Monday, May 18, 2015

စုနိုင်မှ ဖြုတ်မည်



မေလ (၁၅) ရက်နေ့ သောကြောနေ့က အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးကို အရေးပေါ် အဆင့်မှာ ဆက်လက် ထားသွားဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေသေးတာကြောင့် ဆက်ဆံရေးကို အခုလို အရေးပေါ်အဆင့် ဆက်ပြီးထားဖို့ ဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲမှာ သမ္မတ အိုဘားမားက ပြောထားပါတယ်။ ဒါ့ကြောင့် ၁၉၉၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့က သမ္မတ ဘီလ်ကလင်တန် ပြုလုပ်ခဲ့တဲ့ ပိတ်ဆို့မှုကိုလည်း နောက်ထပ် တစ်နှစ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။

သမ္မတအိုဘားမားရဲ့ ကြေညာချက်မှာ တိုင်းရင်းသား လူနည်းစုဒေသတွေနဲ့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်နေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေခြင်း စသည်ဖြင့် အကြောင်းပြထားပါတယ်။ သမ္မတ အိုဘားမားရဲ့ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို အားပေးထောက်ခံနေတဲ့ နိုင်ငံအများအပြား အံ့အားသင့်ခဲ့ကြရပြီး သမ္မတ အိုဘားမားရဲ့ အကြောင်းပြချက်များက ခိုင်မာမှုမရှိကြောင်း မြန်မာ့အရေး လေ့လာသူများက သုံးသပ်ကြပါတယ်။ 
၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာချိန်ကစ၍ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုများ သိသိသာသာ တိုးတက်လာခဲ့ရာ အာဆီယံနှင့် ဒေသတွင်းနိုင်ငံများအတွက် စံပြဖြစ်ခဲ့ရပါတယ်။ အချိန်တိုအတွင်း စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အရပ်သားအစိုးရစနစ်ကို အထိအခိုက်၊ အဆုံးအရှုံးမရှိ အေးချမ်းတည်ငြိမ်စွာဖြင့် ကူးပြောင်းနိုင်ခဲ့သောကြောင့် သမ္မတဦးသိန်းစိန်ကို Reform Icon ဟူ၍ အသိအမှတ်ပြုခံခဲ့ ရပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း အမေရိကန်သမ္မတနဲ့ အရှေ့တောင်အာရှ လူငယ်များ ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် တွေ့ဆုံစဉ်က မြန်မာသမ္မတဖြစ်လျှင် ဘာလုပ်မလဲ အမေးကို သမ္မတအိုဘားမား တိတိ ကျကျ မဖြေနိုင်ခဲ့ဘဲ ဝေ့လည် ကြောင်ပတ်လုပ်ခဲ့တာ အထင်အရှားဖြစ်ပါတယ်။ ယခုနှစ်အတွင်း အမေရိကန် နိုင်ငံအတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရဲများမှ အမေရိကန်ပြည်သူအများအပေါ် အကြမ်းဖက် နှိမ်နှင်းခဲ့မှုများ၊ ဖမ်းဆီးထောင်ချမှုများ ရှိခဲ့ပါတယ်။ သမ္မတ အိုဘားမားက မိမိနိုင်ငံအခြေအနေကိုလျစ်လျူရှု၍ မြန်မာ အစိုးရ ကိုတော့ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးထားတယ် ဆိုပြီး အပြစ်ဆိုထားပါတယ်။
မြန်မာနိုင်ငံကို နှစ်ကြိမ်လာရောက်ခဲ့ပေမယ့် လိုချင်တဲ့ Image ကို စကားလုံးများဖြင့်သာ ဖန်တီးယူသွား တာတွေ့ရပါတယ်။ သိသာထင်ရှားတဲ့ အကူအညီတွေ ဆောင်ရွက်ချက်တွေကိုတော့ မြန်မာပြည်သူတို့ မရခဲ့ပါဘူး။ ရန်ကုန်-မန္တလေး အမြန်လမ်းကို အဆင့်မြှင့်နိုင်ရန် ကူညီဖို့ကတိပေးသွားပေမယ့် ယနေ့အချိန်အထိ ဘာမှထူးခြားမလာပါဘူး။ အခြား လယ်ယာလုပ်ငန်း၊ အခြေခံစီးပွားရေးလုပ်ငန်းများနဲ့ ပညာရေး၊ ကျန်းမာရေး တိုးတက်ဖို့အတွက်လည်း သိသိသာသာ အထောက်အပံ့မရခဲ့ပါဘူး။ အိုဘားမား ပထမဆုံးအကြိမ် လာမယ် ဆိုတုန်းက မြန်မာပြည်သူ အချို့မျှော်လင့်ချက် ကြီးစွာထားခဲ့ကြပေမယ့် ဒုတိယခရီးစဉ်မှာတော့ ကြိုဆိုသူနည်းသွားသလို မျှော်လင့်သူနည်းသွားတာ အထင်အရှား တွေ့နိုင်ပါတယ်။
ဝါရှင်တန် အခြေစိုက် Brookings Institute က မြန်မာ့အရေးသုတေသီ Lax Rieffel ကတော့ နောက်တစ်နှစ်ဆိုရင် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်တယ်လို့ ဆိုပါတယ်။
“ကျနော်ပြောနိုင်တာကတော့ အခုကနေ နောက်တစ်နှစ်အကြာမှာပေါ်လာမယ့် အစိုးရဟာ သန့်ရှင်းတဲ့ အစိုးရ၊ ပိုပြီး ကောင်းမွန်တဲ့အစိုးရ၊ လူ့အခွင့်အရေး အခြေအနေ ကျေနပ်စရာကောင်းလောက်အောင် လုပ်တဲ့ အစိုးရမျိုး ဖြစ်မယ် ဆိုရင်တော့ နှစ်နိုင်ငံဆက်ဆံရေးကို ဒီလိုအရေးပေါ်အဆင့်ထားရှိရေး ရုပ်သိမ်းနိုင်ခြေ ရှိပါတယ်။” လို့ဆိုပါတယ်။
" ဒီစကားအရ သိသာနေတာကတော့ သူတို့ကို လိုလားတဲ့အစိုးရ မတက်လာမချင်း ဒီ Sanction ဆိုတာတွေကို မဖြုတ်ဘူးလို့ ဆိုလိုတဲ့သဘောရှိတယ်" လို့ သတင်းစာဆရာကြီးတစ်ဦးကလည်း ပြောပါတယ်။
အမှန်လည်း စဉ်းစားစရာ ဖြစ်နေတယ်။ အမေစု နိုင်ဖို့အတွက်က အဖက်ဖက်မှ ကြိုးစားပေးနေတယ်၊ အဓိကကတော့ ၅၉(စ)ပြင်ဆင်ရေး ဖြစ်ပါတယ်။ လက်ရှိ ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးရလာဒ်ကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါ တယ်။ ဒီတစ်ကြိမ် လွှတ်တော်အစည်းအဝေးမှာ မပြင်နိုင်ရင်လည်း သူတို့ ကတိပေးထားတဲ့အတိုင်း အမေစုက ဆန္ဒပြ သင့်ရင်လည်း ပြရမှာပေါ့ ဆိုတဲ့ လမ်းကြောင်းကို သွားရအောင်လည်း ဖြစ်နိုင်ပါတယ်။ လက်ရှိ အမေရိကန်ရဲ့ အခြေအနေ ကတော့ စုနိုင်မှ ဖြုတ်မယ်ဆိုတဲ့ သဘောထားလို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။
(ဒေါက်တာ မျိုးချစ်)
Today Myanmar

No comments:

Post a Comment