Friday, May 8, 2015

"ဝ" ပြည်နယ်တောင်းခံမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တိုးမြှင့်ပေးရန် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP)က တောင်းဆိုထားပြီး ယင်းတောင်းဆိုချက်ကို ၂၀၁၅ခုနှစ် မေလ ၁ရက်မှ ၆ရက်အထိ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးကို တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ဖွဲ့တွင် အများစုက ထောက်ခံကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည်။
"ဝ" ပြည်နယ် တောင်းခံမှုကို UWSA၏ စစ်သေနာပတိချုပ် ပေါက်ယိုချမ်းက အစည်းအဝေး ပထမနေ့ မေ ၁ရက်က တက်ရောက်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်နယ် အတွင်းရှိ ပန်ဆန်းမြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်၊ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ် နှင့် ပန်ဝိုင်မြို့နယ် ခြောက်မြို့နယ်အား "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
"ဝ" အဖွဲ့က ယခုကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့် တောင်းခံမှုကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ နှင့် နိုင်ငံရေး လေ့လာသူ အချို့၏ အမြင်များကို မဇ္ဈိမက စုစည်း တင်ပြလိုက်သည်။

ဗိုလ်မှူး စိုင်းလောဝ်ဆိုင်း - ပြောရေးဆိုခွင့်ရှိသူ
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းတပ်မတော် (RCSS/SSA)
ကျွန်တော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးထားတာ မရှိသေးဘူးခင်ဗျ။ ဆိုတော့ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ သဘောထားက မရှိသေးပါဘူး။ ကျွန်တော်ကြားဖူးထားတာက ဥက္ကဋ္ဌ ယွပ်စစ်အနေနဲ့ အများနဲ့သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ် ပြောပါတယ်။ စဉ်းစားဖို့တခုရှိကြတာက ကိုယ်ပိုင်စဉ်းစားချက်တွေပါ။ တတ်သိပညာရှင်တွေလည်း အဲဒီလိုပဲ သိမြင်ကြပါတယ်။ "ဝ" ပြည်နယ်ဆိုတော့ အရင်တုန်းက ကျွန်တော်တို့ ရှမ်း ဖက်ဒရယ် ပြည်ထောင်စုထဲမှာလည်း မပါခဲဖူးပါဘူး။ "ဝ" ပြည်နယ်တောင်းဆိုဖို့ အခွင့်အရေးလည်း ရှိပါတယ်တဲ့။ ရတယ်။ မရဘူး။ အများက သတ်မှတ်ပေးတယ် မသတ်မှတ်ပေးဘူးဆိုတာကတော့ တပိုင်းတကဏ္ဍဖြစ်ပါတယ်။ နဂိုက သမိုင်းအကြောင်းအရ "ဝ" ပြည်နယ်ကို တောင်းဆိုတာလည်း သူတို့ အခွင့်အရေးဖြစ်ပါတယ်ဆိုတာ တတ်သိပညာရှင်တွေရဲ့ အမြင်က အဲဒီလို ရှိတယ်။ အများအားလုံးနဲ့ ဆွေးနွေးချက်အပေါ်မှာပဲ မူတည်ပါတယ်။
နိုင်ငွေသိမ်း - ဥက္ကဋ္ဌ
မွန်အမျိုးသားပါတီ
"ဝ" ကတော့တောင်းနေတာ ကြာပြီး၊ "ဝ" ကကျွန်တော် အုပ်စုထဲကပါပဲ။ ဆွေမျိုးတွေပဲလေ။ ကန့်ကွက်တဲ့သူကတော့ မရှိဘူး။ "ဝ"ကကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အစိုးရက ပေးမယ်ဆိုရင်တော့ လွှတ်တော်တင်ပြီး ဆုံးဖြတ်ပေးရမှာပေါ့၊ ရှမ်းပြည်နယ်ကခွင့်ပြုတာ မကြိုက်ဘူး ။
၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းက လွှတ်တော်မှာ ပြောသွားတယ်။ မြန်မာပြည်ရဲ့လူဦးရေး ၁၀ပုံတစ်ပုံက ထောက်ခံရင် ပြည်နယ်ခွဲပေးလို့ရတယ်၊ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံမှာ ဥပဒေအနေနဲ့တော့ မပါဘူး၊ တစ်ခုစိုးရိမ်တာတော့ရှိတယ်။ "ဝ" ကို နယ်မြေခွဲပေးရင်၊ ပလောင်းတို့ ပအိုဝ်းတို့က အဲ့လိုတောင်းရင် တိုင်းပြည် အစိတ်အမွှာမွှာ ဖြစ်မှာကို စိုးရိမ်တယ်၊ "ဝ" ကို ပြည်နယ်ခွဲပေးဖို့ကို အစိုးရက သဘောတူရင်တော့ လွှတ်တော်မှာ တင်ပြီး ဆုံးဖြတ်ရမှာပေါ့။ "ဝ" တိုင်းရင်းသားတွေကို ထောက်ခံဖို့လိုတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေအနေက နဂိုထဲက ၁၉၈၈ ခုနှစ်နောက်ပိုင်း တိုင်းရင်းလူမျိုးစုတွေ ဖွဲ့ထားတဲ့ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်ဆိုပြီး ဖွဲ့ထားတယ်။ အဲ့ဒီ့ထဲမှာ "ဝ" တိုင်းရင်းသားတို့ နာဂတို့ပါတယ်။ ကျွန်တော့်အမြင်အရတော့ "ဝ" ကို ကိုယ်ပိုင်ပြည်နယ် ပေးသင့်တယ်လို့မြင်တယ်။
ဦးစိုင်းစံမင်း - ရှမ်းပြည်နယ် မဲဆန္ဒနယ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
"ဝ" ကပြည်နယ် ခွဲတောင်းနေတာက သမိုင်းမှာ အရင်က ရှိခဲ့ဖူးလား၊ ရှိခဲ့တယ် ဆိုရင်တော့ ပြသာနာမရှိဘူး။ သမိုင်းမှာရှိခဲ့လို့ တောင်းတာဆိုရင် ပြဿနာ တစ်ခုအနေနဲ့ မြင်တယ်။ သမိုင်းမရှိဘဲနဲ့ သီးသန့်တောင်းရင်တော့ မကောင်းဘူး။ သူ့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနေနဲ့ ရထားတာ ပြည်နယ်တိုင်း အဆင့်ထက်တောင် မြင့်နေသေတယ်။ ကျန်တဲ့ဒေသတွေနဲ့ မတူဘူးလေ။ နိုင်ငံတော်က ပြည်နယ်နဲ့ တိုင်း သမိုင်းထဲမှာ "ဝ" က ပြည်နယ်သာရှိခဲ့ရင် သူတို့တောင်းဆိုတာ မမှားဘူး။ သူတို့ ကိုယ်ပိုင်တောင်အုပ်ချုပ်ခွင့် ရထားတာကို တောင်ဆိုဖို့ မလိုအပ်ဘူး။ တိုင်းနဲ့ ပြည်နယ်က တန်းတူပဲ ပေးပြီးသားကို ထပ်တောင်းဆိုတယ်လို့မြင်တယ်။
ဒေါ်နန်းဝါနု - ရှမ်းပြည်နယ် တောင်ပိုင်း ကွန်းဟိန်းမဲဆန္ဒနယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်
