Monday, May 11, 2015

စွန့်ပစ်ထားခံရမှုကြောင့် အစာရေစာ ငတ်မွတ်နေသည့် မြန်မာ ၄၆ ဦးကို ထိုင်းအာဏာပိုင်များ ထပ်မံတွေ့ရှိ

ထိုင်းနိုင်ငံ Chumphon ခရိုင်ရှိ တောထဲတွင် ထိုင်းပွဲစားများက ပစ်ထားခဲ့သဖြင့် အစာရေစာ ငတ်ပြတ်နေသည့် မြန်မာ ၄၆ ဦးကို မေလ ၉ ရက်နေ့တွင် ထိုင်းအာဏာပိုင်များက ထပ်မံတွေ့ရှိခဲ့ကြောင်း မန်နေဂျာ အွန်လိုင်းသတင်း တစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါ မြန်မာအလုပ်သမားများကို ထိုင်းအာဏာပိုင်များ တွေ့သည့် အချိန်တွင် မြန်မာများသည် အလွန်မောပန်း နွမ်းနယ်ကာ ထိတ်လန့်နေကြပြီး ဆာလောင်နေကြကြောင်း အချို့မြန်မာများမှာ ငိုကြွေး၍ တာဝန်ရှိသူများအား လက်အုပ်ချီလျက် အကူအညီတောင်းခံကြကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

တောထဲတွင် ပစ်ထားခံရသည့် မြန်မာ ၄၆ ဦးသည် အစာငတ်ပြတ်သဖြင့် အနီးအနားက ကျေးရွာများသို့ အစာရေစာ သွားရောက် တောင်းရမ်းစားသောက်ရာမှ ယင်းကျေးရွာလူကြီးက ထိုင်းအာဏာပိုင်များကို သတင်းပေးခဲ့သဖြင့် ထိုင်းအာဏာပိုင်များက လာရောက်ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း မန်နေဂျာ အွန်လိုင်းသတင်းတွင် ဖော်ပြသည်။
မြန်မာ ၄၆ ဦးအနက် အသက် ၁၂ နှစ်မှ ၄၄ အရွယ်ရှိ အမျိုးသမီးခြောက်ဦး ပါဝင်ပြီး ၁၇ ဦးကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် ခေါ်လာခြင်းဖြစ်ကာ ကျန် ၁၉ ဦးကိုမူ ထိုင်းနိုင်ငံတောင်ပိုင်းသို့ ပို့ဆောင်ရန် ပွဲစားများက ခေါ်ဆောင်လာခြင်း ဖြစ်သည်ဟု ထိုင်းအာဏာပိုင်များ၏ မေးမြန်းချက်ကို မြန်မာများက ပြန်လည်ဖြေဆိုကြောင်း ယင်းသတင်းတွင် ဆက်လက်ဖော်ပြသည်။
တောထဲတွင် နောက်ထပ် မြန်မာ ၁၅၀ ခန့် စွန်ပစ်ခံထားရပြီး မြန်မာနိုင်ငံဘက်ခြမ်းတွင် ရှိသည့် ပွဲစားများ၏ လုပ်သားများ စုဆောင်းရေးစခန်း (ကော့သောင်းမြို့နယ် မာရမ်းကျေးရွာအနီး) တွင်လည်း ထိုင်းနိုင်ငံသို့ သွားရောက်ရန် စောင့်ဆိုင်းနေသူ ရာနှင့်ချီ ရှိသည်ဟု မြန်မာများ၏ ပြောဆိုချက်ကို ကိုးကားက မန်နေဂျာ အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။
အသက် ၃၂ နှစ်အရွယ် ရုပ်ရည်ချောမောသည့် မြန်မာအမျိုးသမီးတစ်ဦးနှင့် ခုနစ်လသားအရွယ် သမီးဖြစ်သူတို့ကို အမျိုးသားဖြစ်သူထံမှ ပွဲစားများ အတင်းအကျပ် လုယူသွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
မေလ ၈ ရက်နေ့ကလည်း ထိုင်းပွဲစားများ ပစ်ထားခဲ့သည့် မြန်မာ ၂၈ ဦးကို ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့ပြီး ယင်းအနက် အသက် ၁၈ နှစ်မှ ၂၀ ကြား ရှိသူ မြန်မာအမျိုးသမီး လေးဦးမှာ ထိုင်းပွဲစားများ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည်။
မြန်မာများသည် ပွဲစားများကို ပွဲစားခအဖြစ် ဘတ် ၇,၀၀၀ (ကျပ် နှစ်သိန်းကျော်) ပေးခဲ့ရပြီး ၎င်းတို့ကို ကော့သောင်း မြို့မှတစ်ဆင့် ကရာ့ဘူရီမြစ် (ပါချန်မြစ်) ကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
သေနတ်ကိုင်ဆောင်ထားသည့် ပွဲစားသုံးဦးက မြန်မာများကို ခေါ်ဆောင်လာခြင်း ဖြစ်ပြီး စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းရ၍ သုံးလသုံးရက် လမ်းလျှောက်လာခဲ့ရကြောင်း၊ ယင်းနောက် ယာယီစခန်းသို့ ရောက်ရှိပြီး ယာယီစခန်းမှ စတင် ကားဖြင့်ခေါ်ရာ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး တင်းကျပ်သဖြင့် တောထဲသို့ ပြန်ခေါ်လာက ပစ်ထားခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
စွန့်ပစ်ထားသဖြင့် နှစ်ရက်တိုင်တိုင် အစားအစာမစားရကြောင်း မြန်မာများက ပြောဆိုထားသည်။
The Voice Weekly

No comments:

Post a Comment