Tuesday, June 2, 2015

ပြိုင်ဘက်များနှင့် အဆင့်ကွာဟချက် ကြီးကြီးမားမား ရှိနေဆဲဟု မြန်မာ ယူ-၂၀ နည်းပြချုပ် ဝန်ခံ

ယူကရိန်းကို ဂိုးပြတ် အရေးနိမ့်ခဲ့သည့်နောက် မြန်မာ ယူ-၂၀ အသင်းသည် အခြားပြိုင်ဘက်များနှင့် အဆင့်အတန်းကွာဟမှု ကြီးကြီးမားမား ရှိနေဆဲဖြစ်ကြောင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ဝန်ခံ ပြောကြားလိုက်သည်။

  မြန်မာသည် ပထမပိုင်း ၄၅ မိနစ်တွင် ဥရောပပြိုင်ဘက်ကို အကောင်းဆုံး ရင်ဆိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ယူကရိန်း၏ သွင်းဂိုးများကို ဆက်တိုက် ခွင့်ပြုခဲ့ရသလို ကစားသမား တစ်ဦးပါ အနီကတ်ပြသ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ မြန်မာအသင်းသည် ယခုအခါ နှစ်ပွဲကစား၊ နှစ်ပွဲရှုံးပြီး တစ်ဂိုးသွင်းကာ ရှစ်ဂိုးပေးထားရသည့်နောက် အုပ်စု(A) နောက်ဆုံးတွင် ရပ်တည်လျက် ရှိသည်။ သင်္ချာနည်းအရ နောက်ဆုံးပွဲတွင် အိမ်ရှင် နယူးဇီလန်ကို အနိုင်ရခဲ့ပါက အကောင်းဆုံး အုပ်စုတတိယ စာရင်းတွင် ပါဝင်ပြီး နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက် ငွေ့ငွေ့ ရှိသေးသော်လည်း ဂျာမန်သား နည်းပြကြီးကမူ လက်တွေ့ဖြစ်နိုင်ခြေ နည်းလွန်းကြောင်း မှတ်ချက်ပြုခဲ့သည်။

ဂတ်ဖရိုင်းဒရစ်က “ကျွန်တော်တို့ အသင်းဟ တစ်ပွဲစာလောက်ပဲ ခွန်အားရှိတယ်ဆိုတာ မြင်သာခဲ့ပါတယ်။ ဥရောပ အသင်းတွေဟာ ကျွန်တော်တို့ လိုက်မမီနိုင်တဲ့ တခြားအဆင့်အတန်း တစ်ခုမှာ ကစားနေတာပါ။ ကျွန်တော်တို့က စမ်းတဝါးဝါး ဖြစ်နေပြီး အတွေ့အကြုံလည်း မရှိဘူး။ ဒီအချက်က အရမ်းကို ရှင်းလင်းပါတယ်။ ဒီအရှုံးက စိတ်ပျက်စရာပါ။ ကျွန်တော်တို့အတွက်တော့ ဒီပြိုင်ပွဲမှာ ကစားရတာ အရမ်းစောနေသေးတယ်”ဟု ဆိုသည်။

၎င်းက “ကျွန်တော့်အသင်းက တော်တော်လေး အားနည်းပါတယ်။ အမေရိကန်နဲ့ ပွဲတုန်းကလိုပဲ။ ဒုတိယပိုင်းအစ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်အတွင်းမှာ ပွဲကို ကျွန်တော်တို့ ထိန်းချုပ်နိုင်စွမ်း လွတ်ထွက်သွားတယ်။ ကျွန်တော်တို့ လက်တွေ့ကျကျ မြင်နိုင်ဖို့ လိုပါတယ်။ ပျော်စရာတွေ ပြီးသွားပါပြီ။ မြန်မာပရိသတ်တွေကို ကျွန်တော် တောင်းပန်ရပါမယ်။ ဒီလို ဆိုးရွားတဲ့ အရှုံးမှာ ကျွန်တော်က တာဝန်ရှိသူပါ။ ဒါပေမဲ့ စက်ဘီးသမားတစ်ယောက်ကို ပြိုင်ကားမောင်းသမား ဖြစ်လာအောင်တော့ ကျွန်တော် မလုပ်နိုင်ပါဘူး”ဟုလည်း ပြောကြားခဲ့သည်။

နောက်တစ်ဆင့်တက်ခွင့်အတွက် သေချာသလောက် ဖြစ်သွားသည့်နောက် ယူကရိန်း နည်းပြ အိုလက်ဆန်ဒါ ပက်ထရိုကော့ဗ်က ဒုတိယပိုင်း အစတွင် နည်းဗျူဟာ ပြောင်းလဲလိုက်ခြင်းက မြန်မာအသင်းအပေါ် အသာစီး ရသွားစေကြောင်း မှတ်ချက်ပြုခဲ့သည်။ “ရလဒ်ကို ကျွန်တော် အရမ်းကျေနပ်မိပါတယ်။ ဗလာရီ လူခ်ျကီဗစ်ခ်ျကို ပထမပိုင်း အပြီးမှာ လူစားလဲထည့်ဖို့ ကျွန်တော်က ကြိုစီစဉ်ထားပါ။ အစောပိုင်းမှာ ကျွန်တော်တို့ အသင်းက မြန်နှုန်း အရမ်းအားနည်းနေတယ်။ ဒုတိယပိုင်း အစမှာ သူကစားသင့်ကြောင်း ကျွန်တော်တို့ သဘောတူထားပြီးသားပါ။ တကယ်လည်း သူက အသင်းရဲ့ ကစားပုံကို မြှင့်တင်ပေးနိုင်ခဲပါတယ်။ ပထမပိုင်းမှာ ဂိုးသွင်းဖို့ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ အပိုင်အခွင့်အရေးတွေ ပိုရလာတယ်။ ဒါဟာ ကျွန်တော်တို့ ဘောလုံး ကစားနေတဲ့ အကြောင်းရင်းပါပဲ”ဟု ၎င်းက ကြွေးကြော်ခဲ့သည်။

အုပ်စု(A) ပွဲစဉ် ၂ တွင် နယူးဇီလန်ကလည်း အမေရိကန်ကို ၄-၀ ဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည့်နောက် မြန်မာအသင်း အနေဖြင့် နောက်ဆုံးပွဲစဉ်တွင် အနိုင်ရပြီး အကောင်းဆုံး အုပ်စု တတိယ ၄ သင်းတွင် ပါဝင်ကာ နောက်တစ်ဆင့်တက်ရန် အတိုင်းအတာ တစ်ရပ်ထိ အခွင့်အရေး ရှိနေဆဲဖြစ်သည်။

_Ref: FIFA

No comments:

Post a Comment