Wednesday, June 10, 2015
မျှော်ရပါသည် သာယာဝတီမှ အပြန်နေ့များဆီ
ဇွန်လ ၂ ရက် မွန်းလွဲ၁နာရီ သာယာဝတီမြို့နယ်တရားရုံး။
သာယာဝတီမြို့နယ်တရားရုံး တရားခွင်တစ်ခုတွင် သာမန်တရားခွင်ထက် လူဦးရေ အဆမတန်ပိုများနေသည်။ အကြောင်းမှာ ပညာရေးဥပဒေသပိတ်မှောက် ကျောင်းသားများနှင့် ဝန်းရံပြည်သူများအား ကိုးကြိမ်မြောက် ရုံးထုတ်စစ်ဆေးတာမို့ တရားစွဲခံရသူတွေကလည်း အစုလိုက်အပြုံလိုက်။ ၎င်းတို့၏ ဆွေးမျိုးသားချင်း မိဘဆွေမျိုး မိတ်ဆွေများနှင့် သတင်းရယူကြမည့် မီဒီယာသမားများလည်း ရောက်လာကြတာမို့ တရားခွင်က မစည်ကားသင့်ဘဲ စည်ကားနေလေသည်။
တရားသူကြီးက တရားခွင်စတင်ရန် ပြင်ဆင်နေစဉ် ရှေ့နေမှတစ်ဆင့် စာချုပ်တစ်ခုရောက်လာခဲ့သည်။ စာချုပ်က ထူးထူးခြားခြားတော့မဟုတ်။ လက်ထပ်စာချုပ်လေးတစ်ခုသာ ဖြစ်သည်။ တရားသူကြီး ရုတ်တရက် နည်းနည်းအံ့သြသွားပုံရသည်။ သတို့သားမှာ တရားခွင်တွင် မကြာမီစစ်ဆေးတော့မည့် ဖမ်းဆီးအထိန်းသိမ်းခံ၊ တရားစွဲဆိုခံထားရသည့် သပိတ်မှောက်ကျောင်းသားတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။
တရားသူကြီးက ဘာမျှမပြောတော့ဘဲ ခပ်မြန်မြန်ပင် တံဆိပ်တုံးထုပေးလိုက်သည်။ ရှေ့နေက တရားစွဲခံကျောင်းသားနှင့် ၎င်း၏ချစ်သူ အမျိုးသမီးလေးကို ခေါ်ယူကာ လက်မှတ်လာထိုးခိုင်းသည်။ တရားစွဲခံထားရသည့် ကျောင်းသားက ဆံပင်က ခပ်ကောက်ကောက်၊ ခန္ဓာကိုယ်က ပိန်ပိန်သွယ်သွယ်လေး။ သူနှင့်လက်ထပ်မည့် အမျိုးသမီးကလေးက သူ့ထက် နည်းနည်းပုပြီး ခန္ဓာကိုယ်က ဝဝကစ်ကစ်လေးဆိုတော့ တရားခွင်ထဲရောက်နေတဲ့သူတွေ သဘောကျစွာ ရယ်မောမိကြသည်။
ရှေ့နေက လက်ထပ် လက်မှတ်ရေးထိုးပွဲ အောင်မြင်ကြောင်း ကြေညာပေးလိုက်တော့ တရားစွဲဆိုခံထားရတဲ့သူတွေရော လာရောက်အားပေးကြတဲ့သူတွေပါ ရောက်နေတဲ့နေရာက တရားခွင်ဆိုတာ မေ့သွားပုံရသည်။ လက်ခုပ်တွေထတီးကြသည်။ ရယ်မောသံတွေ ဆူညံသွားသည်။ ထိုနေ့က သာယာဝတီတရားရုံးမှ တရားခွင်သည် မည်သည့်တရားခွင်မှာမှ မကြုံဖူးသည့် ကြည်နူးမှုတွေဖြင့် ဖြတ်သန်းခွင့်ရခဲ့လေသည်။
တရားခွင်တွင် လက်ထပ်ခဲ့ကြသည့် စုံတွဲလေးမှ အမျိုးသားဖြစ်သူမှာ ကိုရဲဝင့်အောင်(ခ) ရွှေကြယ်မိုးဟု အမည်ရပြီး ပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတစ်ဦးဖြစ်သည်။ အသက် (၂၂)နှစ်ခန့်ရှိပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် တတိယနှစ်ဒဿနိက အဝေးသင်တက်ရောက်နေသူဖြစ်ပြီး ဗကသအဖွဲ့ဝင် ကျောင်းသားတစ်ဦးလည်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၏ ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့တွင် အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ချိန် ကိုရဲဝင့်အောင်လည်း သပိတ်ထဲပါဝင်နေ၍ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည်။
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး၊ ပုဒ်မတွေ တသီတတန်းကြီးနဲ့ တရားစွဲဆိုခံထားရတဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေထဲ ကိုရဲဝင့်အောင်လည်း ပါခဲ့သည်။ အမျိုးသမီးကလေးကတော့ အသက် (၂၃)နှစ်အရွယ် မရွှေစင်ရတနာသိန်းဟုခေါ်ပြီး ဆေးတက္ကသိုလ်(၁) ရန်ကုန်၌ နောက်ဆုံးနှစ် အပိုင်း(ခ) တက်ရောက်နေသူလေးဖြစ်သည်။
ကိုရဲဝင့်အောင်က ဒလမြို့နယ်မှာနေသည်။ ရာဇသင်္ကြံရပ်ကွက်လေးထဲမှာ ‘ဒို့ကျောင်း’ဟု အမည်ရသည့် အခမဲ့စာသင်ကျောင်းကလေး တည်ထောင်ထားသည်။ သူ့ကျောင်းလေးမှာ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း ကျူရှင်မတက်နိုင်တဲ့ ကလေးတွေ လာတက်ကြသည်။ အင်္ဂလိပ်စာသီးသန့်လည်း သင်ပေးသည်။ သူ့ကျောင်းလေးက ဘုန်းကြီးကျောင်းနားလေးမှာ ဘုန်းကြီးပေးထားသည့် တဲလေးပေါ် မည်ကာမတ္တဖွင့်ထားရသည့် ကျောင်းလေးသာဖြစ်သည်။ အဆောက်အအုံက ခနော်နီခနော်နဲ့၊ ဝါးကြမ်းတွေက ကျိုးတိုးကျဲတဲ။
ကျောင်းအောက်မှာ ဘဲတွေကျောင်းလေ့ရှိတာမို့ ဖင်ထိုင်ချစာသင်နေသည့် ကျောင်းသားတွေရဲ့ တင်ပါးကို ဘဲတွေက လာလာတွတ်တတ်သည်။ ကျောင်းသားတွေခမျာ ဘဲအဆိတ်ခံပြီး စာသင်ရသည်။
ဒါကြောင့် ကိုရဲဝင့်အောင်တစ်ယောက် ကျောင်းသားတွေတင်ပါး ဘဲအဆိတ်မခံရဘဲ စာအေးအေးဆေးဆေး သင်နိုင်အောင် ကျောင်းဝါးကြမ်းခင်းကို ပျဉ်ကလေးခင်းဖို့ ဆန္ဒရှိလာသည်။ သို့ပေသိ ဆန္ဒသာရှိသည်။ သူ့တွင် ဝင်ငွေကမရှိ။ မိသားစုကလည်း စားနိုင်သောက်နိုင်ရုံမို့ အင်တာနက်လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့် အလှူခံရပါတော့သည်။
ကိုရဲဝင့်အောင်၏ ဖေ့စ်ဘွတ်ခ်ကို မကြာခဏ ဝင်ရောက်ကြည့်တတ်သည့် အမျိုးသမီးလေးတစ်ဦးရှိပါသည်။ ထိုအမျိုးသမီးလေးမှာ ကိုရဲဝင့်အောင်၏ ဇနီးလောင်းဖြစ်လာမည့် ဆေးကျောင်းသူ မရွှေစင်ရတနာသိန်းပင်ဖြစ်သည်။ မရွှေစင်က စာဖတ်တာ ဝါသနာပါသည်။ ကိုရဲဝင့်အောင်ကလည်း ရွှေကြယ်မိုးကလောင်အမည်ဖြင့် ကဗျာတွေရေးသည်။ ဖေ့စ်ဘွတ်ခ်မှာတင်သည်။ ထို့ကြောင့် မရွှေစင်တစ်ယောက် ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းဖြစ်နေသည့် ကိုရဲဝင့်အောင်၏ ကဗျာတွေ ဝင်ဝင်ဖတ်ရင်း ‘ဒို့ကျောင်း’လေးအတွက် အလှူခံတာကို မြင်လိုက်ရသည်။
ကိုရဲဝင့်အောင်ရဲ့ စာသင်ကျောင်းကလေး ပျဉ်ခင်းဖို့ မရွှေစင်နဲ့ မိတ်ဆွေတချို့ ပူးပေါင်းပြီး ၂၀၁၄ ဇန်နဝါရီတွင် သွားလှူဖြစ်ကြသည်။ သွားလှူရင်းနဲ့ ကျောင်းကလေးဝန်းကျင်က နွမ်းပါးမှုတွေ မရွှေစင်တစ်ယောက် မြင်လာခဲ့သည်။ ကိုယ်တိုင်က ဆေးကျောင်းရောက်သည်အထိ မပူမပင်မကြောင့်မကြ ပညာသင်နိုင်ခဲ့သော်လည်း ခဲတံ၊ စာအုပ်ကအစ မဝယ်နိုင်တဲ့ ကျောင်းသားလေးတွေ တွေ့လာရသည်။
