Tuesday, June 9, 2015

မားစ်ရောဂါ မကူးစက်စေရန် တောင်ကိုရီးယား ခရီးသွားများကို အဓိကစစ်ဆေးနေ



မားစ်ကူးစက်မြန် ရောဂါ မြန်မာနိုင်ငံအတွင်း မပျံ့နှံ့ စေရန် လေဆိပ်များတွင် တောင်ကိုရီးယားခရီးသွားများကို အဓိကစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါမားစ်ရောဂါမှာ ပြင်း ထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါဖြစ် သည်။ အရှေ့အလယ်ပိုင်းဒေသ ဖြစ်သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ၂၀၁၂ က စတင်ဖြစ်ပွားခဲ့ပြီး အာရှ နိုင်ငံများဖြစ်သည့် တရုတ်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံအပါအ၀င် ကမ္ဘာ့ ၂၅ နိုင်ငံတွင် ကူးစက်ဖြစ်ပွားခဲ့သည်။ လက်ရှိတောင်ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားလျက်ရှိပြီး သေဆုံးသူများရှိနေ၍ ယခုကဲ့သို့ စစ်ဆေးနေခြင်း ဖြစ်သည်။

‘‘လက်ရှိမှာ ပြည်ပက၀င် လာတဲ့ ခရီးသည်တွေကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အထူးကြပ်မတ်ပြီး စစ်ဆေးပေး နေတယ်။ တောင်ကိုရီးယားနိုင်ငံ က လာတဲ့ခရီးသည်တွေကိုတော့ အဓိကထားပြီး စစ်ဆေးနေပါ တယ်’’ ဟု ကျန်းမာရေးဝန်ကြီး ဌာန ပြည်သူ့ကျန်းမာရေးနှင့် ကူးစက်ရောဂါ ကာကွယ်ကုသရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက် တာ စိုးလွင်ငြိမ်းက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံတွင် မေလ ၂၀ ရက်မှစတင်၍ မားစ် ရောဂါဖြစ်ပွားခဲ့ပြီး ဇွန်လ ၆ ရက် အထိ ရောဂါကူးစက်ခံရသူ ၈၇ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိနေပြီ ဖြစ်ကြောင်း နိုင်ငံတကာ သတင်း ဌာနများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ယင်းရောဂါမြန်မာနိုင်ငံတွင် မပျံ့နှံ့စေရန် လေဆိပ် များ၌ စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တိုင်းနှင့် ပြည်နယ်၊ မြို့နယ်ဆေးရုံများပြင်ဆင်ထားခြင်း၊ ဆေးရုံသုံးပစ္စည်း၊ ဆေးဝါးနှင့် ၀တ်စုံများ ပြင်ဆင်ထားခြင်း၊ ပိုမိုထိရောက်စွာ ကာကွယ်ကုသနိုင်ရန် ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်မှုသင်တန်းပေးခြင်း၊ ပြည်သူလူထုအား မားစ်ဆိုင်ရာ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများပေးခြင်းတို့ ပြုလုပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် အရှေ့အလယ်ပိုင်း ဒေသ အသက်ရှူလမ်းကြောင်း ဆိုင်ရာ (မားစ်)ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်ကို ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၈ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။

ယင်းရောဂါလက္ခဏာများ မှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာ ရည်ယိုခြင်း၊ အသက်ရှူမ၀ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ၀မ်းလျှော ခြင်းနှင့် အန်ခြင်းတို့ဖြစ်ပွားတတ် ပြီး ရောဂါဖြစ်ပွားသူ၏ ၃၇ ရာခိုင်နှုန်းခန့်မှာ  အသက်ဆုံးရှုံးနိုင် ကြောင်း ဆရာဝန်ကြီးအချို့က သုံးသပ်ပြောကြားသည်။

ယင်းထုတ်ပြန်ချက်ထဲ၌ ဆီး ချို၊ ကျောက်ကပ်၊ အဆုတ်ရောဂါပိုးဝင်ခြင်းစသည့် နာတာရှည်ရော ဂါခံစားနေရသူသည် မားစ်ရောဂါပိုး ပိုမို ၀င်ရောက်စေနိုင်ခြင်း ကြောင့် ရောဂါဖြစ်ပွားနေသော ဒေသသို့ ခရီးမထွက်ခွာမီ သက် ဆိုင်ရာဆရာဝန်နှင့် ထိရောက်စွာ ကုသခြင်း၊ ရောဂါ ဖြစ်ပွားနေ သော နိုင်ငံတွင် နေထိုင်စဉ် (သို့) ပြန်ရောက်ပြီး နှစ်ပတ်အတွင်း၌ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည် ယိုခြင်း၊ အသက်ရှူမ၀ခြင်း၊ အ သက်ရှူ ခက်ခဲခြင်း၊ ၀မ်းလျှောခြင်း၊ အန်ခြင်းစသော သံသယလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံဆေးခန်းများသို့ သတင်းပို့ကာ ဆေးကုသမှုခံယူကြရန် နှိုးဆော်ထားသည်။
7 day

No comments:

Post a Comment