Monday, May 11, 2015

အကြွေးဝယ်ကတ် (Credit Card) များ ထုတ်လုပ်ရန် ဗဟိုဘဏ် ခွင့်ပြု

ကြိုတင်ငွေဖြည့်သွင်းရန် မလိုဘဲ အကြွေးစနစ်ဖြင့် ငွေပေးချေနိုင်မည့် အကြွေးဝယ်ကတ် (Credit Card) ထုတ်လုပ်ခွင့်ကို ပြည်တွင်းဘဏ်များ လုပ်ကိုင်နိုင်ရန် ဗဟိုဘဏ်က ခွင့်ပြုလိုက်ကြောင်း Myanmar Payment Union (MPU) အဖွဲ့ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က The Voice သို့ ပြောကြားသည်။
အကြွေးဝယ်ကတ် (Credit Card) များ ထုတ်လုပ်ခွင့်ကို မေလ ၈ ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းဘဏ်များ အဆင်သင့်ဖြစ်ပါက စတင်ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပြည်တွင်းဘဏ်တွေ အသင့်ဖြစ်ရင် ထုတ်နိုင်မယ်။ ထုတ်မယ့်ဘဏ်တွေက ဗဟိုဘဏ်ကို Business Plan (လုပ်ငန်းအစီအစဉ်) တို့၊ လုပ်ထုံးလုပ်နည်းတို့ကို တင်ပြရမယ်” ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။
ကြိုတင်ငွေဖြည့်သွင်းရန် မလိုဘဲ ဘဏ်တွင် လျှောက်ထား၍ အသုံးပြုနိုင်မည့် Credit Card များ ထုတ်လုပ်ရန် ဘဏ်ချေးငွေရယူလိုသူများ၏ အလုပ်အကိုင်၊ ငွေပြန်ဆပ်နိုင်သည့် အခြေအနေများကို စစ်ဆေးမည့် ခရက်ဒစ်ဗျူရို (Credit Bureau) ကို အရင်တည်ထောင်ရန် လိုအပ်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောဆိုသည်။
“စားသုံးသူရဲ့ သမိုင်းကြောင်းကို မသိဘဲနဲ့ Credit (အကြွေး) ဘယ်လိုပေးမလဲ။ စားသုံးသူရဲ့ သတင်းအချက်အလက်ကို ရဖို့က ခရက်ဒစ်ဗျူရို လိုတယ်။ ဒါက သူ့ဓလေ့ပဲ။ စားသုံးသူရဲ့ သမိုင်းကြောင်းကို မသိဘဲ ထုတ်ချေးရင် အရင်ကလို ပြန်ဖြစ်မှာပေါ့။ မဆပ်ဘဲ ထွက်ပြေးတာတို့၊ မဆပ်နိုင်တော့တာတို့ ဖြစ်မှာပေါ့” ဟု ၎င်းက ထောက်ပြသည်။
ထို့အပြင် ခရက်ဒစ်ဗျူရို မပါဝင်ဘဲ အကြွေးဝယ်ကတ် ထုတ်လုပ်နိုင်သော်လည်း လုပ်ကိုင်နိုင်မည့် နယ်ပယ်ကျဉ်းမြောင်းနိုင်ကြောင်း ဦးသန်းလွင်က ထပ်လောင်းပြောကြားသည်။
Credit Card ထုတ်လုပ်ပါက ဝင်ငွေနှင့် ကိုက်ညီသည့် နှုန်းထားကို သေချာစိစစ်ရန် လိုအပ်ပြီး စည်းမျဉ်းစည်းကမ်း များစွာ ရှိလာနိုင်ကြောင်း ဧရာဝတီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖြိုးအောင်က သုံးသပ်ပြောဆိုသည်။
လက်ရှိ ထုတ်လုပ်ခွင့်ပေးလိုက်သည့် အကြွေးဝယ်ကတ်စနစ်တွင် Credit Risk (အကြွေးစွန့်စားမှု) ရှိနိုင်ပြီး ဗဟိုဘဏ်၏ Electronic Payment စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း Myanmar Payment Union အဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် အကြွေးဝယ်ကတ်များကို ပြည်တွင်းဘဏ်များက လုပ်ကိုင်ခဲ့ဖူးပြီး ၂၀၀၃ ခုနှစ်အတွင်း ဘဏ်လုပ်ငန်းများ အကျပ်အတည်း ဖြစ်ပေါ်မှုကြောင့် အဆိုပါစနစ်လည်း ရပ်ဆိုင်းခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment