Tuesday, June 2, 2015

လိုက်လေ ဝေးလေ ပြေးလေ

ကောလဟလလား၊ ဖြစ်ရပ်မှန်ပဲလား၊ လုပ်ကြံခံရတာပဲလား ကာယကံရှင်တွေကပဲ သိကြလိမ့်မည်။ ယခုရက်ပိုင်း မြန်မာပြည်က
ဖေ့စ်ဘွခ် အင်တာနက်စာမျက်နှာမှာ ဖောက်ပြန်သော ခင်ပွန်းလင်ယောင်္ကျားကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားသော ဆရာဝန်မ တစ်ဦးအကြောင်းက အတော် လူသိများ ပျံ့နှံ့နေသည်။ သူ၏ သတင်းစာပါ နာရေးသတင်းကိုပါ တွဲပြထားရာ အဆိုပါနာရေးအရ သားတစ်ဦး မိခင်တစ်ယောက်ဟု သိရသဖြင့် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်သည်။ သို့သော်လည်း မိမိ၏ အလုပ်၊ ပညာတို့သာမက သားလေး၏ ဘဝနောင်ရေး အတွက်ကိုပါ ဖောက်ပြန်သော ယောကျာ်း တစ်ဦးကြောင့် အရှုံးပေးစွန့်လွှတ်သွားသည်က ပိုကြေကွဲစရာ ကောင်းလှပါသည်။

ဖေ့စ်ဘွခ် စာမျက်နှာပေါ်က အဆိုပါသတင်းသည် အမျိုးသားများထက် မြန်မာ အမျိုးသမီးထုကြီးကို ပိုပြီး ရိုက်ရိုက်ခတ်ခတ် ဖြစ်သွားသည်။
ပိုပြီးတော့ ခံစားရစေသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးတွေမှာ ဒီလိုအိမ်ထောင်ရေး ပြဿနာ ဂယက်တွေက အနည်းနဲ့ အများရှိနေကြတာမို့ အမျိုးသမီးချင်း ကိုယ်ချင်း စာနာကာ သနားကြတာ ဖြစ်ပါသည်။ တချို့ကတော့ ထိုဆရာဝန်မ၏ လုပ်ရပ်ကို
လေးစားသည်ဟု ဆိုသည်။ တချို့က  အဆိုပါ ဆရာဝန်မလိုလူမျိုးကို အသက်ဆုံးရှုံးစေခဲ့သည့် အိမ်ထောင်ရေး ဖောက်ပြန်သော အမျိုးသမီးကို အပြစ်တင်ကြသည်။ တချို့ကတော့ သားလေးမျက်နှာကို မထောက်မထား သတ်သေသွားသည်ဆိုသော ဆရာဝန်မကို ကရုဏာဒေါသ ဖြစ်ကြသည်။

“ကျွန်မတော့ သူ့ပဲနှမြောတယ်။ ဖောက်ပြန်တဲ့လူ၊ ကိုယ့်ကိုမချစ်တဲ့ လူအတွက် ကိုယ့်ဘဝကို စွန့်စရာလား။ ကိုယ့်သားလေးမျက်နှာကို ထောက်ဖို့သင့်တယ်" ဟု ကေကေဆိုသည့် တာမွေက အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးက ပြောပါသည်။

သေဆုံးသွားသော ဆရာဝန် အမျိုးသမီးလို အိမ်ထောင်ရေး ပြဿနာက ယခုခေတ်မှသာ မဟုတ်။ ခေတ်အဆက်ဆက် အမျိုးသမီးတိုင်း ကြုံရသည့် ပြဿနာ ဖြစ်ပါသည်။ အနီးစပ်ဆုံး မြန်မာမင်းဆက်ကိုပင် ကြည့်ပါ။ မြန်မာမင်းတို့၏ နောက်ဆုံး မင်းဆက်ဖြစ်သည့် သီပေါမင်းနှင့် ကိုယ်လုပ်တော် ဒိုင်းခင်ခင်တို့အကြား အချစ်ဇာတ်လမ်းကို မိဖုရားခေါင်ကြီး စုဖုရားလတ်က ခပ်ကြမ်းကြမ်းဖြေရှင်းခဲ့ရသည့် ဇာတ်လမ်းကလည်း စာတစ်တန် ပေတစ်ဖွဲ့ ဖြစ်ရသည့်အထိ အထင်အရှား ရှိခဲ့သည်။

ယောကျာ်းကောင်း မောင်းမတစ်ထောင်ဆိုသည့် မြန်မာဆိုရိုးစကားကလည်း ယောကျာ်းများကို ဇနီးမယားတွေ ခပ်များများထားရှိမှုကို အားပေးတိုက်တွန်းထားပါသည်။ မြန်မာနိုင်ငံကဲ့သို့ ယောကျာ်းများ၏ လွှမ်းမိုးမှုများသော လူမှုအသိုင်းအဝိုင်း မဆိုထားဘိ။

မိန်းမတစ်ယောက်ထက် ပိုယူခွင့်မရှိသော အမေရိကန်လို နိုင်ငံများပင် နိုင်ငံခေါင်းဆောင် သမ္မတများကအစ ဒီလိုဇာတ်လမ်းတွေ ဟိုလေးတစ်ကျော် ရှိဖူးသည်။  ဒုတိယ ကမ္ဘာစစ် အတွင်းက အမေရိကန် သမ္မတ ရုစဗဲ့ဆိုလျှင် သူနှင့် အမျိုးသမီး လေး၊ ငါးဦး၏ အချစ်ဇာတ်လမ်းများက ရုပ်ရှင်များပင် ရှိသည်။ ထို့အတူ သမ္မတ ဂျွန်အက်ဖ်ကနေဒီကလည်း ကမ္ဘာကျော် ဟောလိဝုဒ်မင်းသမီး မာရီလင်မွန်ရိုးနှင့် ဖောက်ပြန်သည်ဟု ယနေ့ထိလူတွေက ပြောမဆုံး။

အမေရိကန် သမ္မတ ဘီလ်ကလင်တန်နှင့် အိမ်ဖြူတော်ဝန်ထမ်း လူဝင်စကီးတို့၏ အရှုပ်တော်ပုံကလည်း ကမ္ဘာတစ်ဝန်းက မီဒီယာများထက်မှာ ယနေ့ထက်ထိ ရေပန်းစားတုန်းပင်။ ထို့ကြောင့် အိမ်ထောင်ရေး ဖောက်ပြန်ခြင်း လူမူရေးပြဿနာသည် ယဉ်ကျေးမှုမရွေး၊ ဆင်းရဲချမ်းသာ အနိမ့်အမြင့်မရွေး၊ ပညာတတ်မတတ် မရွေးကြုံတွေ့ရသော ပြဿနာဟု ဆိုနိုင်သည်။

အိမ်ထောင်ရေး ဖောက်ပြန်ခြင်းမှာ အမျိုးသားရော အမျိုးသမီးများပါ ဖြစ်နိုင်သော်လည်း သဘာဝအရ အမျိုးသားများက ပိုများသည်ကို တွေ့ရသည်။ အိမ်ထောင်ရေးဆိုင်ရာ လူမူရေးအကြံပေး စာရေးဆရာ မီရာကီရွန်ဘရွန်က အိမ်ထောင်သည်များ အိမ်ထောင်ရေး ဖောက်ပြန်သည့် အခြေခံအကြောင်းရင်း ၁၇ ခုရှိသည်ဟု ဆိုပါသည်။

ထိုအထဲမှ ပထမဦးဆုံး အကြောင်းအရာကတော့ တချို့သူများသည် အဆင်မပြေ မသာယာသော သူတို့၏ အိမ်ထောင်ရေးကို အဆုံးသတ်ရန်အတွက် ဖြစ်သည်ဟု ဆိုပါသည်။ အိမ်ထောင် အဆင်မပြေသော်လည်း ကွဲကွာရန် သတ္တိမရှိ။ ထို့ကြောင့် အိမ်ထောင်ရေး ဖောက်ပြန်လိုက်မှပဲ အိမ်ထောင်ရေး အဆုံးသတ်မည်ဟု ထင်ကြ၏။ မိန်းမက သိလို့ ကွာရှင်းလိုက်ပါကလည်း ခပ်ကောင်းကောင်း၊ နောက်ချစ်သူကသူတို့ ပထမအိမ်ထောင်ကို ကွဲရဲသည့် သတ္တိများပေးပါကလည်း ခပ်ကောင်းကောင်းဆိုသော လုပ်ရပ်မျိုးဖြစ်၏။

ထို့ပြင် တခြားတစ်ယောက်နှင့် ရခဲ့သော အရာတစ်ခုကို ကိုယ့်အိမ်ထောင်ရေးမှာ မရရှိပါက အိမ်ထောင်ရေးမှာ ကိုယ်မျှော်လင့်သည်နှင့် တခြားစီဖြစ်လာခဲ့သည်။ ထိုအကြောင်းကြောင့်လည်း အိမ်ထောင်ရှင်များ ဖောက်ပြန်ကြသည်ဟု ဆိုပါသည်။

“မြန်မာပြည်မှာကတော့ စီးပွားရေး မပြေလည်တာ၊ အမျိုးသမီးတွေအတွက် ဝင်ငွေကောင်းတဲ့ အလုပ်တွေ နည်းပါးတာ တွေလဲပါတယ်။ ချမ်းသာတဲ့ ယောကျာ်းတွေကို ဘာလို့ပဲဖြစ်ဖြစ် စားဝတ်နေရေးအတွက် လိုက်ကပ်ကြတာ မိန်းကလေးတွေ များလာတယ်။ အဲဒီလို အမျိုးအစားက ပိုဆိုးတယ်။” ဟု လုပ်ငန်းရှင် အမျိုးသမီး တစ်ဦးက ဆိုပါသည်။

ချမ်းသာသော လုပ်ငန်းရှင် သူဌေးများနှင့် ငယ်ရွယ်သူ မိန်းကလေးများကြားက ဇာတ်လမ်းတွေကတော့ ခေတ်အဆက်ဆက် မရိုးနိုင်အောင်ပင်။ စစ်ကြိုခေတ်က နာမည်ကြီး ရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည့် ''အတွေ့" ဟူသော ရုပ်ရှင်ဇာတ်ကားမှာပင် ဒီအိမ်ထောင်ရေး ဖောက်ပြန်မှုကို အခြေခံထားသည်။ အငြိမ့်သမလေး စံရှားတင်နှင့် ဇာတ်လမ်းရှုပ်သည့် ခင်ပွန်းဖြစ်သူ မောင်သီကို မင်းသမီးကြီး သီသီက ''ဆိုဖီယာလောရင်းကြီးဆို မောင်ရဲ့" ဟု ပြောစကားကို အမျိုးသမီးတွေက သဘောလည်းကျသလို ကိုယ်ချင်းလည်း စာနာခံစားခဲ့ကြ၏။

မြန်မာမှာတော့ အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် ဖြစ်သော သောကကို အမျိုးသမီးများက ပိုခံစားကြရသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသားဦးစားပေး အသိုင်းအ၀ိုင်းဖြစ်သည့်အပြင် လူမှုဓလေ့အရ အိမ်ထောင်ကွဲ တစ်ခုလပ် တစ်လင်ကွာ အမျိုးသမီးကို လူ့အသိုင်းအ၀ိုင်းက လေးစားမှု နည်းပါးသည့်အတွက် ဖြစ်သည်။  အမျိုးသားက ဖောက်ပြန်သူဖြစ်သော်လည်း အိမ်ထောင်ကွဲကြလျှင် ဒုက္ခပိုရောက်သည်က အမျိုးသမီးပင် ဖြစ်သည်။ သားသမီးများ၏ တာဝန်ကိုလည်း အမျိုးသမီးကပင် ယူရ၏။ မယားစရိတ် သားသမီး စားရိတ်များကလည်း လောက်လောက်ငင မရှိ။ ဒီကြားထဲ တစ်ခုလပ်အနေဖြင့် ကိုယ်အနေအထိုင်မတတ်လျှင် ပတ်ဝန်းကျင်က ပြောတာဆိုတာကိုပင် ခံရသေးသည်။

“ကံဆိုးလို့များ ကိုယ့်လူက အိမ်ထောင်ရေး ဖောက်ပြန်နေတယ် ဆိုပါစို့။ လုပ်ရမှာက နှစ်နည်းပဲရှိတယ်။ ခွင့်လွှတ်ရင် ခွင့်လွှတ်။

မခွင့်လွှတ်ရင်တော့ စွန့်လွှတ်ပဲ။ နို့မို့ကတော့ ကိုယ်ပဲ စိတ်ဆင်းရဲရမှာ” ဟု မမွန်မွန်က ပြောပါသည်။

ခင်ပွန်းဖြစ်သူက တစ်ရုံးတည်း လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦး နှင့် လူသိထင်ရှား ဖောက်ပြန်နေသဖြင့် အသက် ၃၀အရွယ် မမွန်မွန် ကလေး-ငါးနှစ်လောက် အိမ်ထောင်ရေးသောကများကို အံကြိတ်ခံစားနေရသူ ဖြစ်ပါသည်။။ ယခုတော့ သမီးလေးလည်း ၅နှစ်ကျော်လာပြီဖြစ်သဖြင့် သူ့ခံစားမှုများ အနည်ထိုင် သွားပြီဟု ဆိုပါသည်။ ခင်ပွန်းဖြစ်သူအကြောင်း စသိကာစက အရူးမီးဝိုင်းခံစားရပြီး နည်းမျိုးစုံနှင့် သာယာသော အိမ်ထောင်ရေးပြန်ဖြစ်လာအောင် သူကြိုးစားခဲ့သေးသည်ဟုဆိုပါသည်။

သို့သော် ပြေးသူကတော့ လိုက်လေပြေးလေ၊ ပိုဝေးလေသာဖြစ်ခဲ့သည်။ ထို့ကြောင့် ယခုအခါမှာ သူကစိတ်ဒုန်းဒုန်းချလိုက်ကာ ခင်ပွန်းနှင့် ကွာရှင်းရန် ပြင်ဆင်နေပါပြီ။

“အခုတော့တော်ပြီ။ လုံလောက်ပြီ။ ကျွန်မသမီးလေးနဲ့ ကျွန်မ ကိုယ့်ဘာသာ ဘဝရပ်တည်နိုင်ဖို့ ပြင်ဆင်တော့မယ်။ ကျွန်မလည်း အရွယ်ကောင်းသေးတယ်။ ကိုယ့်ကိုမချစ်တဲ့ ယောင်္ကျား တစ်ယောက်အတွက်တော့ ဆက်မခံစားနိုင်တော့ဘူး။ ကိုယ့်အချစ်နဲ့ မတန်ဘူးလေ။”
ထားထားမြင့်
mizzima

No comments:

Post a Comment