ကျောင်းမှာ ပညာဒါနလာပြုကြသည့် ဆရာအချို့ရှိပေမယ့် ကိုရဲဝင့်အောင်တစ်ယောက်သာ ပင်တိုင်လိုဖြစ်နေသည်။ ဆရာအင်အားနည်းသေးတာမို့ စာလာသင်ပြပေးရန် မရွှေစင်တစ်ယောက် စိတ်ဝင်စားလာခဲ့သည်။
ထို့ကြောင့် ကိုရဲဝင့်အောင်နဲ့ စကားပြောကြည့်တော့ လိုလိုလားလားရှိတာမို့ စာသင်ပေးရန် ဆုံးဖြတ်ခဲ့သည်။ မရွှေစင်က ကျောင်းတက်နေဆဲမို့ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ လာသင်ပေးရန် စီစဉ်ခဲ့ကြသည်။
ထို့နောက် မရွှေစင်တစ်ယောက် စနေ၊ တနင်္ဂနွေနေ့တိုင်း ကျောင်းပိတ်ပေမယ့် နံနက် ၆ နာရီလောက်ထကာ ပြင်ဆင်ပြီး အဓိပတိအဝါကို ၄၅ မိနစ်လောက်စီးကာ ပန်းဆိုးတန်းမှတ်တိုင်ဆီ ချီတက်ရသည်။ ပန်းဆိုးတန်းမှတစ်ဆင့် သင်္ဘောဆိပ်ဆီ ၁၀ မိနစ်လောက် ထပ်လမ်းလျှောက်သည်။ သင်္ဘောကို ၁၀ မိနစ်လောက်ထပ်စီးပြီး ရန်ကုန်မြစ်ကိုဖြတ်ရသည်။ ဒလဘက်ရောက်တော့ ၁၅ မိနစ်ခန့် ထပ်လမ်းလျှောက်ပြီးမှ ‘ဒို့ကျောင်း’လေးဆီ ရောက်သည်။ ကျောင်းမှာ မရွှေစင်က သင်္ချာနှင့်ရူပဗေဒ သင်ပေးဖြစ်သည်။
ထိုသို့ ကလေးတွေကို စာသင်ပေးရင်း ကိုရဲဝင့်အောင်နှင့် မရွှေစင် ရင်းနှီးလာခဲ့သည်။ ရင်းနှီးပေမယ့် ကိုရဲဝင့်အောင်က စတာနောက်တာမျိုးမရှိ။ အင်္ကျီစတစ်ကော်လာအဖြူ၊ ကချင်ပုဆိုး အကွက်ကျဲကျဲကြီးကို ဝတ်ဆင်ကာ ခပ်တည်တည်နေလေ့ရှိသည်။
သို့ပေသိ စာသင်နေရင်း မရွှေစင်ကို တစ်ချက်တစ်ချက် ခိုးခိုးကြည့်တာမျိုးတွေ ကြုံလာရသည်။ နေ့ခင်း ထမင်းစားနားချိန်မျိုး၊ ညနေ ၄ နာရီ ကျောင်းဆင်းချိန်မျိုးဆိုလျှင် ကျောင်းရှေ့က ကုက္ကိုပင်အောက်က ဝါးကွပ်ပျစ်လေးပေါ်မှာ ထိုင်နေသည့် မရွှေစင်နား ရောက်ရောက်လာတတ်သည်။ မရွှေစင် ကဗျာတွေခံစားတတ်ကြောင်းသိသူမို့ သူ့ရဲ့ ပင်ကိုရေးကဗျာလေးတွေ၊ နောက်ပြီး သူကြိုက်နှစ်သက်သည့် တာရာမင်းဝေ၏ ကဗျာလေးတွေ ရွတ်ပြလာတတ်သည်။ အမျိုးသမီးတစ်ယောက်ကို ရည်ရွယ်သည့် ကဗျာမျိုးဆိုလျှင် ကဗျာထဲက အမျိုးသမီးနေရာတွင် မရွှေစင်နာမည်အစားထိုးကာ ဖတ်ပြလာတတ်သည်။
ထို့နောက်တွင်တော့ စနေ၊ တနင်္ဂနွေ မနက်ပိုင်းဆိုလျှင် သင်္ဘောနှင့်အတူ ပါလာမည့် မရွှေစင်ကို ဒလသင်္ဘောဆိပ်ကနေ ကိုရဲဝင့်အောင်တစ်ယောက် လာလာကြိုတော့သည်။ ညနေကျောင်းဆင်းလျှင်လည်း ဆိုင်ကယ်ဖြင့် သင်္ဘောဆိပ်ဆီ ပြန်လိုက်ပို့လာတတ်သည်။ နောက်ပိုင်းတွင်တော့ မရွှေစင်နှင့် သင်္ဘောအတူစီးကာ ရန်ကုန်ဘက်ကမ်းထိပါ လိုက်ပို့လာခဲ့သည်။ သင်္ဘောစီးရင်း ရန်ကုန်မြစ်ထဲ ဝဲပျံနေသည့် စင်ရော်တွေကို တစ်ထုပ်ငါးဆယ်တန် ဘယာကြော်လုံးလေးတွေ ဝယ်ကြွေးရင်း နှစ်ယောက်သား ကြည်နူးမှုတွေဖြစ်လာခဲ့ကြသည်။ ညဘက်အိပ်ရာဝင်ခါနီးတိုင်းလည်း ဖုန်းတွေ ပြောဖြစ်ခဲ့ကြသည်။
ဧပြီလဆန်းပိုင်းမှာတော့ မရွှေစင် မျှော်လင့်တွေးထင်ထားသည့်အတိုင်း ကိုရဲဝင့်အောင်၏ ချစ်ခြင်းမေတ္တာစကားတွေ ဖိတ်စဉ်ကျလာခဲ့သည်။ တစ်သက်လုံး လက်တွဲချင်လို့ စဉ်းစားပေးရန် ခွင့်ပန်လာခဲ့သည်။ မရွှေစင်ကလည်း နဂိုကတည်းက ကိုရဲဝင့်အောင်အပေါ် ရင်ခုန်ခဲ့ဖူးသား။ သို့ပေသိ မိန်းမသားမို့လား။ ‘‘မိန်းကလေးဆိုတော့ နည်းနည်းတော့ မူရတာပေါ့’’ဟုပြောရင်း မရွှေစင် ရယ်ပါသည်။ သို့သော် သိပ်ကြာကြာတော့မမူလိုက်။ ရက်သတ္တပတ်ကျော်ကျော်လောက်မှာ ကိုရဲဝင့်အောင် ဝမ်းသာစေမည့် အဖြေစကား မရွှေစင်တစ်ယောက် ပေးနိုင်ခဲ့ပါသည်။
ရည်းစားဖြစ်လာတော့လည်း ကျောင်းစာသင်ချိန်တွေမှာ သူနဲ့ကိုယ် ခပ်တန်းတန်း။ ကျောင်းအားချိန်ကျမှ ကဗျာလေးစာလေးအကြောင်း ကုက္ကိုပင်ရိပ်တွင်ထိုင်ကာ ပြောဖြစ်တာလောက်သာရှိသည်။ ဒီကြားထဲ ကိုရဲဝင့်အောင်က ပါတီတစ်ခုမှာ ဝင်ရောက်ထားတာမို့ ပါတီလှုပ်ရှားမှုတွေရှိသည်။ ဗကသကျောင်းသားအဖွဲ့ဝင်လည်းဖြစ်တာမို့ ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ဆန္ဒပြပွဲတွေမှာလည်း ဝင်ပါရသည်။ ထိုလှုပ်ရှားမှုတွေထဲ မရွှေစင်လည်း လိုက်ပါစီးမျောရတော့သည်။ ကိုရဲဝင့်အောင်က ရှေ့မှာ ကြွေးကြော်ချီတက်နေလျှင် မရွှေစင်က နောက်က ဗီနိုင်းစကိုင်ကာ လိုက်ပါလာတတ်သည်။
၂၀၁၅ ဇန်နဝါရီ ၂၀ ရက်ကစပြီး ခရီးရှည်လမ်းလျှောက်လာတဲ့ အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၈ မှာတော့ လက်ပံတန်းမှာ ခေတ္တနားနေရသည်။
မူလအစီအစဉ်ကတော့ ကိုရဲဝင့်အောင်တို့တစ်တွေ ရန်ကုန်ကနေစောင့်ပြီး ပူးပေါင်းကာ ဆန္ဒပြဖို့ စီစဉ်ထားတာဖြစ်သည်။ သို့သော် ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့မှာ အာဏာပိုင်တွေက ပိတ်ဆို့တားဆီးတာတွေ ဖြစ်လာသည်။ အင်တာနက်လူမှုကွန်ရက်တွေမှာလည်း ကြားရတဲ့အခြေအနေတွေက သိပ်မကောင်း။ ကိုရဲဝင့်အောင်လည်း မရွှေစင်နှင့်တိုင်ပင်ကာ သပိတ်မှောက်အင်အားဖြည့်ရန် လက်ပံတန်းကိုသွားဖို့ စီစဉ်တော့သည်။
မတ်လ ၃ ရက်တွင် ကိုရဲဝင့်အောင် လက်ပံတန်းလိုက်သွားဖို့ ကားစီးရမည့် သခင်မြပန်းခြံနား မရွှေစင် လိုက်ပို့ခဲ့သည်။ လိုက်ပို့ရင်း ကိုရဲဝင့်အောင်အတွက် သူသောက်တတ်သည့် Red Ruby စီးကရက်၊ သွားတိုက်ဆေး၊ သွားပွတ်တံတွေ ဝယ်ပေးလိုက်သည်။ နောက်ပြီး ဆင်တူဝယ်ထားသော ဖုန်းအားသွင်းသည့် Power Band နှစ်ခုကိုလည်း ထည့်ပေးလိုက်သည်။ အန္တရာယ်တစ်ခုခုဖြစ်နေသည့်အချိန် ဖုန်းမပြောနိုင်တော့သည့်အခါ ဂဏန်း‘တစ်’ကို မက်ဆေ့ခ်ျပို့ရန်လည်း အမှတ်အသားပြုခဲ့ကြသည်။ ဟိုရောက်တော့လည်း ကိုရဲဝင့်အောင်က သပိတ်စခန်းက အခြေအနေတွေကို တစ်နာရီခြားတစ်ခါလောက် မရွှေစင်ဆီ လှမ်းဆက်ပြောပြသည်။
မတ်လ ၆ ရက်မှာတော့ မရွှေစင် ကိုရဲဝင့်အောင်ရှိရာ လက်ပံတန်းသပိတ်ဆီ ထွက်လာခဲ့သည်။ အခုလို ရက်အကြာကြီးမခွဲဘူးတော့ လွမ်းတာလည်းပါသည်။ သို့ပေသိ မိန်းကလေးဆိုတော့ ကြောက်စိတ်က ရှိနေခဲ့သည်။ လက်ပံတန်းရောက်တော့ ရဲတွေက ကျောင်းသားတွေဆီ အဝင်မခံတော့။ ကျောင်းသားတွေ ပိတ်ဆို့ခံထားရတဲ့နားမှာ ကြက်သားသည်ရှိတာမို့ ကိုရဲဝင့်အောင်က မရွှေစင်ကို ကြက်သားလာဝယ်တာလို့ပြောပြီး ဝင်ခဲ့လို့မှာထားသည်။ မရွှေစင်လည်း ကြောက်ကြောက်နဲ့ ကြက်သားလာဝယ်တာလို့ပြောတော့ ရဲတွေကလည်း လည်သည်။ မဝင်ခိုင်း။ ဒါနဲ့ စိတ်ပျက်လက်ပျက် ပြန်လှည့်ချိန် အိမ်ကြိုအိမ်ကြားလေးတွေထဲကနေတစ်ဆင့် ကိုရဲဝင့်အောင် လက်ပြခေါ်နေတာတွေ့သည်။ မရွှေစင်တစ်ယောက် ဝမ်းသာသွားသည်။ သူနှင့်လိုက်ကာ ကျောင်းသားတွေနား ဝင်ရောက်နိုင်ခဲ့သည်။ ဟိုရောက်တော့ သူပါလာသည့်မုန့်တွေ ကျောင်းသားတွေကို ပေးဖြစ်သည်။ ကျောင်းသားတွေကတော့ သူတို့အတွဲကို စနောက်နေကြသည်။ ပွင့်နှင့် ကင်းကောင်အတွဲဟုလည်း ကျီစယ်ကြသည်။ ကိုရဲဝင့်အောင်နှင့် သပိတ်မှာနေချင်ပေမယ့် နှစ်ယောက်မှာ တစ်ယောက်က အပြင်ရောက်နေတာ ပိုသင့်တော်မယ်ထင်တာကြောင့် ထိုနေ့က မရွှေစင် လက်ပံတန်းမှာ ခဏနေပြီး ကိုရဲဝင့်အောင်နဲ့ ကျောင်းသားတွေကို နှုတ်ဆက်ကာ အိမ်ပြန်ခဲ့သည်။
ထိုရက်ပိုင်းအတွင်း မရွှေစင်တစ်ယောက် အင်တာနက်သတင်းတွေ၊ ကျောင်းသားတွေရဲ့ဖေ့စ်ဘွတ်ခ်တွေကတစ်ဆင့် လက်ပံတန်းအခြေအနေတွေ နားစွင့်နေရသည်။ လူကသာ ရန်ကုန်ဆေးရုံကြီးမှာ စာသင်ယူနေရပေမယ့် စိတ်က လက်ပံတန်းရောက်ရောက်နေသည်။ ကိုရဲဝင့်အောင်ဆီလည်း မကြာမကြာ ဖုန်းဆက်ရသည်။ မေတ္တသုတ်ကို တရစပ်ရွတ်နေရသည်။ မိခင်ဖြစ်သူကိုလည်း ကိုရဲဝင့်အောင်နဲ့ ကျောင်းသားတွေ အန္တရာယ်ကင်းအောင် မေတ္တာပို့ပေးဖို့မှာထားသည်။ မိခင်ဖြစ်သူ၏မောင် မရွှေစင်၏ဦးလေးတစ်ယောက်မှာလည်း နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထောင် ၁၀ နှစ်ကျဖူးတာမို့ မရွှေစင်အပေါ် နားလည်ပေးကြပုံရသည်။ မရွှေစင် ယောက်ယက်ခတ်နေတာကို ဘာမျှမပြော။
မတ်လ ၁၀ ရက် နံနက် ၁၀ နာရီမှာ လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို ဖွင့်ပေးမယ်ဆိုတာတွေ ကြားလာရသည်။ ထိုနေ့က မရွှေစင် ကိုရဲဝင့်အောင် ပါလာမည့် သပိတ်စစ်ကြောင်းကို ကြိုဆိုဖို့ မြို့ထဲက သူငယ်ချင်းအိမ်ကနေ စောင့်နေခဲ့သည်။ ကိုရဲဝင့်အောင် ဖခင်ကလည်း သပိတ်စစ်ကြောင်းနှင့်အတူ ပြန်လာမည့် အိမ်ထမင်းအိမ်ဟင်းနဲ့ ဝေးနေသည့် သားစားဖို့ သူ့သားကြိုက်တာလေးတွေ ချက်ထားသည်ဟု ဖုန်းရသည်။
မရွှေစင်ကလည်း သူပြန်လာလျှင် သူနဲ့ ဝေးနေရသည့် ရက်အတွင်း ရေးထားသည့်စာတွေကိုပြဖို့ ဗလာစာအုပ်လေးတစ်အုပ်လည်း ပါလာခဲ့သည်။ မရွှေစင်တို့တင်မဟုတ်။ သပိတ်စစ်ကြောင်းထဲပါသွားသည့် ကျောင်းသားတွေရဲ့မိဘတွေ၊ ချစ်သူရည်းစားတွေကလည်း ရန်ကုန်မြို့ကနေ အသီးသီးစောင့်ကြိုနေခဲ့ကြသည်။
သူတို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါ။ သပိတ်စစ်ကြောင်း ရန်ကုန်မြို့ထဲ ဝင်ရောက်မလာနိုင်ခဲ့ပါ။ မွန်းလွဲ ၁ နာရီခန့်တွင် ကိုရဲဝင့်အောင်ဆီမှ ဖုန်းဝင်လာခဲ့သည်။ သူ ဘုန်းကြီးကျောင်းထဲ ရောက်နေပြီဆိုတဲ့အကြောင်း၊ ကျောင်းသားခေါင်းဆောင်တချို့ အရိုက်ခံလိုက်ရတဲ့အကြောင်း၊ သူမကြာခင် ဖုန်းပိတ်လိုက်တော့မည်ဖြစ်ကြောင်း စိတ်လှုပ်ရှားနေသည့်လေသံဖြင့် အော်ဟစ်ပြောလာခဲ့သည်။ စိတ်မပူဖို့လည်း အတန်တန်မှာသည်။
ဖုန်းထဲကတစ်ဆင့် အော်ဟစ်သံတွေကြားနေရသည်။ ကိုရဲဝင့်အောင် ဖုန်းချသွားတော့ မရွှေစင် ခြေမကိုင်မိလက်မကိုင်မိဖြစ်လာသည်။ လက်ပံတန်းလိုက်သွားရမလား စဉ်းစားသည်။ သို့သော် သူ လိုက်သွားလည်းအပို။ ဘာဆက်လုပ်လို့ လုပ်ရမလဲမသိတော့။ ကိုရဲဝင့်အောင်ဖုန်းကို ပြန်ဆက်တော့ တကယ်ပင် စက်ပိတ်သွားလေပြီ။
ကြံရာမရတော့။ ကိုရဲဝင့်အောင် ဖုန်းက အူရီးဒူးဖုန်းဆိုတော့ အူရီးဒူးကို လှမ်းဆက်ကာ ဒီနံပါတ်ဘယ်နေရာရောက်နေလဲ ရှာပေးဖို့ဟု လှမ်းအကူအညီ တောင်းမိသည်။ အဲဒီလိုနည်းပညာသုံးလို့မရသေးဟု အဖြေရသည်။ သူငယ်ချင်းက ဖျောင်းဖျတာနဲ့ အိမ်ပြန်လာခဲ့သည်။ ညဘက်များ ဖွင့်မလား ဖုန်းလှမ်းဆက်ကြည့်တော့လည်း စက်ကပိတ်မြဲပိတ်ထားဆဲ။
နောက်နေ့ထွက်သည့် သတင်းစာတွေထဲတွင်လည်း သတင်းများ ရလိုရငြားရှာသည်။ အင်တာနက်မှာလည်း လိုက်ဖတ်သည်။ လက်ပံတန်းက အသိတွေကိုလည်း စုံစမ်းခိုင်းသည်။ သို့သော် ကိုရဲဝင့်အောင် သတင်းကတော့ အစအနပျောက်လျက်။
ထို့နောက် ကိုရဲဝင့်အောင် ဖခင်နှင့်အတူ လက်ပံတန်းကို လိုက်ရှာကြသည်။ ကျောင်းသားတချို့ ပြန်လွှတ်ပေးတော့လည်း ကိုရဲဝင့်အောင်ပါမလာ။ နောက်ဆုံး သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတယ်လို့ သတင်းရသည်။ အရိုက်ခံထားရလို့ ကျန်းမာရေးသိပ်မကောင်းဘူးဟုလည်း ကြားရသည်။ မရွှေစင် ရွှေရင်ပူရပါတော့သည်။ ကိုရဲဝင့်အောင်ကို တွေ့ချင်စိတ်ပြင်းပြလာခဲ့သည်။ သို့သော် မရွှေစင်တွေ့ခွင့်မရခဲ့ပါ။ အိမ်ထောင်စုသန်းခေါင်စာရင်းထဲပါတဲ့သူသာ တွေ့ခွင့်ရမှာမို့ ဖခင်ဖြစ်သူသာ ကိုရဲဝင့်အောင်နှင့် ထောင်ဝင်စာ တွေ့ခွင့်ရခဲ့သည်။ မကြာမီလက်ထပ်မယ့် ဇနီးလောင်းပါဆိုလည်း တွေ့မရ။
မတ်လ ၂၅ ရက် လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ချိန်ကျမှ မရွှေစင်နဲ့ ကိုရဲဝင့်အောင် ပြန်ဆုံရသည်။ သို့သော် ထုံးစံအတိုင်း မရွှေစင်က တွေ့ခွင့်မရ။ ဒါနဲ့ မရွှေစင်လည်း စိတ်ထဲအလိုလို ဝမ်းနည်းကာ အော်ဟစ်ငိုပါလေတော့သည်။
မရွှေစင်ငိုတော့ ဝန်ထမ်းတွေကလည်း နားလည်မှုပေးကာ တွေ့ခွင့်ပေးလိုက်ကြသည်။ ရက်ပေါင်းများစွာ ဝေးနေခဲ့ရသဖြင့် နှစ်ယောက်လုံး ပြေးဖက်လိုက်ကြသည်။ ကျောင်းသားနှစ်ယောက်ကို လက်ထိတ်ပူးခတ်ထားတာမို့ ကိုရဲဝင့်အောင်ပြေးတော့ ဘေးက ကျောင်းသားကပါ လိုက်ပြေးရသည်။ ကိုရဲဝင့်အောင်ကသာ ဖခင်ရော၊ ချစ်သူကပါ လာတွေ့သည်။ ကိုရဲဝင့်အောင်နှင့် ပူးချုပ်ထားသည့် ကျောင်းသားလေးမှာတော့ လာတွေ့တဲ့သူ တစ်ယောက်မျှမရှိ။ မိဘတွေက လာပဲမတွေ့နိုင်တာလား၊ သတင်းပဲမရလို့လား မသိ။ သို့သော် ကျောင်းသားကလေးကတော့ နားလည်အားကျစိတ်ဖြင့် ပြုံးရယ်နေပါသည်။
ကိုရဲဝင့်အောင်မှာ နဂိုပိန်ရသည့်အထဲ ပိုပိန်သွားသည်။ အသားအရေကလည်း ပိုခြောက်သွားသည်။ ဆံပင်တွေလည်း ဖွာလန်ကျဲနေသည်။ မရွှေစင်က ဘယ်နေရာထိခိုက်သွားလဲ အမြန်မေးမိသည်။ ကိုရဲဝင့်အောင်က ထောင်ထဲ ဘယ်လိုရောက်လာသလဲဆိုတာတောင် မသိတော့ကြောင်း၊ လက်တွေ၊ ခြေထောက်တွေ နာကျင်နေကြောင်း ပြောပြသည်။ မရွှေစင်တစ်ယောက် ချစ်သူကိုကြည့်ကာ စိတ်ထိခိုက်ရပါတော့သည်။
နောက်တစ်ခေါက် ရုံးထုတ်ချိန်တွင်တော့ သာယာဝတီတရားရုံးမှာ ပြောင်းထုတ်သည်။ မိခင်ဖြစ်သူက ထောင်ဝင်စာပို့တာ အတွေ့အကြုံရှိပြီးသားမို့ သမက်လောင်းအတွက်ရော၊ တခြားကျောင်းသားတွေအတွက်ပါ ပုစွန်ခြောက်အစပ်တွေကြော်ပြီး ပလတ်စတစ်အကြည်အိတ်ကလေးတွေဖြင့် ထည့်ပေးလိုက်သည်။ မရွှေစင်နဲ့တွေ့တိုင်း ကိုရဲဝင့်အောင်တစ်ယောက် မရွှင်ပျ။ မရွှေစင်ကို စိတ်မချတဲ့အကြောင်း တတွတ်တွတ်ပြောသည်။ ထိုအခါ မရွှေစင်ကရယ်မောပြီး ‘‘ကိုကိုရယ် ဒီခန္ဓာကိုယ်ကြီး ဘယ်သူကမှလည်း မကြိုက်ပါဘူး။ ပြီးတော့ ညီမကလည်း ကိုကိုကလွဲပြီး ဘယ်သူ့မှမချစ်ပါဘူး’’လို့ ပြောပြရသည်ဟု မရွှေစင်ကဆိုပါသည်။
ကိုရဲဝင့်အောင် တွေးတာကတော့ လက်ရှိ သူက ပုဒ်မငါးခုနဲ့ တရားစွဲဆို အဖမ်းဆီးခံထားရသည်။ နဂိုကတည်းက ဝင်ငွေရသည့် အလုပ်တစ်ခုမျှမရှိသေး။ နောက်ပြီး မရွှေစင်က မကြာခင် ဆရာဝန်တစ်ဦး ဖြစ်တော့မည်မို့ သူထောင်ကျနေစဉ်အတွင်း သူမအိမ်က တခြားသင့်တော်ရာတစ်ဦးဦးနဲ့ အိမ်ထောင်ချပေးလိုက်မှာ စိုးသည်။ ထို့ကြောင့် မရွှေစင်အတွက် စိတ်ပူရကြောင်း ရုံးထုတ်တိုင်းပြောတာဖြစ်သည်။
အဲသလို ရုံးထုတ်တိုင်းသွားတွေ့ရင်း အာမခံတင်ထားတဲ့ အဝေးသင်ကျောင်းသားတွေ အာမခံပေးမယ်လို့ အသံတွေကြားလာသည်။ အာမခံရရင်တော့ အပြင်ရောက်တာနဲ့ လက်ထပ်မည်ဟု စီစဉ်ထားခဲ့သည်။ သို့သော် ဇွန်လ ၂ ရက်နေ့ ရုံးချိန်းမှာတော့ အာမခံလျှောက်ထားမှု ပယ်ချခံလိုက်ရသည်။ ဒါနဲ့ နောက်ဆုံး ခုတွေ့ရတုန်းလေး လက်ထပ်လိုက်တော့မည်ဟု နှစ်ယောက်သား ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ရှေ့နေဖြစ်သူနဲ့တိုင်ပင်၊ သူငယ်ချင်းအား စာချုပ်ဝယ်ခိုင်းကာ လက်မှတ်ရေးထိုးပြီး ချစ်သူသမီးရည်းစားဘဝမှ ဇနီးမောင်နှံဘဝသို့ ကူးပြောင်းလိုက်ကြပါတော့သည်။
