Monday, May 11, 2015

ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲထုတ်ပြန်ချက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်၏ သဘောထား မပါဝင်ဟု ထုတ်ပြန်

 ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် မေလ ၉ ရက်က ပြုလုပ်သော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲမှ ချမှတ်လိုက်သည့် လုပ်ငန်းစဉ်များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် ပါဝင်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း မေလ ၁၀ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။
ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ ဖွဲ့စည်းရန် အစည်းအဝေး တက်ရောက်သူများက မူအားဖြင့် သဘောတူခဲ့ကြသည်ဟု ဆွေးနွေးပွဲအပြီး ထုတ်ပြန်ခဲ့သည်။

သို့သော် ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်သည် လွှဲအပ်တာဝန် မပါရှိသဖြင့် ဆောင်ရွက်ချက်များတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းမရှိဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုသည်။
"ထိုအလုပ်ရုံဆွေးနွေးပွဲတွင် မူလအစီအစဉ်တွင် ပါဝင်ခြင်းမရှိသော Coordination Team ဖွဲ့စည်းရန်နှင့် ကြေညာချက်ထုတ်ပြန်ရန် ဆောင်ရွက်သည့်အခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်သည် လွှဲအပ်တာဝန် (Mandate) မပါရှိပါသဖြင့် အထက်ဆောင်ရွက်ချက်များတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်" ဟု ဖေါ်ပြပါရှိသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၆၄ ပါတီမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်ကော်မတီ ဦးထွန်းထွန်းဟိန် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
မေ ၉ ရက် အင်းယားလိတ် ဆွေးနွေးပွဲတွင် "လွပ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး၊ ပင်လုံစိတ်ဓါတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော်ဆောင်နိုင်မည်ကို ဤ ဆွေးနွေးပွဲ တက်ရောက် လာသူများက သဘောတူကြပါသည်" ဟုလည်း ဖေါ်ပြပါရှိခဲ့သည်။
Mizzima 

No comments:

Post a Comment