစီအင်အားစု များနဲ့ တွေ့ဆုံဆွေးနွေးနေပါ တယ်။ ဒါပေမဲ့ အဲဒီဒိုင်ယာလော့ တွေက ဘက်နှစ်ဖက် တန်းတူညီ မျှဆွေးနွေးကြတဲ့ ဒိုင်ယာလော့ မဟုတ်ပါ။ အာဏာရပါတီကို ကိုယ်စားပြုတဲ့ ဘက်တစ်ဖက်က အခြားတစ်ဖက်မှာ သင်းကွဲအုပ်စု များကို သီးခြားစီခွဲခြားတွေ့ဆုံတဲ့ ဒိုင်ယာလော့များဖြစ်ပါတယ်။



သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါ တယ်။ နိုင်ငံရေးပါတီများနဲ့တွေ့ ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း များနဲ့တွေ့ပါတယ်။ သတင်းမီဒီ ယာများနဲ့ တွေ့ပါတယ်။ တိုင်းရင်းသားဝန်ကြီးများနဲ့ တွေ့ပါတယ်။ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များနဲ့ တွေ့ပါတယ်။ နိုင်ငံတစ်ဝန်း ခရီးလှည့်ပြီး ဒေသ ခံပြည်သူများနဲ့ တွေ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးများကလည်း အလားတူတွေ့ဆုံမှုတွေလုပ်နေ ကြပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ကြီးနှစ်ယောက်ကလည်း နိုင်ငံ တစ်ဝန်းက မဲဆန္ဒရှင်များနဲ့ တွေ့ ပါတယ်။ အရပ်ဘက်အဖွဲ့အစည်း များနဲ့ တွေ့ပါတယ်။ သတင်းမီဒီ ယာများနဲ့ တွေ့ပါတယ်။ အလုပ် သမား၊ လယ်သမားများနဲ့ တွေ့ပါတယ်။ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကလည်း မြန်မာနိုင်ငံသတင်းကောင်စီနဲ့ တွေ့ပါတယ်။ အခုနောက်ဆုံး သမ္မတ၊ တပ်ချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ယောက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက် တာအေးမောင်တို့ ပါဝင်တဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ ဧပြီလ ထဲမှာ ပထမအကြိမ် ပြီးဆုံးခဲ့ပြီး နောက်လည်း ဆက်လက်တွေ့ဆုံ ကြဦးမယ်လို့ ဆိုပါတယ်။

ကျန်ခဲ့တဲ့ အနှစ် ၂၀ ကျော် မှာ ကျွန်တော်တို့ တောင်းဆိုခဲ့ကြ တာက သုံးပွင့်ဆိုင်ဒိုင်ယာလော့ ပါ။ ဒါပေမဲ့ ဒီနေ့ ဘယ်သူကမှ သုံးပွင့်ဆိုင်ဒိုင်ယာလော့ကို မပြောတော့ပါ။ မြန်မာအစိုးရနဲ့ ပြည် တွင်း ဒီမိုကရေစီအင်အားစု အ ကြား နှစ်ပွင့်ဆိုင်ဒိုင်ယာလော့ တွေဖြစ်ပေါ်နေသလို မြန်မာအစိုး ရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအကြား နှစ်ပွင့် ဆိုင်ဒိုင်ယာလော့တွေဖြစ်ပေါ်နေ ပါတယ်။ သီးခြားစီပါ။

