Friday, June 12, 2015

၂၀၀၈ လောဂျစ်

ဇွန်လ(၁) ရက်နေ့မှစပြီး (တစ်ဆင့်ပြီး တစ်ဆင့်) လွှတ်တော်အသီးသီးမှာ မီဒီယာသမားတွေကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော် နာယက သူရ ဦးရွှေမန်းက “ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ ၃၁.၃.၁၅ ရက်မှာ လွှတ်တော်အတွင်း စက်ခလုတ် အသုံးပြုပြီး မဲခွဲဆုံးဖြတ်ရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက မဲခွဲချိန်မှာ ရှိမနေဘဲ အနီးအနားက လွှတ်တော်ကိုယ်စားလှယ်အတွက်ပါ မဲပေးနေတဲ့ သတင်းဓာတ်ပုံ များကို ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြချက်အရ လွှတ်တော်အနေနဲ့ သိရှိပြီး ဒီလိုဆောင်ရွက်ခဲ့တဲ့ ကာယကံရှင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ ခေါင်းဆောင်များကို ပြည်ထောင်စုလွှတ်တော် နာယက ကိုယ်စား ဒုတိယ နာယက က ခေါ်ယူတွေ့ဆုံပြီး သတိပေးရှင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်” လို့ ကန့်သတ်မှုရဲ့ အခြေခံအကြောင်း ဖြစ်ပျက်ခဲ့ပုံကို ဦးစွာ ပြောပါတယ်။

သတင်းဓာတ်ပုံ ဖော်ပြခဲ့တာကတော့ ၁၀.၄.၁၅ နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်မှာပါ။ တစ်လကျော်ကျော် နှစ်လနီးပါးကြာမှ ဒီကိစ္စက ပြန်လည်အသက်ဝင်လာတာ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော် နာယကထံ စာရေးသား တင်ပြခဲ့ပါတယ်။ စာပါ အကြောင်းအရာ အချို့ကို သူရ ဦးရွှေမန်း ပြန်ပြောပြတာက “ နောင်တွင် အလားတူ မဖြစ်စေရေး သတိပြုဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်များ အနေနဲ့ သဘောရိုးဖြင့် ဆောင်ရွက်ခဲ့တာဖြစ်လို့ မီဒီယာများအနေနဲ့လည်း အကြောင်းအကျိုး ရှေ့နောက်ချင့်ချိန်ပြီး မီဒီယာကျင့်ဝတ်နဲ့ မညီညွတ်မှုများ ဆက်လက် မပေါ်ပေါက်စေရေး ကြပ်မတ် ဆောင်ရွက်ပေးရန် ဖော်ပြပါရှိပါတယ်” တဲ့။

မောင်မှန်ဇာတ်က ပန္နက်ရိုက်တာနဲ့တင် အတော်ရှည်နေပါပြီ။ ပြန်ချုပ်ရင် ဘေးက လွတ်နေတဲ့ ထိုင်ခုံအတွက် ကိုယ်စား မဲပေးတယ်။ ဒါကို ဂျာနယ်က သတင်းဓာတ်ပုံ ဖော်ပြတယ်(တကယ်က ဂလိုဘယ်ဂျာနယ်တင် မကပါဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေ ငိုက်နေတဲ့ ပုံတွေ အချို့ဂျာနယ်တွေမှာလည်း ပါပါတယ်) ဒီတော့ လွှတ်တော်က သတိပေးတယ်။ တပ်ကိုယ်စားလှယ်တွေဘက်က တုန့်ပြန်တယ်။ နောင်မဖြစ်ဖို့ သတိပြုသွားမယ် ဆိုပေမယ့် မီဒီယာကျင့်ဝတ်နဲ့ မညီညွတ်မှုများ ဆက်လက် မပေါ်ပေါက်စေရေး ကြပ်မတ်ဆောင်ရွက်ပေးဖို့ လွှတ်တော်ကို တင်ပြတောင်းဆိုသွားပါတယ်။ သူတစ်ပါး စက်ခလုတ်ကို လှမ်းနှိပ်နေတဲ့ ပုံဟာ မီဒီယာကျင့်ဝတ်နဲ့ မညီတဲ့ သဘောပေါ့၊ လွှတ်တော်ထဲ အိပ်ငိုက်နေတဲ့ ပုံတွေဟာ မီဒီယာ ကျင့်ဝတ်နဲ့ မညီဘူးပေါ့။

သတင်းတို့ သတင်းဓာတ်ပုံတို့ ဖော်ပြရာမှာ ကျင့်ဝတ်နဲ့ ညီ မညီဆိုတဲ့ ကိစ္စမှာ အရင်ဆုံး သတင်းမှန်၊ မမှန် ဆိုတာနဲ့ စတင် တိုင်းတာရမယ် ထင်ပါတယ်။ သတင်းအမှန်၊ ဓာတ်ပုံအမှန် ဆိုတာ သေချာရင် နောက်တစ်ဆင့်က အများပြည်သူကို ဖော်ပြသင့်၊ မသင့် ဆိုတာဆက်ရမှာပဲ၊ မောင်မှန်က သတင်းသမားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မောင်မှန် နားလည်ချက်ဟာ မလွဲလောက်ပါဘူး။ အခုကိစ္စမှာ အားလုံးအမှန်ဆိုတာ ဘယ်သူမှ ငြင်းမရပါဘူး။ တကယ် ကျင့်ဝတ်နဲ့ မညီတာက ဘယ်သူတွေများပါလဲ။ သူများမဲ ကိုယ့်မဲ လုပ်လို့ မရဘူးဆိုတာ မောင်မှန်တို့လို ခပ်ပိန်းပိန်း အရပ်သားတွေတောင် သိပါတယ်။ တိုင်းပြည်ရဲ့ အင်မတန်ကြီးမားတဲ့ တာဝန်ယူထားရသူများက ပိုသိမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၄) ဥပဒေပြုရေး၊ ပုဒ်မ ၈၆(က) မှာ “ ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာ တစ်ရပ်နှင့် စပ်လျဉ်း၍ မခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခြားနည်းလမ်း ပြဋ္ဌာန်းထားခြင်း မရှိလျှင် အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်” လို့ ဖော်ပြထားပါတယ်။

တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၏ များရာ ဆန္ဒမဲနဲ့ ဆုံးဖြတ်ရမယ်ဆိုတာ မတက်ရောက်တဲ့ ကိုယ်စားလှယ်က ဆန္ဒမဲ ပေးခွင့်ကို မရှိပါဘူး။ သဘောရိုး ဟုတ်၊ မဟုတ် ဆိုတာကို ဘယ်လို ဆန်းစစ် တိုင်းတာလို့ ရမလဲ။ ပြောရခက်တာ အမှန်ပါပဲ။ မောင်မှန် ရေးမယ့်သာ ရေးနေတာပါ။ တကယ်တော့ ဒီကိစ္စက အရေးမကြီး လှပါဘူး။ သေချာစဉ်းစားကြည့်တဲ့အခါ လွှတ်တော်ထဲက တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာ တပ်မတော် ကာကွယ်ရေး ဦးစီချုပ်က တိုက်ရိုက် ရွေးချယ် ခန့်ထားတာပါ။ အချိန်မရွေး ဖြုတ်ပယ် ပြောင်းလဲ ခန့်ထားခွင့် ရှိပါတယ်။ ဆိုလိုတာက တပ်က လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ တပ်/ချုပ်ရဲ့ သဘောတစ်ခုတည်းပါ။ အဲဒီအပေါ်မှာ ဘာမှကွဲလွဲလို့ မရပါဘူး။(စစ်တပ်ရဲ့သဘော သဘာဝကိုက ဒီလိုပဲလေ) တပ်ကိုယ်စားလှယ်တွေဆိုတာ အသေးအဖွဲ ကိစ္စလေးတွေမှာ အချင်းချင်းကွဲလွဲကောင်း ကွဲလွဲမှာ ဖြစ်ပေမယ့် ကြီးမားတဲ့ အဆုံးအဖြတ် ကိစ္စကြီးတွေမှာ တစ်ခါမှ မကွဲလွဲပါဘူး။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း လေးနှစ်က အကောင်းဆုံး သက်သေခံနေပါတယ် ခင်ဗျာ။

လွှတ်တော် နာယကကြီး သူရ ဦးရွှေမန်းက တပ်မတော် ကိုယ်စားလှယ်တွေရဲ့ စာရေးသားတင်ပြမှု အပေါ် အခုလို မှတ်ချက်ပေးခဲ့ပါတယ်။ “၎င်းရဲ့ တင်ပြချက်ဟာ လွှတ်တော်များ၊ လွှတ်တော် ကိုယ်စားလှယ်များနဲ့ မီဒီယာ အဖွဲ့များအတွက် သင့်တင့်မျှတတဲ့ တင်ပြမှုဖြစ်တဲ့အတွက် လွှတ်တော်ခန်းမကြီး အစည်းအဝေးအတွင်းကို ကြည့်ရှုမြင်တွေ့နိုင်တဲ့ ဘာသာပြန်အခန်း (Interpreter Booth) များအတွင်း မီဒီယာဝင်ရောက်ပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးခြင်းကို ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။ မီဒီယာမှာ လွှတ်တော်မှာ သတင်းရယူဖို့ လိုအပ်တာက လွှတ်တော်မှာ ဒီနေ့ ဘာအကြောင်းအရာတွေကို ဘယ်လို ဆွေးနွေးဆုံးဖြတ်ကြတယ်ဆိုတာ အဓိကလို့ ထင်ပါတယ်” တဲ့။ ဟုတ်ပါတယ်။

နာယကကြီး ပြောသလိုပါပဲ။ မီဒီယာတွေ သတင်းရယူဖို့ လိုအပ်တာက လွှတ်တော်မှာ ဒီနေ့ဘာတွေ ဆွေးနွေးဆုံးဖြတ်ကြသလဲ ဆိုတာပါပဲ။ ဆွေးနွေးတာက ထားပါတော့၊ ဆုံးဖြတ်တာကျ မောင်မှန် အထက်မှာ တင်ပြခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါတဲ့ တက်ရောက်ဆန္ဒမဲပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ များရာ မဲနဲ့ ဆုံးဖြတ်ရမယ်လို့ ဆိုထားတာလေ။ အရေးကြီး အဆိုတစ်ရပ်ကို (အရေးမကြီးတဲ့အဆို ဆိုလည်း ဒီသဘောပါတဲ့) ဆုံးဖြတ်ရာမှာ ကိုယ်စားလှယ် တစ်ယောက်ရဲ့ မဲတစ်ပြားဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ မောင်မှန် အထူးပြောစရာ မလိုတော့ဘူး ထင်ပါတယ်။ အခုလို ကိုယ်စား ခလုတ်နှိပ်တဲ့ကိစ္စကို မီဒီယာတွေရဲ့ အားထုတ်မှုကြောင့် မောင်မှန်တို့ ပြည်သူတွေ သိခွင့်ရကြတာပါ။ ဒါမျိုးကြီးတွေ လွှတ်တော်ထဲမှာ ဖြစ်လိမ့်မယ်လို့ မောင်မှန် စိတ်တောင်ကူး မကြည့်ခဲ့ဖူးပါ။။ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုး၊ မဲညစ်တာတွေတော့ မောင်မှန် သိတယ်လေ၊ အတွေ့အကြုံလည်း ရှိတာကိုး၊ လွှတ်တော်ကြီး ထဲမှာတော့ ဘယ်ထင် မလဲဗျ နော်၊ ခုတော့ ဒါကို ဖော်ထုတ်လိုက်တဲ့ မီဒီယာသမားတွေကို ကန့်သတ်လိုက်ပါပြီ ကိုယ်စား ခလုတ်နှိပ်မှုကို သတိပေးလိုက်တယ် ဆိုပေမယ့် နောင်မှာလည်း ဖြစ်နိုင်တာပဲလေ၊ ဖော်ထုတ်နိုင်တဲ့ သူမှ မရှိတော့တာ၊ ခုကိစ္စလည်း မီဒီယာကသာ မဖော်ရင် ဘယ်သူမှ သိလိုက်မှာ မဟုတ်ဘူး။

မောင်မှန် ဖတ်ဖူးတဲ့ လောဂျစ် ဟာသလေး တစ်ပုဒ်ကို ပြန်လည် တင်ပြပါရစေ။ ဆရာက တပည့်တွေကို လောဂျစ်အကြောင်း သင်ကြားပို့ချနေပါတယ်။ တပည့်တို့ မီးခိုးခေါင်တိုင်ထဲက လူနှစ်ယောက် ပြန်ထွက်လာတယ်။ တစ်ယောက်က ညစ်ပတ်ပေရေနေပြီး၊ နောက်တစ်ယောက်က သန့်ရှင်းနေတာပဲ၊ ဘယ်သူက ရေချိုးမလဲ၊ တပည့်တစ်ယောက်က ညစ်ပတ်နေတဲ့ သူက ချိုးပါမယ်တဲ့၊ ဆရာက မှားတယ်ဆိုတော့ တပည့်က ဟုတ်ပြီဆရာ နှစ်ယောက်လုံးချိုးမယ်။ ဘာလို့ဆို သန့်ရှင်းနေတဲ့ သူက ညစ်ပတ်နေသူကို မြင်ပြီး ငါလည်း သူလိုပဲ ညစ်ပတ်နေမှာပဲလို့ ထင်ပြီး ရေချိုးမှာ၊ ဆရာက ဒါလည်းမှားတယ်၊ အဖြေမှန်က ဘာလဲဆိုတော့ မီးခိုးခေါင်တိုင်ထဲက ထွက်လာတဲ့ သူဟာ ဘယ်လိုမှ သန့်ရှင်း မနေနိုင်ဘူးကွတဲ့၊ ကောင်းကြရောပေါ့၊ စကတည်းကိုက မေးခွန်းက အမှားကြီး။

အခုလည်း ဒီလိုပါပဲ၊ စကတည်းကိုက ၂၀၀၈ ဖွဲ့စည်းပုံ အမှားကြီးနဲ့ စလိုက်ကြတာ၊ နောက်မှာ ဆင့်ကဲဆင့်ကဲ လွဲလာလိုက်တာ မနည်းတော့ပါဘူး၊ ရှင်းရှင်းဆိုရရင် လွှတ်တော်ထဲက ကိုယ်စားမဲဆိုတာလောက်ကတော့ စပျော့ပေါ့ ခင်ဗျာ။
mizzima

No comments:

Post a Comment