Friday, May 15, 2015

ရွှေ့ပြောင်းနေထိုင်သူ ၄၀၀ နီးပါး ပါရှိသည့် လှေကို ပင်လယ်ဘက်သို့ ထိုင်းရေတပ် ဆွဲထုတ်ပေး


 ဘင်္ဂါလီ ၄၀၀ ဝန်းကျင် လိုက်ပါလာပြီး ထိုင်းပိုင်နက် ကျွန်းတစ်ကျွန်းတွင် တစ်ပတ်မျှ သောင်တင်နေသည့် လှေတစ်စီးကို ထိုင်းရေတပ်က ပင်လယ်ဘက်သို့ ပြန်ဆွဲထုတ်ပြီး ကမ်းမှ ခွာစေခဲ့ကြောင်း သိရှိရသည်။
 လှေ၏ ပျက်စီးနေသော အင်ဂျင်ကို ပြင်ဆင်ပေးပြီး လိုအပ်သည့် စားနပ်ရိက္ခာနှင့် သောက်ရေတို့ ဖြည့်ဆည်းပေးကာ ပင်လယ်ဘက်သို့ ပြန်လည် ထွက်ခွာစေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လှေသည် ထိုင်းနိုင်ငံတောင်ပိုင်း အင်ဒိုနီးရှားဘက်သို့ ဦးတည် ခုတ်မောင်းသွားကြောင်း ထိုင်းအစိုးရ ရေဒီယိုဌာနက မေလ ၁၅ ရက်တွင် ကြေညာခဲ့သည်။

 ထိုအတောအတွင်း အင်ဒိုနီးရှား ရေတပ်ကလည်း ရွှေ့ပြောင်းအခြေချသူ ရာနှင့်ချီ လိုက်ပါလာသည့် လှေတစ်စီးကို ၎င်းတို့ ရေပိုင်နက်ထဲ ဝင်မလာအောင် ဟန့်တားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါလှေသည် ထိုင်းရေတပ်က ပင်လယ်ဘက် ဆွဲထုတ်ပြီး ထွက်ခွာစေခဲ့သည့် လှေနှင့် တစ်စီးတည်း ဟုတ်၊ မဟုတ်မူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

 ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ အနောက်ပိုင်းဒေသများတွင် နေထိုင်သည့် ဘင်္ဂါလီများသည် ယင်းကဲ့သို့ လှေငယ်များပေါ် လိုက်ပါပြီး အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းကာ မလေးရှားနိုင်ငံသို့ ခိုးဝင်နိုင်ရန် ကြိုးပမ်းလေ့ ရှိသည်။ ၎င်းတို့သည် ပင်လယ်ထဲ မျောပါရင်း အရှေ့တောင်အာရှ နိုင်ငံအချို့၏ ကမ်းခြေများသို့ သွားရောက် သောင်တင်လေ့ရှိရာ ယင်းသည် သက်ဆိုင်ရာနိုင်ငံ အစိုးရများအတွက် ပြဿနာတစ်ခု ဖြစ်လာသည်။

ကုလသမဂ္ဂက အဆိုပါ ဘင်္ဂါလီများကို လက်ခံကယ်ဆင်ပေးထားပါရန် ပန်ကြားထားသော်လည်း ထိုင်း၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံများက ၎င်းတို့ကို ကုန်းပေါ် အတက်မခံဘဲ ပင်လယ်ဘက်သို့သာ မောင်းထုတ်လေ့ရှိသည်။ ထိုင်းရေတပ်က ပင်လယ်ဘက် ဆွဲထုတ်လိုက်သည့် လှေပေါ်သို့ တက်ရောက်ခွင့် ရခဲ့သည့် BBC သတင်းထောက်က ရွှေ့ပြောင်းလုပ်သားများကို မေးမြန်းရာ ယူနီဖောင်းဝတ် လက်နက်ကိုင်များက ၎င်းတို့ကို တစ်ညလုံး စောင့်ကြည့်ခဲ့ကြောင်း၊ လှေ၏ အင်ဂျင်ကို ပြန်ပြင်ပေးပြီး စားနပ်ရိက္ခာများ ထောက်ပံ့ပေးကြောင်း ဖြေကြားခဲ့ကြသည်။

ထိုင်းရေတပ်သည် သစ်သားဖြင့် တည်ဆောက်ထားသည့် လှေကို မေလ ၁၄ ရက်က ထိုင်းတောင်ပိုင်းရှိ ခိုလိုက်ပ်ကျွန်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါလှေသည် ကျွန်းပေါ်တွင် သီတင်းတစ်ပတ်မျှ သောင်တင်နေပြီး ကလေးငယ်များ အပါအဝင် ဘင်္ဂါလီ ရွှေ့ပြောင်း အခြေချသူ ရာနှင့်ချီ ရှီနေကြောင်း သိရသည်။

ထိုင်းရေတပ်သည် လှေကို အမြန်ဆုံး ပြင်ဆင်ပေးပြီး လိုအပ်သည့် စားနပ်ရိက္ခာ၊ သောက်ရေနှင့် ဆေးဝါးများ ဖြည့်ဆည်းပေးကာ မေလ ၁၅ ရက် နံနက်အစောပိုင်းတွင် ကမ်းမှ ခွာစေခဲ့ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗီယာပေါင် နက်ပရာဆစ်က ပြောကြားခဲ့သည်။ “လှေပေါ်မှာ ရှိနေတဲ့ လူတွေကလည်း ထိုင်းကို လာချင်တာ မဟုတ်ပါဘူး။ သူတို့ လိုအပ်တဲ့ ဆေးဝါး၊ လောင်စာဆီ၊ ရေ အားလုံးကို ကျွန်တော်တို့ ဖြည့်ပေးလိုက်တယ်”ဟု ဗီယာပေါင်က ဆိုသည်။

ကုလသမဂ္ဂက ရွှေ့ပြောင်းလုပ်သားများကို ကူညီမှု မရှိလျှင် လူသားချင်းစာနာမှုကဏ္ဍတွင် ဆိုးရွားသော ကပ်ဘေးများ ဖြစ်ပေါ်လာမည်ဟု သတိပေးထားသည်။ ဗီယာပေါင်ကမူ “ကျွန်တော်တို့ကတော့ လူသားဆန်တဲ့အနေနဲ့ ကိုယ်တာဝန်ယူနိုင်သလောက် လုပ်ပေးပြီးပါပြီ။ သူတို့က တခြားနိုင်ငံ တစ်ခုကို သွားချင်တာပါ။ ထိုင်းကို လာချင်တာမှ မဟုတ်ဘဲ။ ဒီတော့ သူတို့သွားချင်တဲ့ လမ်းကြောင်းပေါ် ပြန်ပို့ပေးလိုက်တယ်။ အတင်းမောင်းထုတ်တာတော့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က သွားချင်နေတာပါ”ဟု ဖြေရှင်းခဲ့သည်။

 လှေကို တွေ့ရှိချိန်တွင် ဦးစီးမှူး မပါရှိသော်လည်း ဒေသခံ ထိုင်းငါးဖမ်းလုပ်သားများက လှေပေါ်ရှိ အမျိုးသားအချို့ကို လှေမောင်းနှင်သည့် နည်းလမ်းများ သင်ကြား ပြသပေးလိုက်ကြောင်းလည်း သိရသည်။ “ဘယ်လို ပဲ့ကိုင်ရမယ်ဆိုတာကို သေချာ သဘောပေါက်တဲ့ထိ သုံးနာရီလောက် လေ့ကျင့်ပေးလိုက်ပါတယ်။ သူတို့ ကောင်းကောင်း လုပ်တတ်သွားပါပြီ”ဟု ဗီယာပေါင်က ဆိုသည်။ ထို့အပြင် ခိလိုက်ပ်ကျွန်းပေါ်ရှိ ရေဒါစခန်း တစ်ခုက အဆိုပါလှေ နိုင်ငံတကာ ရေပိုင်နက်ထဲ ဝင်ရောက်သွားချိန်ထိ စောင့်ကြည့်ပေးခဲ့ကြောင်းလည်း ဗီယာပေါင်က ပြောကြားသွားသည်။

_Ref: BBC,Trust

No comments:

Post a Comment