Sunday, May 17, 2015

အရေးပါသည့် နိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နိုင်ရေး NDF ကြိုးပမ်းရမည်ဟုဆို

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)သည် အရေးပါသည့် နိုင်ငံရေးအခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နိုင်ရေး လာမည့်လွှတ်တော်သက်တမ်း၌ သင့်လျော်သည့် ကိုယ်စားလှယ်အရေအတွက် ရရှိရေး ကြိုးပမ်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ပြောကြားလိုက်သည်။

မေလ ၁၆ရက်က စတင်ပြု လုပ်သည့် NDFပါတီဆဋ္ဌမအ ကြိမ်နိုင်ငံလုံး ဆိုင်ရာ ဗဟိုဦးစီး ကော်မတီ ညီလာခံအဖွင့်မိန့်ခွန်းပြောကြားရာတွင် ဦးခင်မောင်ဆွေက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘၂၀၁၅ ရွေးကောက်ပွဲမှာ NDFပါတီဟာအရေးပါတဲ့နိုင်ငံ ရေးအခန်းကဏ္ဍက ဆက်လက်ပါ ၀င်နေရေးပဲဖြစ် တယ်။ ဒါကြောင့် ၂၀၁၅လွှတ်တော် အသီးသီးမှာ ခံ့ညားလောက်တဲ့ကိုယ်စားလှယ်အရေအတွက် ရရှိဖို့ ကြိုးပမ်းကြရပါမယ်။ ဒါဟာ ဒီကနေ့ ညီလာခံကြီးရဲ့ အဓိကရည်ရွယ်ထားတဲ့ နည်းဗျုဟာသတ်မှတ်ချက် ဖြစ်ပါတယ်’’ဟု ဦးခင်မောင်ဆွေက ပြောသည်။

လက်ရှိနိုင်ငံရေးအခင်းအ ကျင်းအရ လာမည့်ရွေးကောက်ပွဲ တွင် ပြည်ထောင်စုအဆင့်လွှတ် တော်များ၌ အင်အားကြီးပါတီနှစ်ခုသာ အကြိတ်အနယ်ယှဉ်ပြိုင်ရ မည့်အလားအလာဖြစ်ပြီးအခြား ပါတီများ အနိုင် ရရှိရန် ခက်ခဲနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြောသည်။

‘‘ဒါကတော့ ရွေးကောက်ပွဲနီး ပြီဆိုရင် ဒီလိုပဲပြောရတာပါပဲ။ ဒါပေမဲ့ သူတို့အနေနဲ့က ပီအာရ်ကိုဦးဆောင်ပြီး တင်ထားတဲ့အချက် ရယ်၊ နောက်ပိုင်းမှာအာဏာရပါ တီနဲ့ နီးစပ်လာတယ်ဆိုတဲ့ဝေဖန်ခံ ရမှုတွေ၊ ခြောက်ပွင့်ဆိုင်လိုတွေ့ ဆုံမှုမျိုးကို လက်မခံတာမျိုးတွေ ပေါ့။ ဒီလိုကိစ္စမျိုးတွေကြောင့်လူ ထုထောက်ခံမှု တွေ လျော့ကျလာ နိုင်တယ်’’ဟု ၎င်းကပြောသည်။

ပါတီ၏ လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ညှိနှိုင်းရန်နှင့် ပါတီတွင်း ကိစ္စရပ်များ ဆွေးနွေးနိုင်ရန် နှစ်စဉ်ပြုလုပ်သည့် အဆိုပါအစည်းအဝေးကို မေလ ၁၆မှ ၁၇ရက်အထိ နှစ်ရက်ကြာပြုလုပ်မည်ဟု NDF က သတင်း ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)သည် ၂၀၁၀အထွေ ထွေရွေးကောက် ပွဲကို သပိတ် မှောက်ခဲ့သဖြင့် ဒေါက်တာသန်း ငြိမ်း၊ ဦးခင်မောင်ဆွေတို့ ဦး ဆောင်သည့် NLDပါတီဝင်အချို့ က NDFပါတီတည်ထောင် ကာ ခမောက် အမှတ်တံဆိပ်ဖြင့် ၂၀၁၀အထွေထွေရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ရာ ၁၆နေ ရာအနိုင်ရရှိခဲ့သည်။

သို့သော် NLD ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၂ကြားဖြတ် ရွေးကောက်ပွဲတွင် NDF ပါတီက မဲဆန္ဒ နယ် ၁၁ နယ်၌ ၀င်ရောက် ယှဉ်ပြိုင် ခဲ့သော်လည်း အနိုင်မရခဲ့ပေ။

7Day DAILY 

No comments:

Post a Comment