Friday, May 8, 2015

ဗိုလ်တထောင်ဆိပ်ကမ်းရှိ လက်ဖက်ရည်ဆိုင် ဘူဒိုဇာဖြင့် ရှင်းလင်းရာမှ ပဋိပက္ခဖြစ်

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်း ဗိုလ်တထောင်ဈေးမှတ်တိုင် အနီးရှိ ဦးစိန်သောင်း လက်ဖက်ရည်ဆိုင်ကို မေလ ၇ ရက် နံနက် ၅ နာရီက သက်ဆိုင်ရာက အင်အားသုံးကာ မြေတူးစက် (ဘူဒိုဇာ) ဖြင့် ရှင်းလင်းခဲ့ရာမှ လက်ဖက်ရည်ဆိုင်မှ မိသားစုနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အသက် ၃၁ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ယာယီထိန်းသိမ်းထားကြောင်း ဗိုလ်တထောင်မြို့နယ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့တာ ၁၀ နှစ်ကျော်ပြီ အတင်းဖယ်ခိုင်းနေပေမယ့် အစ်မတို့မှာ ပြောင်းရွှေ့ နေထိုင်စရာ မရှိလို့ မဖယ်ပေးခဲ့တာ။ ဒါကို အင်အားသုံးပြီး ဆိုင်ကိုဖြိုတယ်။ ဆိုင်အနောက်ခြမ်းကို ဘူဒိုဇာနဲ့ ထိုးချလိုက်တာ ပစ္စည်းတွေအားလုံး ပျက်စီးကုန်ပြီ။ ရဲကို ပြန်ခုခံတယ်ဆိုပြီး ဖမ်းခံထားရတဲ့ ကျွန်မမောင်လေးကို ဖြိုဖျက်ထားတဲ့ ပစ္စည်းတွေ အားလုံးရှင်းလင်းမှ ပြန်လွှတ်ပေးမယ်တဲ့” ဟု လက်ဖက်ရည်ဆိုင် ဖြိုဖျက်ခံရသည့် ဆိုင်ပိုင်ရှင် ဒေါ်ငြိမ်းငြိမ်းဝင်းက ပြောဆိုသည်။
အဆိုပါ ဖြိုဖျက်ခံရသည့် ဆိုင်မြေနေရာမှာ ၁၉၉၄ ခုနှစ်တွင် အစိုးရပိုင်မြေအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းမြေနေရာမှ နှစ် ၉၀ ဂရန်ပေါက်သူများကို နစ်နာကြေးပေးလျှော်ရန် စိစစ်နေကာ အိမ်ရာစီမံကိန်း တည်ဆောက်နေသောကြောင့် ကျူးကျော်နေသူများကို ဖယ်ရှားရခြင်း ဖြစ်ကြောင်း၊ ယခုဖယ်ရှားခဲ့သည့် လက်ဖက်ရည်ဆိုင်မှာ နောက်ဆုံးဖယ်ရှားရန် ကျန်ရှိနေသည့် ကျူးကျော်ဆိုင်တစ်ခု ဖြစ်ပြီး ဖယ်ရှားရန် နို့တစ်စာများ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သော်လည်း လိုက်နာမှု မရှိသောကြောင့် အင်အားသုံး ဖယ်ရှားခဲ့ရကြောင်း ဗိုလ်တထောင်မြို့နယ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရှိရသည်။
“ကျူးကျော်ဆိုင် ၃၇ ဆိုင်ကို ပြောင်းရွှေ့ကြေးစရိတ် တစ်ဆိုင် သုံးသိန်းပေးပြီး ဖယ်ရှားခိုင်းခဲ့တာ။ ဧပြီလ ၃၀ ရက်နေ့က အားလုံးဖယ်ပေးခဲ့ပေမယ့် သူ့ဆိုင်တစ်ဆိုင်တည်း ကျန်ခဲ့တာမို့ အဲဒီနေ့က ဆိုင်ရှေ့ဘက်တစ်ခြမ်းကို ဖျက်ခဲ့ပြီး နှစ်ရက်အတွင်း ဖယ်ပေးဖို့ ပြောခဲ့တာကို မဖယ်တဲ့အပြင် သူ့ဘက်က ရှေ့နေနို့တစ်စာပါ ပေးပို့ခဲ့တာကြောင့် ဒီနေ့ အပြီးဖယ်ရှားလိုက်ပေမယ့် လုပ်ငန်းစဉ် မပြီးပြတ်သေးဘူး၊ နှစ်ဖက်ပြေလည်မှု ရအောင် ညှိနှိုင်းနေပါတယ်” ဟု အဆိုပါ အိုးအိမ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
မြို့ပြစီမံကိန်း နယ်မြေအတွင်း ရောက်ရှိနေသည့် အလျား ၄၅ ပေ၊ အနံ ၅၅ ပေရှိသော ဦးစိန်သောင်း လက်ဖက်ရည်ဆိုင်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အိုးအိမ်ဦးစီးဌာနက ဖယ်ရှားပေးရန် နို့တစ်စာကိုးကြိမ် ပေးပို့ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးတွင် ဆိုင်ပိုင်ရှင်နှင့် ခြောက်ကြိမ်ဆွေးနွေးခဲ့ကြောင်း၊ ယင်းမြေနေရာမှ မူလကုန်သွယ်ရေးဝင်းပိုင်မြေ ဖြစ်နေရာ ဖြစ်ပြီး လစဉ်ကြေးပေးကာ ဆိုင်ဖွင့်လှစ်ခဲ့ကြောင်း ဆိုင်ပိုင်ရှင် ဒေါ်ငြိမ်းငြိမ်းဝင်းက ပြောဆိုသည်။
“ပထမ ကုန်သွယ်ရေး၊ နောက် စီးပွားကူးသန်းအပိုင်မြေ ပြောင်းသွားတော့ လစဉ်ကြေး မပေးရတော့ဘူး။ ရေခွန်၊ မီတာခွန်၊ အမြတ်ခွန်နဲ့ ဆိုင်ဖွင့်ခွင့် စည်ပင်လိုင်စင် အားလုံး ကျွန်မဆောင်ခဲ့တယ်။ ဒီနေရာကို မဖယ်ရှားဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ လူကြီးတွေဆီ စာတင်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးကာ ဧဒင်၊ ဝါဝါဝင်းနှင့် ယုဇန ဆောက်လုပ်ရေး တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့က ဗိုလ်တထောင်မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ Time Square အိမ်ရာစီမံကိန်းဝင်းရှိ နို့တစ်စာ အကြိမ်ကြိမ် ထုတ်ပြန်ထားသည့် ကျူးကျော်အဆောက်အအုံများကို အမြန်ဆုံးပြောင်းရွှေ့ရန် ဧပြီလ ၂၉ ရက်နေ့က ဆွေးနွေးခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့က စတင်ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်တထောင် မြို့မရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment