Monday, June 1, 2015

အာရုံစူးစိုက်မှု အပြည့်ထားရမည်ဟု မြန်မာယူ ၂၀ အသင်းကို လက်ထောက်နည်းပြ သတိပေး

နယူးဇီလန်နိုင်ငံတွင် ကျင်းပလျက် ရှိသည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ယှဉ်ပြိုင်နေသည့် မြန်မာယူ ၂၀ အသင်း အနေနှင့် လက်ရှိအချိန်သည် အာရုံစူးစိုက်မှု အပြည့်ထားရမည့်အချိန် ဖြစ်ကြောင်း မြန်မာယူ ၂၀ အသင်း လက်ထောက်နည်းပြ ဦးညီညီလတ်က သတိပေး ပြောကြားလိုက်သည်။
အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲဝင် မြန်မာယူ ၂၀ အသင်းသည် မေလ ၃၀ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် အမေရိကန်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ရန်နိုင်ဦး၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမေရိကန်အသင်းကို ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်ပေးခဲ့ရသောကြောင့် နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။ သို့သော် ယင်းပွဲစဉ် ကစားပုံနှင့် ပတ်သက်၍ ချီးကျူးမှုများ ရှိနေရာ ယင်းအပေါ်တွင် သာယာမနေဘဲ အာရုံစူးစိုက်ထားကြရန် လိုအပ်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာယူ ၂၀ အသင်း အနေနှင့် အဖွင့်ပွဲစဉ်တွင် အမေရိကန် ယူ ၂၀ အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ကျန်ပွဲစဉ်များတွင် ရလဒ်ကောင်း ရယူလိုပါက ကစားသမားများအနေနှင့် အာရုံပျံ့လွင့်ခြင်း မရှိအောင် ပြင်ဆင်ရမည်ဟု ဦးညီညီလတ်က ပြောဆိုသည်။
“လာမယ့်ပွဲအတွက်က ပြီးခဲ့တဲ့ပွဲကလောက်၊ ဒါမှမဟုတ် အဲဒီထက်သာအောင် လုပ်ရမှာမို့ ဒီအချိန်မှာ တစ်သင်းလုံး အာရုံစူးစိုက်မှု အပြည့်ထားရမယ်” ဟု ဦးညီညီလတ်က ဆက်လက်ပြောဆိုသည်။
မြန်မာ ယူ ၂၀ အသင်းအနေနှင့် လက်ရှိအချိန်၌ ကစားသမားများ၏ ကြံ့ခိုင်မှုပိုင်း ပုံမှန်ပြန်ဖြစ်စေရန်အတွက် Recovery Training များကို ပြုလုပ်လျက်ရှိကြောင်း၊ ယူကရိန်းအသင်းနှင့် ပွဲစဉ်အတွက် ဗီဒီယိုမှတ်တမ်းများကို ကြည့်ရှုကာ ပြင်ဆင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာ ယူ ၂၀ အသင်းသည် ယူကရိန်းအသင်းနှင့် ဇွန်လ ၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် (မြန်မာစံတော်ချိန်) တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမေရိကန်အသင်းနှင့် အိမ်ရှင် နယူးဇီလန်အသင်းတို့မှာ ယင်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် (မြန်မာစံတော်ချိန်) တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
လက်ရှိအချိန်၌ မြန်မာအသင်းကို အနိုင်ရရှိထားသည့် အမေရိကန်အသင်းသည် ရမှတ်သုံးမှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ယူကရိန်းအသင်းနှင့် နယူးဇီလန်တို့မှာ သရေတစ်မှတ်စီဖြင့် ပူးတွဲဒုတိယ ရပ်တည်နေကာ မြန်မာအသင်းမှာ အုပ်စုအောက်ဆုံးတွင် ရပ်တည်နေသည်။
The Voice Weekly

No comments:

Post a Comment