Tuesday, May 26, 2015

"မဲစာရင်းကို စိတ်ဝင်စားကြပြီ"

ရန်ကုန်တိုင်း အစွန်အဖျားမြို့နယ်များအပါအ၀င် မြို့ နယ် ၁၃ မြို့နယ်တွင် မဲစာရင်းများ စတင်ကပ်ထားပေးရာ မြို့တွင်းဧရိယာမြို့နယ်များ၌ ပထမအကြိမ် မဲစာရင်းကပ်ထားခြင်းထက် ပြည်သူလူထုစိတ်ဝင်စားမှု ပိုမိုမြင့်တက်လာကြောင်း သတင်း ရရှိသည်။



၂၀၁၅ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသည်နှင့် အမျှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲစာရင်းများ တိကျ မှန်ကန်စေရန် ဆောင်ရွက်လျက် ရှိရာ ရန်ကုန်မြို့လယ်ရှိ မြို့နယ် ၁၀ မြို့နယ်တွင် မတ်လ ၃၀ ရက် မှ ဧပြီ ၁၂ ရက်အထိ မဲစာရင်းများ ထုတ်ပြန်ကြေညာခဲ့သော်လည်း လူထုစိတ်ဝင်စားမှုနည်းခဲ့သည်။

ယခု ဒုတိယအကြိမ်တွင် ရန်ကုန်တိုင်းအတွင်း သန်လျင်၊ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ထန်းတပင် အစရှိသည့် စည်ပင်သာယာဧရိယာပြင်ပမြို့နယ်များအပြင် သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း၊တောင် ပိုင်း၊ အရှေ့ပိုင်း)အစရှိသည့် ဆင်ခြေဖုံးမြို့နယ် ၁၄ မြို့နယ်၌ မေလ၂၅ ရက် မှ ဇွန်လ ၇ ရက်အထိ မဲပေးခွင့်ရှိသည့် မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကြေညာပေးထားခြင်းဖြစ်သည်။

‘‘လူထုစိတ်ဝင်စားမှုရှိပါ တယ်။ တစ်နေ့တည်းကို လူ ခြောက်ထောင်ကျော် လာကြည့်ကြတယ်။ တခြားမြို့နယ်တွေမှာ ပထမတစ်ကြိမ်လုပ်ခဲ့တာထက် စာရင် စိတ်ဝင်စားမှုတွေ ပိုလာ ပါတယ်။ CSO တွေကလည်း ကြို တင်လှုံ့ဆော်ပညာပေးမှုတွေ လုပ်ပေးကြပါတယ်။ သတ်မှတ်ပုံစံ တွေနဲ့ ကန့်ကွက်တာတွေတော့ တက်လာပါပြီ။ ချက်ချင်းပဲ ခရိုင် ရုံးကို တင်ပါတယ်’’ဟု မြောက် ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစော ၀င်းက ပြောသည်။

မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ၊ ကျေးရွာများအတွင်းရှိ ပြည်သူများမဲစာရင်းတွင် မိမိအမည်ပါဝင်မှုကို စိတ်ဝင်တစားလာရောက်ကြည့်ရှုကာ အချို့နေရာများ၌ အစုလိုက်အပြုံလိုက် လာရောက်ကြည့်ရှုမှုပင်ရှိကြောင်း ခရမ်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အ တွင်းရေးမှူး ဦးမောင်သာစိန်က ပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ အသိ ပညာပေးမှုတွေကို CSO တွေနဲ့ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားပါတယ်။ ဒီနေ့ တက်လာတဲ့ စာရင်းအရတော့ ပြည်သူတွေ စိတ်ဝင်စားမှုပိုလာ တာတွေ့ရပါတယ်။ နိုင်ငံရေးပါတီကသူတွေလည်း မဲစာရင်းကို လာကြည့်တာတွေ့ရပါတယ်’’ ဟု ထန်းတပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုး တင့်က ပြောသည်။

မဲစာရင်းကပ်ထားမှုကို မိ သားစုကိုယ်စား လာရောက်ကြည့် ရှုခြင်းဖြစ်ပြီး အခြားသူများမှာ များသောအားဖြင့် လုပ်ငန်းခွင်သွား ရောက်ခြင်း၊ ကျောင်းတက်ခြင်း အစရှိသည့် ကိစ္စရပ်များရှိနေသ ဖြင့် မဲစာရင်းလာမကြည့်နိုင်သူ များလည်းရှိကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နေ အငြိမ်းစားအရာရှိကြီး  ဦးမြတ်မင်းကဆို သည်။

ရန်ကုန်တိုင်းအတွင်းရှိ ရွှေ ပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ထန်းတပင်၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွအပါအ၀င် မြို့ နယ် ၁၄ ခုတို့တွင် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မဲစာ ရင်းများ ကပ်ထားပေးမည်ဖြစ် သည်။

ပြည်သူများ မဲစာရင်းများ သွားရောက်ကြည့်ရှုပြီး မိမိ၏ အမည်မပါဝင်ပါက ကော်မရှင်က သတ်မှတ်ထားသော ပုံစံ (၃) ကို တောင်းခံဖြည့်စွက်ပြီး သက်ဆိုင် ရာ ရပ်/ကျေးကော်မရှင်များတွင် လျှောက်ထားရမည်ဖြစ်သည်။

ထို့အပြင် အချက်အလက်များ မှားယွင်းဖြည့်စွက်ထားပါက ပုံစံ (၄-၈) ဖြင့် လျှောက်ထားနိုင်ပြီး မဲစာရင်းတွင် မပါဝင်သင့်သူဖြစ်သည့် ကွယ်လွန်ပြီးသူများ၊ ထောင်ကျနေသူများ ပါဝင်ပါက ပုံစံ(၄) ကို တောင်းယူ၍ ကန့်ကွက်နိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။

မဲစာရင်းဖော်ပြရာတွင် အမြဲတမ်းနေထိုင်ကြောင်း သန်းခေါင်စာရင်းပြုလုပ်ထားသည့် မြို့နယ်၌သာ မိမိတို့၏ အမည်စာရင်းပါဝင်မည်ဖြစ်ကာ ဧည့်စာရင်းဖြင့် ခေတ္တနေထိုင်သူများ၏ အမည်စာရင်း ပါဝင်မည်မဟုတ်ကြောင်း ဖော်ပြပါရှိသည်။
7 day

No comments:

Post a Comment