Tuesday, June 16, 2015

၂၀၁၅ ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူ ရှစ်သောင်းကျော် လိုအပ်သော်လည်း အင်အား အပြည့်မရနိုင်ဟုဆို

လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကျွမ်းကျင်သည့် စောင့်ကြည့်လေ့လာသူ အရေအတွက် ရှစ်သောင်းကျော် လိုအပ်သော်လည်း  လက်ရှိ ဖြစ်ပေါ်နေသောအခြေအနေများအရ လိုအပ်သည့် အင်အားအပြည့်အ၀မရနိုင်ဟု  Forward Institute ၏ရွေးကောက်ပွဲ အသိပညာပေးခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (VEP)မှ အမှုဆောင်ဒါ ရိုက်တာ ဦးသန့်စင်အောင်က  ဇွန် ၁၆ ရက်ကပြောသည်။


ဇွန် ၁၆ ရက်က ရန်ကုန်မြို့ ၃၆လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် Forward Institude ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ရွေးကောက်ပွဲ အသိပညာပေးခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းပူးပေါင်း ဆောင်ရွက်သူများအဖွဲ့ (VEP)တည်ထောင်ခြင်း အသိပေးခြင်းအခမ်းအနား ကျင်းပစဉ်။ ဓါတ်ပုံ - ထက်ထက်အောင်

ဇွန် ၁၆ ရက်က ရန်ကုန်မြို့ ၃၆လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် Forward Institude ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ရွေးကောက်ပွဲ အသိပညာပေးခြင်းနှင့် လေ့လာစောင့်ကြည့်ခြင်းပူးပေါင်း ဆောင်ရွက်သူများအဖွဲ့ (VEP)တည်ထောင်ခြင်း အသိပေးခြင်းအခမ်းအနားကျင်း ပပြီး  ယင်းပွဲတွင်ပြော ခဲ့ခြင်းဖြစ်သည်။

ဦးသန့်စင်အောင်က”  ၂၀၁၅ ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူ အနည်းဆုံး ရှစ်သောင်း ကျော် လိုအပ်ပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့ အဖွဲ့ရဲ့ကောက်ယူထားတဲ့ စစ်တမ်းတွေအရဆိုရင် ငါးသောင်းကျော် လောက်သာရနိုင်ကြောင်း တွေ့ရှိရပါတယ်”ဟုဆိုသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ အနေဖြင့်ဆောင်ရွက်လိုသူများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းသူဖြစ်ရမည် စသောကန့်သတ်ချက်များများပြားခြင်း၊ လက်ရှိ တွင် မဲပေးရန်နှင့် ရွေးကောက် ပွဲကို စိတ်ဝင်စားသူနည်းပါးခြင်း၊ယင်းတို့ကိုလေ့ကျင့်သင်ကြားပေးရန်အတွက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ရှိနေသော် လည်း ရွေးကောက်ပွဲကော်မရှင်မှ သင်ကြားရန် အတွက်သတ်မှတ်ပေးသော အချိန်နည်းပါးခြင်း စသည့်အချက်များကြောင့် ရွေးကောက်ပွဲ အတွက်ကျွမ်းကျင် သည့် စောင့်ကြည့်လေ့လာ သူနည်းပါးရခြင်းဖြစ်သည်ဟု  ဦးသန့်စင်အောင်က ဆိုသည်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်းကို ၂၀၁၀ခုနှစ်ကတည်းကဆောင်ရွက်နေသည့် လူမှု အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဖန်တီးအိမ်အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းပိုက်မျိုးက “ငါးသောင်းဆိုတဲ့ ပမာဏက လက်ရှိအနေအထားနဲ့ဆိုရင်တော့ ဖြစ်နိုင်တယ်လို့ပြောရမယ်။ ဘာလို့လဲဆိုတော့စောင့်ကြည့်လေ့လာသူတွေကို သင်တန်းပေးဖို့က ပါတီဝင်မဟုတ်သူတွေကို train ပေးရပါတယ်။

တကယ်တမ်းကျတော့ ပါတီဝင်မဟုတ်သူထဲက နိုင်ငံရေးကို စိတ်ဝင်စားသူ ဆိုတာတော်တော်လေးနည်းပါတယ် ၊မဲပေးဖို့ကိုစိတ်ကိုမ၀င်စား သူကများနေတယ် ။ရွေးကောက်ပွဲနဲ့ မဲပေးဖို့ကနိုင်ငံသားတိုင်းအတွက် ဘာကြောင့်အရေးကြီး တယ်ဆိုတာကို အသိပညာပေးမှုတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မလုပ်ပေးနိုင်ဘူး ဆိုရင်တော့ စိတ်ဝင်စားသူနည်း တဲ့အတွက် စောင့်ကြည့်လေ့လာသူအင်အားက နည်းနေဦးမှာပဲဖြစ်တယ်”ဟုဆိုသည်။

 Forward Institude ကို ၂၀၁၅ ခုနှစ် မတ်လ ဒုတိယပတ်က စတင်ဖွဲ့စည်းခဲ့ပြီး ဇွန်လ ဆန်းတွင် မှတ်ပုံတင်ခဲ့ကာ ရွေးကောက်ပွဲနှင့် မဲကိစ္စဆိုင်ရာ စောင့်ကြည့်လေ့ လာမှုများ၊ပညာပေးမှုများနှင့် ရွေးကောက်ပွဲအပြီး ရလဒ်များဆိုင်ရာဆန်းစစ်လေ့လာခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်သည်။

Forward Institude  ကိုလက်ရှိတွင်  အဖွဲ့ဝင် ၂၄ဦးဖြင့် တည်ထောင်ထားပြီး သင်တန်းဌာန၊စီမံကိန်းဌာန၊ဥပဒေဌာနအပါအ၀င် ဌာန ၇ခုဖြင့်ဖွဲ့စည်းထားပြီး လက်ရှိ တွင် ပြည်တွင်း အန်ဂျီအို အဖွဲ့ ၇၂ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟုဆိုသည်။

1 comment:

  1. ကျုပ်က စောင့်ကြည့်ရေးကို စိတ်ဝင်စားသူပါ
    ဘယ်ကိုဆက်သွယ်ရမှန်းမသိဖြစ်နေပါတယ်

    ၀၉၇၃၁၁၉၀၁၈ ကိုဆက်သွယ်ပေးပါ

    ReplyDelete