ထိုသို့ လက်ထပ်လိုက်ခြင်းမှာ ကိုရဲဝင့်အောင်တစ်ယောက် စိတ်ချလက်ချနေစေလို၍ ဖြစ်သည်ဟု မရွှေစင်ကဆိုပါသည်။ သူမက အစွဲခံထားတဲ့ပုဒ်မတွေနဲ့ ကျနိုင်လောက်မယ့်နှစ်အပိုင်းအခြား ခန့်မှန်းတွက်ကြည့်ဖူးသည်။ ကိုးနှစ်ခွဲလောက် ဖြစ်နေသည်ဟုဆိုသည်။ ‘‘ညီမကတော့ ဘယ်အချိန်ဖြစ်ဖြစ် သူ့ကို စောင့်နေမယ်’’ဟု မရွှေစင်ကပြောပြသည်။
အင်တာနက်လူမှုကွန်ရက်တချို့မှာတော့ လူငယ်သဘာဝ မဖုံးနိုင်မဖိနိုင်ဖြစ်လို့ အပြေးအလွှားလက်မှတ်ထိုးခဲ့တာဟု ဝေဖန်ကြတာတွေလည်းရှိသည်။ ထိုဝေဖန်မှုတွေကို မရွှေစင်က ဒါကတော့လူငယ်ဘာဝဖြစ်ကြတာပါဟု ရဲရဲဝံ့ဝံ့ပင် ရယ်မောကာတုံ့ပြန်သည်။ ‘‘ညီမကဝတော့ ငယ်ငယ်ကလေးကတည်းက ဗိုက်ကပူတာပါ။ အခုမှပူတာမဟုတ်ပါဘူးဆိုပြီး သူငယ်ချင်းတွေနဲ့တောင် စဖြစ်ကြသေးတယ်’’ဟုပြောရင်း အားရပါးရ ရယ်လေသည်။
ကိုရဲဝင့်အောင် ပြန်ထွက်လာသည့်အခါ နှစ်ယောက်သား တစ်ဘဝထူထောင်ကြမည်။ ဆေးဆိုင်လေးနှင့် မိတ္တူဆိုင်လေးတစ်ဆိုင် ဖွင့်မည်။ ပြီးတော့ ကိုရဲဝင့်အောင် ဖမ်းဆီးခံရပြီး မကြာခင် ပိတ်ထားရသည့် ‘ဒို့ကျောင်း’ အခမဲ့စာသင်ကျောင်းကလေးကိုလည်း ပြန်ဖွင့်မည်ဟု မရွှေစင်က အနာဂတ်အစီအစဉ်များကို တက်ကြွစွာပြောသည်။ နောက်ပြီး ကိုရဲဝင့်အောင် နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်တာကိုလည်း တားမည်မဟုတ်ဘဲ အမြဲပံ့ပိုးပေးမည်။ ကဗျာတွေ ဆက်ရေးအောင်လည်း အားပေးမည်ဟုဆိုပါသည်။ အခုတော့ သူထောင်ထဲတွင်ရေးပြီး ရုံးထုတ်ချိန် နှုတ်ကနေ ရွတ်ပြလိုက်သည့် ကဗျာတွေကို အသံဖမ်းစက်ဖြင့် ဖမ်းထားပြီး သူမက လက်ရေးဖြင့် ပြန်ကူးရေးကာ သူပို့ခိုင်းသည့် မဂ္ဂဇင်း၊ ဂျာနယ်တိုက်တွေဆီ လိုက်ပို့လိုက်ဦးမည်ဟုဆိုသည်။
သို့သော် မရွှေစင်ကတော့ အိမ်ထောင်ဖက်ဖြစ်သူ ကိုရဲဝင့်အောင်နှင့်တွေ့ဖို့ သာယာဝတီထောင်နှင့် တရားရုံးဆီ ဘယ်နှကြိမ်လောက် သွားရဦးမည်မသိ။ သို့သော် သူမပုံစံက စိတ်ပျက်လက်ပျက်ဖြစ်နေဟန် စိုးစဉ်းမျှမရှိ။ ကိုရဲဝင့်အောင် သာယာဝတီကနေ ပြန်လာတာကို သစ္စာရှိရှိ စောင့်နေမည့်ဟန်အပြည့်။ မြို့မငြိမ်း ရေးသားပြီး မေရှင်သီဆိုခဲ့ဖူးသည့် ပျို့မှာတမ်းသီချင်းကလေးကအတိုင်းပင်။
‘စိတ်ချလက်ချ ကြည်ဖြူချင် မြေပေါ်တွင် သူပဲစွဲလို့သာခင် × × × သစ္စာတော်ပန်း မသွေတမ်းဆင်× × × တူနှစ်ကိုယ် သဲရွှေဆိုင် မြဲခိုင်ခိုင်ပေါင်းဖက်ဖို့ × × × စိတ်မှာမြော်မြင်’တဲ့။
ညီညီဇော်
7 day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment