Sunday, May 17, 2015

လိုင်စင်မရှိဘဲ အမျိုးသမီး ၆၀ ကို စင်ကာပူနိုင်ငံသို့ ပို့ဆောင်မည့် အမျိုးသမီး တစ်ဦးကို အမှုဖွင့်

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ လုပ်ကိုင်ရန် လိုင်စင်မရှိဘဲ အမျိုးသမီး ၆၀ ဦးကို စင်ကာပူ နိုင်ငံသို့ ပို့ဆောင်ရန် ဆောင်ရွက်နေသည့် အမျိုးသမီး တစ်ဦးကို မေ ၁၄ ရက်က ကျောက်တံတားမြို့ မရဲစခန်းတွင် အမှုဖွင့်ထားပြီး အဆိုပါအမျိုးသမီးကို စစ်ဆေးနိုင်ရန် ဆောင်ရွက်နေသည်ဟု ကျောက်တံတားမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မေ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

အဆိုပါ ရဲအရာရှိက "အမှုဖွင့်ခံထားရတဲ့ အမျိုးသမီးက သူ့အိမ်မှာမရှိဘူး။ အိမ်မှာ စင်ကာပူကို   ပို့ဖို့ခေါ်ထားတဲ့ ကောင်မလေးတွေတော့ တွေ့တယ်။ ချင်းလူမျိုးတွေ ဖြစ်ပြီး ဗမာစကား ကောင်းကောင်း မတတ်တော့ ဘာမှ မေးလို့မရပါဘူး၊ အမှုဖွင့်ခံထားရတဲ့ အမျိုးသမီးကို ဖမ်းမိမှပဲ ဆက်လက်စစ်ဆေး လို့ရမှာပါ" ဟု ပြောသည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် မေ ၁၄ ရက်၊ မွန်းလွဲပိုင်းက ကျောက်တံတားမြို့ နယ်၊ (၁၇) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းတွင် ဖွင့်လှစ်ထားသည့် ဒဂုံပန်းချယ်ရီကုမ္ပဏီတွင် အမျိုးသမီး ၆၀ ဦးခန့်ကို စင်ကာပူနိုင်ငံသို့ အိမ်အကူအဖြစ် ပို့ဆောင်ရန် အင်္ဂလိပ်စာသင်တန်း ပေးနေသည်ကို တွေ့ရှိခဲ့သဖြင့် အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ၀င်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင်ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရယူထားခြင်း မရှိသည်ကို သိခဲ့ရသဖြင့်  အိမ်ရှင်ဖြစ်သူ အဆိုပါ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးကို အမှုဖွင့်ထားခြင်းဖြစ် သည်ဟု ကျောက်တံတားမြို့မရဲစခန်းက ရဲအရာရှိ တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကို အမှတ် (၆) လူကုန်ကူးရဲတပ်ဖွဲ့က တရားလိုပြု  တိုင်တန်းခြင်းဖြစ်ပြီး ကျောက်တံတား မြို့မရဲစခန်းက (ပ) ၁၃၀/၁၅၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ အက်ဥပဒေ- ၂၆ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment