Monday, May 11, 2015

ပန်ဆန်း နိုင်ငံရေးအမြတ်ထုတ်ပွဲနှင့် အသုံးချခံလိုက်ရသော တိုင်းရင်းသား ခေါင်းဆောင်များ (အပိုင်း-၂)

၂ နှစ်ကျော် ငြိမ်းချမ်းရေးစွမ်းစွမ်းတမံလုပ်ခဲ့တဲ့ NCCT ခေါင်းဆောင်တွေဟာ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)ရဲ့ ပန်ဆန်းအစည်းအဝေးကြောင့် ရှေ့တိုးမရ/နောက်ဆုတ်မရတဲ့ အခြေအနေကို ရောက်ရှိသွားပါ တယ်။
‘‘ကျွန်တော်တို့ ဒီအစည်းအဝေးခေါ်ယူရတဲ့ အဓိကအကြောင်းရင်းကတော့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို တိတိကျကျ တိတိလင်းလင်းနဲ့ ကျွန်တော်တို့ ကြေညာချင်တယ်။ ဖော်ဆောင်ချင် တယ်။ ဒီအတွက်ကြောင့် ဒီမှာ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးဆိုတာ ခေါ်ယူကျင်းပခြင်း ဖြစ်တယ်’’ လို့ “၀” ခေါင်းဆောင် ဦးပေါက်ယူချန်းက ၎င်း၏နေအိမ်တော်ဧည့်ခန်းမဆောင်မှာ မီဒီယာတွေကို ဖြေကြားခဲ့ပါသေးတယ်။ ဒါပေမယ့် ပေါက်ယူချန်း ခေါင်းဆောင်တဲ့ အစည်းအဝေးကြောင့် ငြိမ်းချမ်းရေးအတွက် အချိန်ယူတည်ဆောက်ထားတဲ့ လက်ရှိအနေအထားတွေပါ ပျက်ခဲ့ရပါတယ်။
မတ်လ ၃၁ ရက် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအသင်း NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ အတည်ပြုခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA မူကြမ်းကို လက်တွေ့ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း မရှိတာ ကြောင့် လက်ခံနိုင်ခြင်း မရှိဘူးလို့ “၀” ခေါင်းဆောင် ပေါက်ယူချန်းက အစည်း အဝေး မှာပြောခဲ့ပါတယ်။
ပန်ဆန်းအစည်းအဝေးဟာ ငြိမ်းချမ်းရေး အတွက် ဘာအထောက်အကူမှ မပြုတဲ့အပြင် NCCT အတွင်း မလိုလား အပ်တဲ့ သွေးကွဲမှုကိုသာ ဖန်တီးပေးလိုက်ခြင်းကြောင့် NCCT ဦးဆောင်ပဲ့ကိုင်သူများအတွက် နောက်တစ်မျိုး အရှက်ရစရာ ဖြစ်ရပြန်ပါတယ်။
“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ဟာ NCCT အဖွဲ့ဝင်မဟုတ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ လိုင်ဇာ ထိပ်သီးညီလာခံ၊ လော်ခီးလာ ထိပ်သီးညီလာခံများကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ငြိမ်းချမ်းရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ဖူးခြင်းမရှိဘဲ ယခင်ဆွေးနွေးသဘောတူ ထားတဲ့ ရလဒ်များကို ကန့်ကွက်ခြင်း ကြောင့် လက်မှတ်ထိုးထားတဲ့ NCCT ခေါင်းဆောင်တွေကို အရှက်ရစေခဲ့ ပါတယ်။
