Monday, May 11, 2015

လားရှိုးမြို့ ရပ်ကွက်(၁၂)၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွား ကလေးငယ်တစ်ဦး သေဆုံး (၂)ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၁၂)၌ မေလ(၉)ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ သိရှိရသည်။
စည်ပင်သာယာဝန်ထမ်းများနေထိုင်သည့် လားရှိုးမြို့ရပ်ကွက်(၁၂) မြို့နယ်စည်ပင်သာယာရေးဌာန ကုန်တင်ယာဉ်ကြီးများ ရပ်နားစခန်းရှိ ကိုဝင်းအောင်တို့ မိသားစုသုံးဦးနေထိုင်သောအခန်းတွင် နံနက် (၁၁း၀၀)နာရီ ၀န်းကျင်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့စနေနေ့က ရေချောင်းမှာ ပန်းခူးရင်းနဲ့ လျက်ဆားပုလင်းမှတ်ပြီးယူခဲ့တာပါ။ ဒီနေ့မှသူတို့အဖေ ကိုဝင်းအောင်က ယူကြည့်ပြီး အဖုံးကိုဖွင့်တယ်။ ပြီးတော့တွေ့တဲ့ဂွင်းကိုစွဲလိုက်တာ မီးခိုးတွေထွက်လာပြီးတော့ အုန်းဆို ကွဲသွားခဲ့တာပါ။”ဟု ကိုဝင်းအောင်၏ ဇနီးဒေါ်အေးဝင်းက ပြောသည်။

အဆိုပါပေါက်ကွဲမှုကြောင့် မိဘနှစ်ဦးမှာ ပြတ်ရှဒဏ်ရာများဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေပြီး ၎င်းတို့၏ (၃)နှစ်အရွယ်ကလေးမှာ ဆေးရုံးရောက်ရှိပြီးနာရီဝက်ခန့်အကြာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မိသားစု(၃)ဦးမှာ ဖြူးမြို့မှ လားရှိုးမြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေသည်မှာ (၈)နှစ်ခန့်ရှိပြီဖြစ်ပြီး စည်ပင်သာယာရေးဌာနတွင် ၀န်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ကာ လက်ရှိအချိန်၌ မြို့ဂုဏ်ဆောင် အမှိုက်သိမ်းဌာနတွင် ၀န်ထမ်းဖြစ်ကြောင်း သိရသည်။
“အစိမ်းရောင်လေးလက်မခွဲခန့်ရှိတဲ့ လက်ပစ်ဗုံးလို့ယူဆရပါတယ်။ အိမ်ထဲမှာမိသားစု စုထိုင်တဲ့အချိန်မှာ ကွဲသွားတာလို့သိရပါတယ်။ ပြည်သူများအနေဖြင့်လည်း အခုချိန်မှာ မသင်္ကာစရာ ဘာပစ္စည်းပဲတွေ့တွေ့ ဘာမှမလုပ်ဘဲနဲ့ သက်ဆိုင်ရာကို လာရောက်ပေးအပ်ပြီး ပူးပေါင်းပေးပါလို့ပြောခြင်တယ်။” ဟု ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး အောင်မြတ်မိုးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လားရှိုးနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၅ ဖွင့်လှစ်ထားကြောင်း သိရသည်။
ထိုပေါက်ကွဲမှုမှာ ၂၀၁၅ ခုနှစ်အတွင်း လားရှိုးမြို့၌ ပထမဆုံးအကြိမ်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် (၈)လခန့်က  ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့သော နေရာဝန်းကျင်တွင် တရုတ်နိုင်ငံသား(၈)ဦးထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည့် နေရာဖြစ်ကြောင်း သိရသည်။
myitmakhamediagroup

No comments:

Post a Comment