Tuesday, June 16, 2015

အငှားအိမ်ရာဆောက်လုပ်ရန် ရန်ကုန်တိုင်းအစိုးရ ကျပ်သန်း နှစ်သောင်း ထောက်ပံ့ငွေရထား

 နေစရာအခက်အခဲရှိပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများနေထိုင်ရေးအတွက် အငှားအိမ်ရာ စီမံကိန်းများ အကောင် အထည်ဖော်ရန် ထောက် ပံ့ငွေအဖြစ် ကျပ်ငွေဘီလီယံ ၂၀(ကျပ်သန်း နှစ်သောင်း) ရရှိထားသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဇွန်လ ၁၆ ရက်က ပြုလုပ်သည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်သည်။
 ကျပ်ငွေဘီလီယံ ၂၀ကို ပြည်ထောင်စုအစိုးရအဖွဲ့က  ထောက်ပံ့ငွေအဖြစ် ယခုဘဏ္ဍာနှစ်တွင် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး အငှားအိမ်ရာများဆောက်လုပ်သွားမည်ဟု ဝန်ကြီးက ပြောသည်။
 အဆိုပါ ထောက်ပံ့ငွေများဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၄၁/၂ အမှတ် ၂ လမ်းမကြီးနှင့်မဟာဗန္ဓုလလမ်းထောင့်ရှိ အစိုးရမြေဖြစ်သော ဧကပေါင်း ၁၂ဒဿမ ၅၃၄ ပေါ်တွင် အငှားအိမ်ရာများ ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ကာ အငှားချထားပေးမည်ဟု ဆိုသည်။

 သို့သော် အဆိုပါအိမ်ရာများတွင် မည်သည့်စနစ်ဖြင့် အငှားချထားပေးမည်ကို ဝန်ကြီးက ရှင်းပြခဲ့ခြင်း မရှိပေ။ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောဆိုချက်အရ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရှိသည့် မြို့နယ်ပေါင်း ၃၃ မြို့နယ်တွင် "ကျူးကျော်"ဟု အစိုးရက သတ်မှတ်သည့် မြေမဲ့၊ ယာမဲ့ အိမ်ထောင် စုပေါင်း ၃၈၀၀၀ ခန့် ရှိသည်။

 အတိုက်အခံအမတ်ဖြစ်သည့် ဒေါက်တာညိုညိုသင်းကမူ ရန်ကုန်နေအခြေခံပြည်သူများမှာ အစိုးရသစ်တက်လာပြီးနောက်ပိုင်း နေစရာနှင့်ပတ်သက်ပြီး တစ်နေ့ တစ်ခြား ပိုမိုအခက်ကြုံနေရ သည်ဟု ဝေဖန်ပြောဆိုသည်။

 "ပြည်သူလူထုဟာ စားစရာကို ဖန်တီးရှာဖွေနိုင်ပေမယ့် နေစရာအိမ်စရိတ်ကြီးမြှင့်မှုဒဏ်ကိုတော့ ဘယ်လိုမှ ခံနိုင်ရည်မရှိပါဘူး" ဟု ဒေါက်တာညိုညိုသင်းကပြော သည်။

ရန်ကုန်တိုင်းအစိုးရ စီမံခန့်ခွဲခွင့်ရှိသည့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်းနှင့် ရွှေလီလမ်းထောင့်ရှိ အစိုးရမြေဧရိယာ ၁၈၃ဒဿမ ၅၀၅ဧက တွင်လည်း တန်ဖိုး နည်းအိမ်ရာများ တည်ဆောက်ရန် တင်ဒါခေါ်ယူ ထားသည်ဟုလည်း ဝန်ကြီးက ပြောဆိုခဲ့သေးသည်။

ခြောက်လ၊ တစ်နှစ်စာ စာချုပ်ချုပ်ဆိုပြီး နေထိုင်ရသည့် ရန်ကုန်မြို့တွင်းရှိ အငှားတိုက်ခန်းများ၏ ဈေးနှုန်းမှာ လည်း တစ်လထက်တစ်လ ပိုမိုမြင့်တက်လာသည်ဟု အိမ်ငှားနေထိုင်သူများက ဆိုကြသည်။
mizzima

No comments:

Post a Comment