ကျွန်တော်တို့ မျှော်လင့်ခဲ့ တာက ဘက်နှစ်ဖက်အကြား တန်းတူညီမျှ ဒိုင်ယာလော့ပါ။ ကျွန်တော်တို့ တွေ့နေရတာက ပြည်တွင်းဒီမိုကရေစီအင်အားစု ကြီးက ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွှတ်တော်တွင်းရောက် ပါတီ များ၊ လွှတ်တော်ပြင်ပပါတီများ၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအင် အားစုများ၊ တိုင်းရင်းသားအဖွဲ့ အစည်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ သတင်းမီဒီယာများ၊ အလုပ်သမား သမဂ္ဂများ၊ လယ် သမားသမဂ္ဂများ၊ ကျောင်းသား သမဂ္ဂများ၊ လူ့အခွင့်အရေးရှေ့ နေများ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းများ စသည်ဖြင့် အစိတ် စိတ်အမြွှာမြွှာပြိုကွဲသွားပြီး အုပ်စုတိုင်းက မြန်မာအစိုးရနဲ့ ဒိုင်ယာလော့ကို သီးခြားစီဆောင်ရွက်နေ ကြတာပါ။ ဝမ်းနည်းစရာကောင်း ပါတယ်။ တစ်ချိန်တုန်းက ဒီအင် အားစုများအားလုံးဟာရွေး ကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုကိုခံယူပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အတူတူ နေပူပူ မိုးရွာရွာ အတူတကွ ရပ်တည်ခဲ့ကြ တာပါ။ ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်က ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုစွန့်လွှတ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး လွှတ်တော်ထဲ ‘‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်ပါ့မယ်’’လို့ ကျမ်းသစ္စာကျိန်ဆိုပြီး ဝင်ရောက်သွားတဲ့အချိန်ကစလို့ ပြည်တွင်းဒီမိုကရေစီအင်အားစုကြီးဟာ သီးခြားအုပ်စုအလိုက် ကျွမ်းကျင်ရာ၊ လှုပ်ရှားခွင့်ရရာ အခြေအနေများကို အခြေပြုပြီးရပ်တည်မှုပုံသဏ္ဌာန်အမျိုးမျိုးကွဲပြားသွားခဲ့ပါတယ်။

အရင်ကလို အလံတစ်ခုတည်းရဲ့အောက်မှာ အတူတကွ စုပေါင်းရပ်တည် ကြတာမဟုတ်တော့ပါ။ သက်ဆိုင်ရာအုပ်စု အလိုက် အစိုးရနဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခွင့်ရ နေပေမယ့် စုပေါင်းထားတဲ့ အင်အားစုကြီးတစ်ခုလိုတော့ တစ်ဖက်အုပ်စုကို ခိုင်ခိုင်မာမာ အရေးဆိုနိုင်မှာ၊ ရလဒ်ထွက်အောင် တောင်းဆိုနိုင်မှာ မဟုတ်ပါ။

(၂/၂) တန်းတူညီမျှဒိုင်ယာလော့

ဒါကို သက်သေပြတာက အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်အင်အားစုများရဲ့ ဒိုင်ယာ လော့ပါ။ မြန်မာအစိုးရက တိုင်း ရင်းသားလက်နက်ကိုင်အင်အား စုများကိုလည်း ပြည်တွင်းဒီမို ကရေစီအင်အားစုများကို ဆက် ဆံသလို တစ်ဖွဲ့ချင်းစီ သီးခြား ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ တိုင်းရင်းသားလက်နက် ကိုင်အင်အားစုများက သီးခြားစီ တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ် ပြီး တပ်ပေါင်းစုနဲ့ တွေ့ဆုံရေး မူအပေါ် အခိုင်အမာကိုင်စွဲထား ပါတယ်။ အစိုးရတောင်းဆိုသလို ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံ၊ တပ် တွေဖျက်၊ ပါတီထောင်၊ ရွေး ကောက်ပွဲကတစ်ဆင့် လွှတ်တော်တွင်းဝင်ရေးကို ငြင်းပယ်ပြီး အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများ ဆက်လက် ကျင်းပနိုင်ရေးမူကို အခိုင်အမာ ကိုင်စွဲပါတယ်။ နိုင်ငံရေးဆွေးနွေး ပွဲတွေ အမှန်တကယ်ပြီးမြောက် အောင်မြင်မှပဲ သူတို့တွေ လွှတ် တော်ထဲ ဝင်ရောက်လာပါလိမ့် မယ်။ တိုင်းရင်းသားလက်နက် ကိုင်အင်အားစုများရဲ့ ညီညွတ် ခိုင်မာတဲ့ ရပ်တည်မှုကို အစိုးရက လိုက်လျောရပါတယ်။ အခုအချိန် မှာ အစိုးရနဲ့ တိုင်းရင်းသားလက် နက်ကိုင်အင်အားစုများရဲ့ ဆွေး နွေးပွဲတွေဟာ ဘက်နှစ်ဖက် တန်းတူညီမျှဆွေးနွေးကြတဲ့ ဒိုင်ယာ လော့တွေဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို စစ်မှန်တဲ့ပြည် ထောင်စုစနစ်ကို အခြေခံအောင်၊ တိုင်းရင်းသားအားလုံး တန်းတူညီ မျှ အခွင့်အရေးတွေရအောင်၊ ဒီမို ကရေစီစနစ်အမှန်တကယ်ခိုင်မာ တည်တံ့အောင် ပြင်ဆင်ပြောင်း လဲနိုင်ဖို့ အကောင်းဆုံးအခွင့် အရေးဖြစ်ပါတယ်။ လွှတ်တော် တွင်း ဝင်ရောက်ပြီး ဖွဲ့စည်းပုံပြင် ဖို့ ကြိုးစားတာက သိပ်ပြီး အောင် မြင်လိမ့်မယ်မထင်ပါ။

ဒါဆို ပြည်တွင်းဒီမိုကရေစီ အင်အားစုများက တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများကို အစိုးရနဲ့ တစုတစည်းတည်း တန်း တူညီမျှ ဘာကြောင့် မဆွေးနွေးနိုင်ကြတာလဲ။ ဒီမေးခွန်းရဲ့အဖြေကို ပြည်တွင်းဒီမိုကရေစီအင်အားစု များ ကိုယ့်ဘာသာပြန်လည်သုံး သပ်ပြီး အဖြေရှာဖို့လိုအပ်ပါ တယ်။ သေချာတာကတော့ အမေ ရိကန်ပြည်ထောင်စုရဲ့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံရေး မူဝါဒကြောင့်တော့ မဟုတ်ပါ။

(၂/၃) ဒိုင်ယာလော့နှင့် ရလဒ်

ဒိုင်ယာလော့ဆိုတာဖြစ်ဖို့ ခက်ခဲသလို ဖြစ်ပြန်တော့လည်း အောင်မြင်မှု (သို့မဟုတ်) အများ လက်ခံနိုင်တဲ့ ရလဒ်ထွက်ဖို့ဆို တာ မလွယ်ကူလှပါ။ နှစ်ဖက် စလုံးမှာ ဘယ်လိုအချက်ကိုမှ အလျှော့မပေးတမ်း တင်းခံထားမယ့် မူဝါဒတွေ ကိုင်စွဲထားရင်၊ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို ဆုပ်ကိုင်ထားရင် ဘယ်လောက်ပဲ ဆွေးနွေးဆွေးနွေး အဖြေမထွက်နိုင်ပါ။ ဒိုင်ယာလော့ ဆိုတာ တစ်ကြိမ်တည်းနဲ့ အပြီးသတ်ရမည့် အဖြစ်အပျက် (Event) တစ်ခုမဟုတ်ပါ။ အကြိမ်များစွာ တတ်နိုင်သလောက် စိတ်ရှည်လက်ရှည်ညှိနှိုင်းဆွေးနွေးပြီး အပြန်အလှန် အပေးအယူ၊ အလျှော့တင်းလုပ်ရတဲ့လုပ်ငန်းစဉ် (Process) ဖြစ်ပါတယ်။

ဥပမာအနေနဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အား စုများရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင် ရေး ဆွေးနွေးပွဲများကို ကြည့်ပါ။ ၂၀၁၂ ခုနှစ်ကစလို့ ဆွေးနွေးခဲ့ကြ တာ သုံးနှစ်ကျော်ကြာပြီး ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့ကျမှပဲ စာချုပ်မူကြမ်းကို နှစ်ဖက်လုပ်ငန်း အဖွဲ့များ သဘောတူနိုင်တဲ့ အဆင့်ကို ရောက်ပါတယ်။ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တရားဝင်လက်မှတ်ရေးထိုးတဲ့ အဆင့် ကျန်ပါသေးတယ်။ အဲဒီလိုသုံးနှစ်ကျော်၊ အကြိမ်များစွာ ဆွေးနွေးခဲ့ရာမှာ အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဘက်ကပါ တင်းမာတဲ့တောင်းဆိုချက်တွေ ကိုင်ဆွဲခဲ့ကြပါတယ်။