ပြည်နယ်တောင်းတဲ့ကိစ္စကို ကွန်မန့်မပေးချင်ဘူး။ ပင်လုံစာချုပ်အရ ဆိုရင် ကျွန်မတို့ စစ်ကိုင်းတိုင်း၊ ကချင်းပြည်နယ်၊ မန္တလေးတိုင်းမှာရှိတဲ့ ယခင်ရှမ်းလူမျိုးတွေ အနေနဲ့ ကျွန်မ ကချင်ပြည်မှာရှိတယ်။ ရှမ်းတွေက ချင်းပြည်နယ်မှာ ရှမ်းတွေရှိတယ်။ မန္တလေးမှာရှိတယ် ရှမ်းတွေကိုပေါင်းပြီးတော့ အထက်ရှမ်းပြည်နယ်နဲ့ အောက်ရှမ်းပြည်နယ် လုပ်ပေးရင်တော့ ဘာမှ ပြောစရာမလိုဘူးပေါ့။
ဒေါက်တာ ရန်မျိုးသိမ်း - နိုင်ငံရေးလေ့လာသုံးသပ်သူ
"ဝ" ကိုသီးခြားပြည်နယ်အဖြစ် တောင်းဆိုတယ်ဆိုတာ "ဝ" ပြည်နယ်မှာရှိတဲ့ "ဝ" ပြည်သူလူထုအနေနဲ့ တောင်းပိုင်ခွင့်ရှိတယ်လို့မြင်လား။ ဒါပေမယ့် အဲဒီပြည်နယ်ကို ပေးမယ် မပေးဘူးဆိုတာကတော့ ပြည်နယ် ဘယ်လိုပုံစံမျိုးပေးမယ် မပေးဘူးဆိုတာက ပြည်ထောင်စု အစိုးရရော၊ ပြည်ထောင်စု လွှတ်တော်ရော၊ ရှမ်းပြည်အစိုးရရော၊ ရှမ်းပြည်နယ်လွှတ်တော်ရော၊ ရှမ်းပြည်နယ်ရှိအခြား ပြည်သူလူထု၊ နောက် "ဝ" ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုရော အားလုံး ညှိနှိုင်းဆွေးနွေးပြီးတော့မှ သူနိုင်ကိုယ်နိုင် အဖြေတစ်ခုထုတ်ပြီး ဆက်ဆောင်ရွက်ရမယ်လို့မြင်တယ်။
ဒီတောင်းဆိုမှုက တရုတ်ကဖိအားပေးလို့ တောင်းတယ်လို့ လုံးဝမယူဆပါဘူး။ "ဝ" ပြည်နယ်တောင်းလို့ တရုတ်-မြန်မာ ဆက်ဆံရေးက ကြီးကြီးမားမား သက်ရောက်မှု ရှိနိုင်မှာမဟုတ်ပါဘူး။ အခုမှ ပြည်နယ်တောင်းတဲ့ အပိုင်းပဲ ရှိသေးတယ်။ ပြည်သူလူထုတစ်ရပ်လုံးရော၊ ရှမ်းပြည်နယ်ပြည်သူတွေ "ဝ" မှာရှိတဲ့ ပြည်သူလူထုတွေ အားလုံး ဝိုင်းပြီး စဉ်းစားရမယ့် ကိစ္စတွေလို့မြင်တယ်။
ဦးစိုင်းအိုက်ပေါင်း
ရှမ်းပြည်နယ် သစ်တောနှင့် သတ္တု ဝန်ကြီး / ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီ- ကျားဖြူ (SNLD) ဥက္ကဋ္ဌ
ဒါက ပြည်ထောင်စု အစိုးရပေါ်မှာ မူတည်တယ်လေ။ ရှမ်းပြည်နယ်အစိုးရ အနေနဲ့ ဘာမှပြောစရာမရှိပါဘူး။ ပြည်ထောင်စုအစိုးရ အနေနဲ့ ဆုံးဖြတ်ရမှာပေါ့၊ "ဝ" ကို ပြည်နယ်အဆင့်ကို ခွဲပေးဖို့ကို ဥပဒေပိုင်း ပြင်ဆင်ချက်၊ ဒီဟာက သိမ့်မွေ့နက်နဲတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပြောမှာပေါ့။ အခုရှမ်းပြည်နယ်အစိုးရ အနေနဲ့ ဝေဖန်စရာမလိုဘူး။ ပြောစရာတွေကတော့ အများကြီးပဲ။ ပြောမယ်ဆိုရင် ရှမ်းတွေကလည်း ပြောလာမှာပေါ့၊ ကချင်ပြည်နယ် အဲဒါတွေကလည်း ပြဿနာတွေရှိလာမှာပေါ့၊ အရင်တုန်းက ချင်းပြည်နယ်မှာရှိတဲ့ ရှမ်းတွေက ရှမ်းစော်ဘွားလက်အောက်ပဲ သီးသန့်လေးဖြစ်နေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကွန့်မန် ဘာမှမပေးချင်သေပါဘူး။
Mizzima

No comments:

Post a Comment