နောက်တစ်ခုက “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟုဆိုလျှင် မူးယစ်ဆေးဝါးနှင့် တွဲဖက်ပြီး တစ်ကမ္ဘာလုံးက ရှုမြင်ကြပါတယ်။ United Wa State Army (UWSA) ဟု အင်တာနက်တွင် ရှာဖွေပါက ဘိန်း၊ မူးယစ် ဆေးဝါး၊ ရာမ၊ Ice၊ ဘိန်းဖြူ ဒီဇာတ်ကြောင်းတွေမပါတဲ့ စာမျက်နှာ မတွေ့ရသလောက် ဖြစ်ပါတယ်။ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်များကို ယနေ့အချိန်ထိ အမေရိကန် ရဲတပ်ဖွဲ့စာမျက်နှာမှာ အလိုရှိကြောင်း ဒေါ်လာငွေများစွာနဲ့ ကြေညာထားဆဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ နာမည်ပျက်နေတဲ့ “ဝ” ခေါင်းဆောင် တို့ဟာ ၎င်းတို့ရဲ့နာမည်ပျက်များကို ပန်ဆန်း အစည်းအဝေးကနေ ဖုံးကွယ်နိုင်ရန် ကြိုးစားဆောင်ရွက်ဖို့ အချိန်ရောက်ပြီလို့ ယူဆပုံရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များသာမက အစည်းအဝေးသို့ တက်ရောက်လာတဲ့ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်ခေါင်းဆောင်များကို မေ ၅ ရက်က “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မိုင်းမောခရိုင် မိုင်းမော မြို့နယ်ရှိ ဘိန်းအစားထိုးသီးနှံ စိုက်ခင်းများနဲ့ ဒေသဖွံ့ဖြိုးမှုများကို လိုက်လံပြသခဲ့ပါတယ်။ မိုင်းမောမြို့နယ် ခရီးစဉ်မှာ ပန်ဆန်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်သတင်းရယူနေတဲ့ မီဒီယာအဖွဲ့များလည်း ပါဝင်ခဲ့ရာ “၀” ခေါင်းဆောင် တွေအတွက် မျှော်လင့်ထားသလို ဖြစ်သွားပါတယ်။
ဘိန်းစိုက်တယ်လို့ နာမည်ဆိုးရှိခဲ့တဲ့ “၀” ဒေသထဲမှာ လက်ဖက်၊ ရော်ဘာ၊ သစ်မွှေး၊ ထင်ရှူးတွေ စိုက်ပျိုးနေ ကြောင်း၊ လက်ဖက်က ဧက ၃ ထောင်ကျော်ရှိပြီး မိုင်းမောမှာ အများဆုံး စိုက်ပျိုးကြောင်း၊ ရာဘာကတော့ ဧက ၂ သိန်း ၇ သောင်းရှိကြောင်း တရုတ်သံဝဲနေတဲ့ အမျိုးသမီးတစ်ဦးက လိုက်လံရှင်းလင်း ပြသခဲ့ပါတယ်။ ရာဘာတောတွေကြားထဲက WY ဆေးပြားစက်တွေအကြောင်းတော့ မပါဘူးပေါ့။ ဒါပေမယ့် ၆ ရက်တာ ဆွေးနွေးပွဲကျင်းပချိန်နဲ့ တွေ့ဆုံမေးမြန်း ပွဲပြုလုပ်နေစဉ် အချိန်များမှာ တော့ ယနေ့အချိန်ထိ ဘိန်းစိုက်ပျိုးခြင်းရှိ/မရှိ၊ လတ်တလော ထိုင်းနိုင်ငံတွင်ဖမ်းမိနေတဲ့ “၀” ဒေသထွက် ဆေးပြားများကိစ္စ၊ တန်ထောင်ချီမူးယစ်ဆေးဝါးများနဲ့ UWSA ခေါင်းဆောင်များ ပတ်သက်မှု ကိစ္စများကို ရှင်းလင်းပြောဆိုခြင်း မရှိခဲ့ပါဘူး။
မေလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပန်ဆန်းအစည်းအဝေးကို KIO ၊ KNPP ၊ KNU ၊ PSLF ၊ PNLO ၊ NMSP ၊ MNDAA ၊ AA ၊ RCSS ၊ SSPP နဲ့ NDAA တို့မှ အသုံးချခံ ကိုယ်စားလှယ်ပေါင်း ၆၅ ဦး တက်ရောက် ခဲ့ကြပါတယ်။
ဒေါက်တာမျိုးချစ်
Today Myanmar

No comments:

Post a Comment