အစိုးရဘက်ကဆိုရင် တပ် မတော်ရဲ့ မူဝါဒဆိုပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကို ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံရမယ်။ တည်ဆဲဥပဒေများကို လိုက်နာရ မယ်။ တပ်တွေဖျက်၊ လက်နက် စွန့်ပြီး တရားဝင်ရပ်တည်ရမယ် လို့ တောင်းဆိုခဲ့ပါတယ်။ တိုင်း ရင်းသားလက်နက်ကိုင်အင်အား စုများကလည်း အစိုးရအနေနဲ့ စစ် မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ဖို့ သဘော တူရမယ်။ လက်ရှိတပ်မတော်ကို ဖျက်သိမ်းပြီး တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များ အညီအမျှ ပါဝင်တဲ့ ပြည်ထောင်စုတပ် မတော်အဖြစ် ပြန်လည်ဖွဲ့စည်းရ မယ်ဆိုပြီး တောင်းဆိုခဲ့ပါတယ်။အဲဒီ တောင်းဆိုချက်တွေကို နှစ် ဖက်စလုံးက အပြန်အလှန်လက် မခံနိုင်ကြတာမို့ စာချုပ်မူကြမ်းကို သဘောမတူနိုင်ကြတာပါ။ အခု တော့ အထက်ပါတောင်းဆိုချက် တွေကို နှစ်ဖက်စလုံးက ‘‘အပစ် အခတ်ရပ်စဲရေးစာချုပ်’’မှာ ထည့် သွင်းခြင်းမပြုဘဲ နောင်မှာ ဆက် လက်ပြုလုပ်မယ့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများကျမှသာ ထည့်သွင်းဆွေးနွေးဖို့ သဘောတူ လိုက်ကြလို့ ‘‘စာချုပ်မူကြမ်း’’ကို နှစ်ဖက်သဘောတူညီနိုင်ကြတာ ပါ။

(၃)ခြောက်ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍

  လက်ရှိ အခြေအနေမှာ မြန်မာပြည်သူများက ခြောက်ပွင့် ဆိုင် ထိပ်သီးဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်ကြီးစွာနဲ့ စောင့် ကြည့်နေကြပါတယ်။ ကျွန်တော့် အမြင်မှာတော့ ခြောက်ပွင့်ဆိုင် ဆိုပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ချင်တဲ့ လွှတ်တော် (ဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက် တာအေးမောင်) ဘက်နဲ့ဖွဲ့စည်းပုံ ပြင်ရေးမှာ အရေးကြီးတဲ့ အဆုံး အဖြတ်ကို ပေးနိုင်တဲ့ အစိုးရ (ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်) ဘက် စတဲ့ ဘက်နှစ် ဖက်ရဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ပါ တယ်။ တကယ်လိုများ ဖွဲ့စည်းပုံ ကို လွှတ်တော်လုပ်ပိုင်ခွင့်နဲ့ ပြင် ဆင်နိုင်မယ်ဆိုရင် ဒီလိုဆွေးနွေးပွဲ မျိုး ဖြစ်ပေါ်လာနိုင်စရာအကြောင်း မရှိပါ။ ဒါကို နှစ်ဖက်စလုံးက သဘောပေါက်ပြီးသားပါ။ တစ် နည်းအားဖြင့် ပြောမယ်ဆိုရင် ဘက်နှစ်ဖက်မှာ အစိုးရဘက်က အခွင့်အရေးအရ အသာစီးရပြီး သားဖြစ်ပါတယ်။ နောက်တစ်ခု အစိုးရဘက်က အသာစီးရနေတာ က အချိန်ကာလပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်ဘက်က အမြန်ဆုံး ဆောင်ရွက်ချင်နေတာပါ။ ပြည် ထောင်စုလွှတ်တော်မှာ ‘‘ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင် ရာ ဥပဒေမူကြမ်း’’က အဆင်သင့် ရှိနေပါပြီ။ သမ္မတနဲ့ တပ်ချုပ်ရဲ့ သဘောထားကို မသိရသေးလို့ ဥပဒေကြမ်း မတင်နိုင်သေးတာ ပါ။ လွှတ်တော်ကို ကိုယ်စားပြုသူ လေးဦးစလုံးက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြင်ဆင်နိုင်ဖို့ မျှော်လင့် နေကြပါတယ်။ ဒေါ်အောင်ဆန်း စုကြည်အတွက်ကတော့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်မှ တပ်ကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ က ဖယ်ရှားနိုင်မှာပါ။ ပုဒ်မ ၅၉(စ) ကို ပြင်နိုင်မှ သမ္မတအဖြစ် ရွေး ချယ်ခံခွင့်ရှိမှာပါ။ နောက်အစိုးရ ရဲ့ တတိယအားသာချက်ကတော့ လွှတ်တော်ကို ကိုယ်စားပြုသူ လေးဦးရဲ့ ဖွဲ့စည်းပုံအခြေခံပြင် ဆင်လိုတဲ့ ရည်မှန်းချက်တွေ တောင် အားလုံးထပ်တူညီမျှမဖြစ် နိုင်တာပါ။ ဒေါက်တာအေးမောင် ရဲ့ တိုင်းရင်းသားများကိုယ်စားပြု မှုမှာတောင် မကျေနပ်သံတွေ ကြားနေရပါတယ်။

