Thursday, June 25, 2015

ဆိုက်ဘာရာဇဝတ်မှုများ ထိန်းချုပ်ရေး တရုတ်၏ ပူးပေါင်းဆောင်ရွက်မှုကို အမေရိကန် လိုလား

ဆိုက်ဘာရာဇဝတ်မှုများကို တားဆီးထိန်းချုပ်ရန် တရုတ်အစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်း အမေရိကန် အစိုးရက ပြောကြားလိုက်သည်။
ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြားတွင် အပြန်အလှန် စွပ်စွဲမှုများ ရှိခဲ့ပြီး ယခုလ အစောပိုင်းကလည်း အမေရိကန် အစိုးရဝန်ထမ်း ၄ သန်းကျော်၏ ကိုယ်ရေးအချက်အလက်များ ခိုးယူခံရမှုအတွက် တရုတ် အခြေစိုက် ဟက်ကာများ လက်ချက်ဟု အမေရိကန်ဘက်က စွပ်စွဲခဲ့သည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမား ကိုယ်တိုင်ကလည်း တရုတ်ဟက်ကာများ၏ ဆိုက်ဘာ ရာဇဝတ်မှုများကို အလေးထား ဂရုစိုက် ထိန်းချုပ်ရန် လိုအပ်ကြောင်း ပြောဆိုထားသည်။ ယခုအခါ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆိုက်ဘာရာဇဝတ်မှုများ တားဆီးမည့် အစီအစဉ်တွင် နှစ်နိုင်ငံ ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လာပြီဟု မှတ်ချက်ပြုခဲ့သည်။ အမေရိကန်နှင့် တရုတ်တို့သည် ယင်းကဏ္ဍအတွက် နှစ်ရက်ကြာ ဆွေးနွေးညှိနှိုင်းမှုများ ယခုအခါ  ပြီးစီးခဲ့ပြီ ဖြစ်သည်။

“ဒီတွေ့ဆုံမှုတွေမှာ ရိုးရိုးသားသား အဖြောင့်အတိုင်း ဆွေးနွေးခဲ့ကြတယ်။ အပြန်အလှန် စွပ်စွဲတာ၊ လက်ညှိုးထိုး ပြစ်တင်တာ ဘာတစ်ခုမှ မပါဘဲ ဆိုက်ဘာ ရာဇဝတ်မှုတွေရဲ့ ပြဿနာရယ်၊ အစိုးရတွေ အနေနဲ့ ဟက်ကာတွေ၊ တစ်ဦးချင်း ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူတွေကို ဘယ်လို တားဆီးနိုင်မလဲ၊ ဒါမှမဟုတ် ဘယ်လို အရေးယူနိုင်မလဲ ဆိုတာတွေကို ညှိနှိုင်းခဲ့ပါတယ်”ဟု ကယ်ရီက ဆိုသည်။

၎င်းက “အမေရိကန်ဘက်က ဘာကိုပဲ ရှင်းရှင်းလင်းလင်း ပြဆိုနေပါစေ ဒီကိစ္စမျိုးဟာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှ ဖြစ်နိုင်တာပါ။ ဒါကြောင့် တခြားနိုင်ငံတွေရဲ့ အပြုအမူ၊ အတွေးအမြင်နဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ ဘာမှ ကြိုမပြောနိုင်ပါဘူး”ဟုလည်း ပြောကြားခဲ့သည်။

တရုတ်အစိုးရကမူ အမေရိကန်တွင် ဆိုက်ဘာလုံခြုံရေး ကျိုးပေါက်မှုများ ဖြစ်ပွားပြီး အစိုးရ ဝန်ထမ်းများ၏ အချက်အလက်များ ခိုးယူခံရခြင်းတွင် မိမိတို့ တာဝန်ရှိကြောင်း စွပ်စွဲချက်များကို ငြင်းဆန်ထားသည်။

_Ref: US News

No comments:

Post a Comment