Monday, June 1, 2015

အကွဲအပြဲများနဲ့ လော်ခီးလာရလဒ် ဘယ်လိုထွက်ပေါ်မလဲ?

လာမယ့် ဇွန် ၂ ရက်နေ့မှာ လော်ခီးလာတွေ့ဆုံဆွေးနွေးပွဲ စတင်တော့မှာဖြစ်ပါတယ်။ ကြားထားရတဲ့သတင်းက ငြိမ်းချမ်း ရေးအတွက် အပစ်အခတ်ရပ်စဲရေး ရောင်နီသန်းတော့မယ်ဆိုတဲ့ အပေါင်းလက္ခဏာပါ။ NCCT ခေါင်းဆောင်တွေက NCA Final draft ကို အပြီးသတ်ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို အစိုးရနဲ့ NCCT တို့အပြီးသတ်လက်မှတ်ရေးထိုးနိုင်ခဲ့ရင် မြန်မာပြည်သူတို့အတွက် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပေါ့ဗျာ။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေအတွက် အနှစ်နှစ် အလလက မျှော်လင့်ခဲ့တဲ့ တည်ငြိမ် အေးချမ်းမှုအရသာကို ရရှိခံစားရတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် အပြုသဘောဆောင်စွာ အကောင်းဘက်ကိုဆွဲယူပြောနေရသော်လည်း တွေ့ဆုံဆွေးနွေးပွဲ မစခင်ကြားနေရတဲ့ အက်ကြောင်းသံလေးတွေကြောင့်လည်း စိုးရိမ်စရာဖြစ်မိပါရဲ့။ ဒီလော်ခီးလာမှာ အပြီး မသတ်နိုင်ရင် ငြိမ်းချမ်းရေးဆိုတဲ့ ခရီးရှည်ကြီးဟာ တော်တော်နဲ့အဆုံးသတ်နိုင်တော့မှာ မဟုတ်ဘူးလို့ မြင်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း ထဲမှာ မဖြစ်မနေအပြီးသတ်ဆောင်ရွက်ရမယ့် ကိစ္စတွေအနက် ဒီအပစ်ရပ်ရေးဟာလည်း အရေးကြီးတဲ့အချက်တစ်ချက် ဖြစ်နေပါတယ်။
မကြာခင်ရွေးကောက်ပွဲတွေစတော့မယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေသာအပစ်ရပ်လက်မှတ် မထိုးနိုင်ဘူးဆိုရင် အဲဒီဒေသက တိုင်းရင်းသားတွေ အလွန်နစ်နာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်မြေမတည်ငြိမ်မှုကိုအကြောင်းပြပြီး လက်နက်ကိုင်တွေက ရွေးကောက်ပွဲကျင်းပခွင့်ပေးမှာမဟုတ်တဲ့အတွက် အဲဒီဒေသက တိုင်းရင်းသားတွေ မဲထည့်ခွင့်အခွင့် အရေးဆုံးရှုံးရမှာဖြစ်ပါတယ်။ ပြီးရင် ရွေးကောက်ပွဲတွေ ကျင်းပမယ့်အချိန် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အပစ် မရပ်သေးတဲ့အတွက် သူတစ်လူငါတစ်မင်း အုံကြွမလာဘူးလို့ ဘယ်သူအာမခံမလဲ။
အခုလည်းပဲ ကိုးကန့်ဒေသမှာ MNDAA ၊ ရှမ်းမြောက်မှာ TNLA ၊ ကချင်ပြည်နယ်မှာ KIA စတဲ့အဖွဲ့ တွေဟာ တိုက်ပွဲတွေ ဖြစ်အောင် ဖန်တီးနေကြတာပဲ။ MNDAA ကိစ္စဆိုရင် မြန်မာပြည်သူတစ်ရပ်လုံးက ခွင့်မလွှတ်နိုင်တဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားမှုဖြစ်ပါတယ်။ အဲဒီအဖွဲ့ကို TNLA နဲ့ AA တို့လိုအဖွဲ့ တွေက ကူတိုက်ပေးသေးတယ်။ ဒါကိုကြည့်ရင် အစိုးရနဲ့ NCCT တို့လုပ်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ်ကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ လက်နက်ကိုင်တချို့ရှိနေတယ်ဆိုတာ သက်သေပြနေတာ ဖြစ်ပါတယ်။
“ လော်ခီးလာက တကယ်ရောအသက်ဝင်မှာလားမေးစရာပါ။ ပန်ဆန်းညီလာခံမှာတုန်းက NCCT ခေါင်းဆောင်တွေအနေနဲ့ MNDAA၊ TNLA ၊ AA သုံးဖွဲ့ကို အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးခွင့်ပြုဖို့ ပြောတယ်။ အစိုးရဘက်က လက်မခံဘူး၊ အခု TNLA က NCCT အဖွဲ့ဝင်အဖြစ်ကနေ တရားဝင်နုတ်ထွက်မယ် ဘာညာဆိုပြီး ပြောလာတယ်။ အစိုးရအနေနဲ့ NCCT ရဲ့လုပ်ဆောင်မှုကို ဂရုစိုက်ကြည့်ဖို့တော့လိုတယ်။ သူတို့ ဘက်ကို အစိုးရက စောင့်ပေးနေရတာ၊ သူတို့အချင်းချင်းမှာ ပြဿနာတွေဖြစ်နေတာ” ဟု ငြိမ်းချမ်းရေး လိုလားသော ပြည်သူတစ်ဦးက ဆိုပါတယ်။
KNU နယ်မြေဖြစ်တဲ့ လော်ခီးလာမှာ ကျင်းပပြုလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အင်အားကြီး လက်နက်ကိုင်အဖွဲ့များဖြစ်ကြတဲ့ UWSA၊ NDAA၊ RCSS/SSA အဖွဲ့တွေကို ဖိတ်ကြားထားပေမယ့် အဲဒီအဖွဲ့တွေက မတက်ဘူးလို့ အကြောင်းပြန်ထား တာတွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသား အားလုံးနဲ့ သက်ဆိုင်တဲ့ အခုလိုပွဲမျိုးကို မတက်ရောက်ဘူး ဆိုတာက စည်းလုံးညီညွတ်မှုမရှိတာ တစ်နည်းအားဖြင့် အကွဲ အပြဲဖြစ်နေတာလို့ သတ်မှတ်ယူဆနိုင်ပါတယ်။
“ အရင်တွေ့ဆုံဆွေးနွေးပွဲတွေမှာတုန်းကတည်းက “၀” နဲ့ မိုင်းလားက မတက်တာ၊ အခုလည်း မတက်ဘူး။ မတက်တာက အရေးမကြီးပါဘူး။ အပစ်ရပ်စာချုပ်မှာသူတို့အဖွဲ့နှစ်ဖွဲ့လက်မှတ်ထိုးစရာ မလိုဘူး ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ အရင်ကတည်းက ငြိမ်းချမ်းရေးယူခဲ့တာမှန်တယ်။ “၀” နဲ့ အစိုးရ တပ်တွေကြား တိုက်ပွဲတွေမဖြစ်ဘူးဆိုတာလည်း မှန် တယ်။ ဒါပေမယ့် “၀” က MNDAA လို လုပ်မလာဘူးလို့ ဘယ်ပြောနိုင်မလဲ၊ ဖုန်ကြားရှင်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တာတောင် လောက်ကိုင်ကို ပြန်တိုက်သေးတာ၊ အာမခံချက်သက်သေ အထောက်အထားဖြစ်အောင် အပစ်ရပ် စာချုပ်မှာ လက်မှတ်ထိုးကို ထိုးရမယ်၊ ဒါမှ သူတို့ကို ယုံကြည်လို့ရမှာ” ဟု နိုင်ငံရေးနဲ့စစ်ရေးလေ့လာသူ ကျွမ်းကျင်ပညာ ရှင်တစ်ဦးကလည်း သုံးသပ် ပြောကြားသွားပါတယ်။
NCCT အဖွဲ့ဝင်အဖြစ်မှ TNLA နှုတ်ထွက်မှာဖြစ်သလို၊ UWSA ၊ NDAA နဲ့ RCAA/SSA တို့ကလည်း မတက်ရောက် ခြင်းတွေက လော်ခီးလာတွေ့ဆုံဆွေးနွေးပွဲအပေါ် ရိုက်ခတ်မှုများရှိလာပါတယ်။ RCSS/SSA အဖွဲ့ကို လော်ခီးလာညီလာခံ တက်ဖို့ အစိုးရဘက်ကလည်း တိုက်တွန်းမှုတွေရှိနေတယ်လို့ သိရပါတယ်။ လော်ခီးလာရလဒ်ဟာ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုအပြီးသတ်လက်မှတ် ထိုးဖို့ဆုံးဖြတ်မှာဖြစ်တဲ့အတွက် တိုင်းရင်းသား အားလုံး ပါဝင်သင့်တယ်လို့မြင်ပါတယ်။ အကြာမီ လော်ခီးလာ တွေ့ဆုံပွဲစတော့မှာဖြစ်ပါတယ်။ လတ်တလော အခြေအနေများအရ အကွဲအပြဲများနဲ့ လော်ခီးလာရလဒ် ဘယ်လိုထွက်ပေါ်လာဖြစ်မလဲဆိုတာ စောင့်ကြည့်သွားရတော့မှာပဲဖြစ်ပါတယ်။
ကောင်းသန့်
burmesetreasure

No comments:

Post a Comment