နောက်ထပ်အားသာချက် ကတော့ အစိုးရအနေနဲ့ ခြောက် ပွင့်ဆိုင်ဆွေးနွေးပွဲကို လိုအပ် သလို အချိန်ဆွဲနိုင်ခြင်းဖြစ်ပါ တယ်။ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပဖို့ အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်က တစ် ခဲနက်ဆုံးဖြတ်ပြီးတဲ့အချိန်ကနေ လေးလလောက်ကြာပြီးမှ ပထမ အကြိမ် အစည်းအဝေးကျင်းပတာ ဖြစ်ပြီး ပထမအကြိမ်အစည်း အဝေးနဲ့ နောက်ကျင်းပဖို့သဘော တူတဲ့ ဒုတိယအကြိမ်အစည်း အဝေးအကြား အချိန်တစ်လ လောက်ကွာခြားပါတယ်။ လွှတ် တော်က အမြန်လိုသလောက် အစိုးရဘက်က အမြန်မလိုတာ အထင်အရှားပါ။

ဒီလိုအခြေအနေလေးမျိုး အသာစီးရနေတဲ့ အစိုးရဘက်က ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပ ဖို့ လက်ခံပေမယ့် လွှတ်တော် ဘက်က တောင်းဆိုချက်တွေကို အစည်းအဝေးတစ်ကြိမ်တည်း (ဒါမှမဟုတ်) အကြိမ်အနည်းငယ် မျှနဲ့ အလွယ်တကူ သဘောတူ လက်ခံလိမ့်မယ်မထင်ပါ။ ပြတ် ပြတ်သားသား ငြင်းပယ်မှာလည်း မဟုတ်ပါ။ ဒီလိုနဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွေဟာ နောက်တစ် ကြိမ် ထပ်မံတွေ့ဆုံဖို့ကိုသာ သ ဘောတူညီမှုရပြီး ၂၀၁၅ ရွေး ကောက်ပွဲကို ကျော်လွန်ပြီးတဲ့ နောက်မှာတောင် (ပါဝင်သူတချို့ အပြောင်းအလဲဖြစ်ပြီး) နောက် ထပ်အကြိမ်များစွာ ဆက်လက် ဖြစ်ပေါ်နေနိုင်ပါတယ်။ အစိုးရ ဘက်က လွှတ်တော်ရဲ့ တောင်း ဆိုချက်တွေကိုလက်ခံလာအောင် လွှတ်တော်ဘက်က အစိုးရကို ဖိအားပေးနိုင်တဲ့ အားသာချက် လည်းမရှိပါ။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ‘‘ရွေးကောက်ပွဲကို သ ပိတ်မှောက်နိုင်တယ်’’ဆိုတဲ့ ခြိမ်းခြောက်မှုကိုလည်း အစိုးရဘက်က အလေးအနက်ထားပုံမရပါ။

ဒီခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ အောင်မြင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင် ဆင်နိုင်ဖို့ လွှတ်တော်ဘက်က ပုဒ်မ ၄၃၆ ကို မထိဘဲ တပ်မတော် ကိုယ်စားလှယ်များ လက်ခံနိုင် လောက်တဲ့ ပုဒ်မများကိုသာ ပြင် ဆင်ရေးဦးစားပေးဆွေးနွေးမှသာ ဖြစ်နိုင်ပါလိမ့်မယ်။

အောင်ဒင်
(စာရေးသူအောင်ဒင်သည်၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး တွင် ပါဝင်လှုပ်ရှားခဲ့ပြီး ဝန်ကြီး ချုပ် ဦးနုခေါင်းဆောင်သည့် စင် ပြိုင်အစိုးရအဖွဲ့အတွင်းဝန်၊ ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ(၂) စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး U.S Campaign for Burma အဖွဲ့ကို တည်ထောင်ခဲ့သူ တစ်ဦးဖြစ်ကာ ၂၀၁၂ ခုနှစ် နိုဝင် ဘာလတွင် အဖွဲ့အစည်းတာဝန် များမှအနားယူပြီး မြန်မာ့နိုင်ငံရေး ဝေဖန်ချက် ဆောင်းပါးများကို ပြည်တွင်း၊ပြည်ပစာစောင်များ၌ ရေးသားလျက်ရှိပါသည်။)

No comments:

Post a Comment