Sunday, May 17, 2015

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်အမှု မေ ၁၉ ရက်နေ့ ကြားနာမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
နိုင်ငံဘဏ္ဍာငွေ သန်းပေါင်းများစွာ အရှုံးပြခဲ့တဲ့ စပါးဝယ်ယူရေး အစီအစဉ်ကို တလွဲစီမံခဲ့တယ်ဆိုပြီး စွပ်စွဲ ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်န၀ပ်ကို စွပ်စွဲထားတဲ့အမှု မေ ၁၉ ရက်နေ့ ကြားနာမှာ ဖြစ်ပါတယ်။

ရာဇ၀တ်မှုကို ထိုင်းနိုင်ငံတော် တရားရုံးချုပ်က မတ်လက လက်ခံထားခဲ့ပြီး ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖွယ် ပါတယ်။ မေ ၁၉ ရက်နေ့ ရုံးချိန်းကတော့ ပထမဆုံး ကြားနာမှု ဖြစ်ပါတယ်။

ဇန်န၀ါရီလတုန်းကလည်း စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ လွှတ်တော်က ယင်လပ်ကို ဒီအမှုမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး နိုင်ငံရေးလုပ်ခွင့် ငါးနှစ် ပိတ်ပင်ခဲ့ပါတယ်။

ယင်လပ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး သူ့ကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အမှုဆင်တာလို့ ချေပပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့တဲ့ ကာလတလျှောက်မှာ တာဝန်တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ရိုးရိုးသားသား မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့တယ်လို့ ယင်လပ်က ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်မှာ ရေးသား ထားပါတယ်။

ဝေဖန်သူတွေကတော့ စပါးဝယ်ယူရေး အစီအစဉ်ဟာ လယ်သမားတွေဆီက ထောက်ခံမှုရအောင် လူပြိန်းကြိုက် လုပ်ခဲ့တဲ့ မူဝါဒအဖြစ် မြင်ကြပါတယ်။

ဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေးခဲ့တဲ့ စပါးဝယ်ယူရေး အစီအစဉ်ကြောင့် နိုင်ငံ ဘဏ္ဍာငွေ ဒေါ်လာ ၁၆ ဒသမ ၄၆ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ဘဏ္ဍာရေး ၀န်ကြီးက ဖေဖော်ဝါရီလက ပြောပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment