Friday, June 12, 2015

ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့်လုပ်ရပ်များအတွက် မြန်မာ အာဆီယံမှ ထွက်သွားသင့်ဟု ဒေါက်တာ မဟာသီယာ မိုဟာမက် ပြောကြား

ရိုဟင်ဂျာများအပေါ် လုပ်ရပ်များအတွက် အာဆီယံက မြန်မာကို အရေးယူရန် မလေးရှားဝန်ကြီးချုပ် ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က ယနေ့ (ဇွန် ၁၂) တွင် တိုက်တွန်းပြောကြား လိုက်သည်။
အသက် ၈၉ နှစ်ရှိပြီဖြစ်သည့် ၀ါရင့်နိုင်ငံရေးခေါင်းဆောင် မဟာသီယာက မြန်မာအစိုးရလုပ်သမျှသည် မျိုးတုန်းသတ်ဖြတ်မှုမှတစ်ပါး အခြားအရာမဖြစ်နိုင်ကြောင်း ပြောကြားလိုက်ပြီး မြန်မာအားအာဆီယံမှ ထွက်ခွာသွားရန်လည်း အကြံပြုလိုက်သည်။
''ကျွန်တော်တို့မြင်နေရတဲ့ ဓာတ်ပုံတွေကတစ်ဆင့် နားလည်ရတာက ရိုဟင်ဂျာတွေ ကြုံတွေ့နေရတာတွေဟာ ပြောမပြနိုင်လောက်အောင် ကြောက်စရာကောင်းလှပါတယ်'' ဟု သောကြာနေ့က ကျင်းပသွားခဲ့သည့် ''ရိုဟင်ဂျာ၏ ဒုက္ခအပိုင်း (၂)-လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု'' ခေါင်းစဉ်နှင့် နိုင်ငံတကာညီလာခံ မိန့်ခွန်းတွင် မဟာသီယာက ပြေကြားခဲ့ခြင်းဖြစ်သည်။
မြန်မာ၏ လုပ်ရပ်မှာ လူ့အခွင့်အရေးများကို လုံးဝချိုးဖောက်ခြင်းဖြစ်ပြီး လက်ခံနိုင်ဖွယ်မရှိဟုလည်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
အာဆီယံအနေဖြင့်လည်း ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန်းကရပ်ရန် မြန်မာအား ပြောဆိုရမည်ဖြစ်ပြီး၊ လိုက်နာရန် ငြင်းဆန်ပါက လိုအပ်သလို အရေးယူရမည်ဟုလည်း မဟာသီယာက ပြောကြားခဲ့သည်။

ထို့အပြင် အစုလိုက်အပြုံလိုက် မျိုးတုန်းသတ်ဖြတ်မှုများနှင့် ပတ်သက်လာပါက အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် တခြားနိုင်ငံ၏ ပြည်တွင်းရေးမစွက်ဖက်ရေးမူကို ဘေးချထားရန်လည်း ဒေါက်တာ မဟာသီယာက တိုက်တွန်းခဲ့သည်။
''တကယ်လို့ မြန်မာက မျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ချင်နေရင် အာဆီယံက ထွက်သွားပေါ့။" ဟု ၄င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဒေါက်တာ မဟာသီယာက ရိုဟင်ဂျာကိစ္စနှင့် စပ်လျဉ်း၍ စာတစ်စောင်ကို မြန်မာ အတိုက်အခံခေါင်းဆောင် အောင်ဆန်းစုကြည်ထံသို့ ပို့ထားပြီး ပြန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးကြောင်းလည်းသိရသည်။

ရိုဟင်ဂျာများအပေါ် မြန်မာ၏ရက်စက်မှုနှင့် ပြဿနာကို ဖြေရှင်းရန် ပျက်ကွက်နေမှုက အာဆီယံကို နာမည်ဆိုး ထွက်စေလိမ့်မည်ဟုလည်း ဒေါက်တာမဟာသီယာက ထပ်လောင်းပြောကြားသွားခဲ့သည်။

ထို့ပြင် ရိုဟင်ဂျာများအနေဖြင့် လှေစီးဒုက္ခသည်များအဖြစ် အခြားနိုင်ငံများသို့ ထွက်ပြေးနေကြရသည်မှာ မြန်မာအစိုးရ၏ မှားယွင်းမှုများကြောင်းဖြစ်သည်ဟုလည်း စွပ်စွဲပြောဆိုလိုက်သည်။
mizzima

No comments:

Post a Comment