Friday, June 19, 2015

ခလောက်ဆန် အကောက်ကြံနေတဲ့ KIA ကို အပြုတ်တိုက်မှ ငြိမ်းချမ်းရေးရမယ်

ပြည်တွင်းငြိမ်းချမ်းရေး ရဖို့အတွက် အခြေခံဖြစ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အဲဒီ လက်မှတ်ရေးထိုးနိုင်ဖို့ UPWC နဲ့ NCCT တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ယနေ့အချိန်ကာလမှာတော့ NCA မူကြမ်းကို သဘောတူနိုင်ခဲ့တာ တွေ့ရပါတယ်။ တိုင်းရင်းသားတွေဘက်က မူကြမ်းကို အချောသတ်နိုင်ဖို့ NCCT ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ လောခီးလာမှာ ဒီလ ၂ ရက်နေ့ကနေ ၉ ရက်နေ့အထိ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ တွေ့ဆုံပွဲအပြီး အများမျှော်လင့်သလို အပစ်ရပ်လက်မှတ်ထိုးရေးကိစ္စဟာ အဖြေထွက်မလာဘဲ ဟိုလှည့် ဒီပတ် ဖြစ်သွားပြန်ပါတယ်။

ဒါ့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တကယ်ငြိမ်းချမ်းရေး လိုချင်တာဟုတ်ရဲ့လားဆိုပြီး ဝေဖန်မှု တွေလည်း ထွက်ပေါ်လာပါတယ်။ ဒီတော့ လတ်တလော ဖြစ်ပွားနေတဲ့ ကချင်တိုက်ပွဲတွေကို ကြည့်ရအောင် ပါ။ ဖားကန့်မြို့ပေါ်မှာတောင် အစိုးရတပ်ကို KIA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တယ်၊ နယ်မြေခံရဲကင်းကို ဗုံးပစ်ထည့်တယ်လို့ သိရပါတယ်။ ဖားကန့်ဆိုတာ KIA ရဲ့ ထိန်းချုပ်နယ်မြေ မဟုတ်ပါဘူး။
ပြီးတော့ ကျောက်မျက်ကုမ္ပဏီတွေနဲ့ ကျောက်မျက်တူးဖော်ရေး လုပ်ကိုင်နေသူတွေနေတဲ့ နေရာပါ။ အစိုးရ တပ်တွေက နယ်မြေဒေသ လုံခြုံရေးအရ ဖားကန့်ဒေသမှာ လှုပ်ရှားသွားလာနေရတာပါ။ မြို့ခံ ပြည်သူတွေ၊ နယ်ပေါင်းစုံက လာပြီး ရေမဆေးကျောက် ရှာဖွေသူတွေဟာ တိုက်ပွဲဖြစ်နေတာတောင် စည်ကားနေတဲ့ မြို့ပါ။ ဒါကို KIA က ဘာဖြစ်လို့ မိုင်းဆွဲတိုက်ခိုက်ရတာလဲ။ အပြစ်မဲ့ ပြည်သူတွေကို ထိမှန်ကုန်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီလို သရဲဘောကြောင်တဲ့ အလုပ်တွေကို ကျူးလွန်တိုင်း KIA က ဘယ်တော့မှ ၀န်မခံဘူး။
“ တိုက်ပွဲတွေ ပြန်ဖြစ်တော့ ရေမဆေးကျောက်ရှာတဲ့ အလုပ်သမားတွေလည်း နေရပ်ပြန်ဖို့ လုပ်နေကြပြီ၊ ရခိုင် လူမျိုးက ၁၀၀၀ လောက်ရှိတယ်၊ သူတို့လည်း ပြန်ဖို့ လုပ်နေကြတယ်၊ KIA က တိုက်ပွဲတွေ ဖြစ်အောင် တမင် ဖန်တီးနေတာဗျ၊ အစိုးရတပ်တွေက သူ့တာဝန်အရ လမ်းအတိုင်းသွားနေတာ၊ ဒါကို KIA က မိုင်းဆွဲတယ်၊ သေနတ်နဲ့ စပစ်တယ်၊ ဒီတော့ တိုက်ပွဲဖြစ်တော့တာပေါ့၊ မနေ့ကလည်း နယ်မြေခံရဲကင်းတွေကို ဗုံးတွေ ပစ်ထည့်လို့ ရဲတွေ ဒဏ်ရာရတယ်၊ အစိုးရတပ်တွေ ရှိနေတာတောင် KIA က ဒီလောက် သောင်းကျန်းနေ မှတော့ ဆက်ပြီး မနေရဲကြတော့ဘူး၊ ဒီကြားထဲ လူသစ်စု၊ ဆက်ကြေးကောက်တာတွေလည်း ရှိတော့ ကျောက်မျက်ကုမ္ပဏီတွေတောင် လုပ်ငန်းဆက်ပြီး လည်ပတ်ဖို့ စဉ်းစားနေကြပြီ ” ဟု ဖားကန့်မြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
KIA အဖွဲ့ဟာ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကိုတောင် လက်မှတ် မရေးထိုးရသေးပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ ပါဝင် လက်မှတ်ထိုးဖို့ လုပ်နေတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ပြီးတော့ NCCT မှာ ဂွမ်မော်က ဒုဥက္ကဋ္ဌ ရာထူးယူ ထားသလို UNFC ဥက္ကဋ္ဌအဖြစ် KIO ဒုဥက္ကဋ္ဌ အင်ဘန်လက တာဝန်ယူထားလေတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ သူတို့ကြောင့် နှောင့်နှေးနေရခြင်းလား တွေးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ NCCT နဲ့ အစိုးရ ကြား အဓိက သဘောထားကွဲလွဲခဲ့တဲ့ MNDAA၊ TNLA နဲ့ AA တို့ကို အပစ်ရပ်စာချုပ်မှာ ထည့်သွင်း လက်မှတ် ထိုးရေးကိစ္စက သက်သေပြနေပါတယ်။
“ သာမန်ကြည့်ရင်တော့ ကိုးကန့်ဒေသကို MNDAA က ပြန်တိုက်တယ်၊ TNLA က တအာင်းဒေသမှာ လူသစ်စု၊ ဆက်ကြေးကောက်၊ လားရှိုး-မူဆယ်လမ်းမှာ ကားတွေတား ငွေတောင်းလို့ အစိုးရတပ်က လိုက်ရှင်းရင်း တိုက်ပွဲ ဖြစ်တယ်၊ AA ကလည်း ရခိုင်နယ်စပ်မှာ အစိုးရတပ်တွေကို စတိုက်လို့ တိုက်ပွဲ ဖြစ်ရတယ်။ ဒါ့ကြောင့် ဒီ ၃ ဖွဲ့ကို အစိုးရက ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ မထည့်ချင်ဘူး။ ဒါပေမယ့် NCCT က ထည့်ဖို့ ပြောတယ်။ NCCT ဆိုတာကလည်း KIA ကြိုးကိုင်ခံနေရလေတော့ အပစ်ရပ်ကိစ္စကို အချိန်ဆွဲထားမှာပဲလေ၊ တကယ်တော့ ပြည်တွင်း ငြိမ်းချမ်းရေးကို ခလောက်ဆန် အကောက်ကြံနေတာ KIA ပဲဗျ၊ သူ့နယ်မြေထဲမှာ အစောကပြောတဲ့ အဖွဲ့တွေကို လက်ခံထားတာ၊ ပြီးရင် FUA ဆိုပြီးတော့တောင် ဖွဲ့လိုက်သေးတယ် ” ဟု ကချင်အရေး လေ့လာ သုံးသပ်သူ သတင်းထောက်တစ်ဦးက ပြောပါတယ်။
ကိုးကန့်ဒေသအား ဖုန်ကြားရှင်ဦးဆောင်တဲ့ MNDAA အဖွဲ့ တိုက်ခိုက်ရာမှာ TNLA နဲ့ AA နှစ်ဖွဲ့က ပါဝင် ကူညီ တိုက်ခိုက်ပေးခဲ့တာ အမှန်ပါ။ အဲဒီ TNLA နဲ့ AA ဆိုတာ ဘာမှ မဖြစ်စလောက် အင်အားနဲ့ အဖွဲ့လေးတွေသာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့နှစ်ဖွဲ့ဟာ KIA ကြိုးဆွဲရာ ကနေတဲ့ ရုပ်သေးရုပ်အဖွဲ့တွေ ဖြစ်ပါတယ်။ ဒါကြောင့် MNDAA ကို TNLA နဲ့ AA တို့ ကူတိုက်ပေးတာဟာ နောက်ကွယ်က KIA ရဲ့ လက်ချက်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ KIA မခိုင်းဘဲနဲ့ အဲဒီနှစ်ဖွဲ့က MNDAA ကို အသားလွတ် ကူတိုက်ပေးမှာ မဟုတ်ပါဘူး။ တကယ်တော့ KIA ဟာ လိုင်ဇာမှာ TNLA နဲ့ AA သာမက အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုပါ လက်ခံထားပြီး ဗိုလ်သင်တန်းကျောင်းတောင် ဖွင့်ပေးထားတယ်ဆိုတာ မထင်မှတ်ဘဲ ဗူးပေါ်သလို ပေါ်ခဲ့ပါ တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကမောက်ကမ ဖြစ်အောင် ဖန်တီးနေတာ KIA ဆိုတာ ပေါ်လွင်နေပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက ဖြစ်ခဲ့တဲ့ KIA ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းဖြစ်စဉ်ကိုပဲ ကြည့်ပါ။ အစိုးရတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဗိုလ်လောင်း(၂၃)ယောက် သေသွားခဲ့တာ ရှိပါတယ်။ KIA နယ်မြေထဲမှာ ဖွင့်ထားတဲ့ ဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီးကျလို့ ဗိုလ်လောင်း(၂၃)ယောက် သေသွားတဲ့အထဲမှာ KIA ဗိုလ်လောင်း တစ်ယောက်မှ မပါတာကတော့ အံ့အား သင့်စရာပါ။ အဲဒီဖြစ်စဉ်မှာ ABSDF၊ TNLA/PSLF၊ CNF၊ AA စတဲ့ အဖွဲ့တွေက ဗိုလ်လောင်းတွေ ပါသွားတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် KIA ဟာ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သူ့နယ်မြေမှာ စစ် သင်တန်းပေးပြီး သူလိုသလို ခိုင်းစားနေတယ်ဆိုတာ မြင်သာပါတယ်။
“ အဓိက ကတော့ KIA က ဆရာကြီး လုပ်နေတာ၊ နောက်ကွယ်ကနေ ကြိုးကိုင်နေတာပေါ့ဗျာ ၊ TNLA တို့ AA တို့ဆိုတာ ဘာမှ မဟုတ်တဲ့ အဖွဲ့လေးတွေ၊ KIA မြှောက်ပေးပြီး ငွေပေးခိုင်းစားတာကို ခံနေရတာ၊ UNFC နဲ့ NCCT မှာလည်း KIA ကပဲ လူစွာလုပ်နေတာလေ၊ တကယ်တော့ “၀”က လူမိုက်ငှားခံရတာ၊ နောက်ကွယ်မှာ ကလန်ဖန်ထိုးနေတာက KIA ၊ အပစ်ရပ်ရေးကိစ္စဟာ KIA ကြောင့် ကြာနေတာဆိုရင် ပိုမှန်လိမ့်မယ်၊ ၂၀၁၅ မှာ ဒီအပစ်ရပ်လက်မှတ်ထိုးနိုင်ပါ့မလား။ အရင်တုန်းက လိုင်ဇာကို နိုင်ငံတော်သမ္မတ မသိမ်းခိုင်းလို့ အစိုးရ တပ်တွေက သိမ်းခါနီးမှ ရပ်လိုက်ရတာ၊ အခုတော့ KIA က လူစွာလုပ်နေပြီ။ အဲဒီအချိန်တုန်းက သိမ်း လိုက်ရင် KIA ဆိုတာ ပေါ်လာစရာအကြောင်း မရှိဘူး၊ လက်ရှိ အခြေအနေတွေအရ KIA ကို အပြုတ်တိုက်မှ ရမယ်၊ ရှင်းရှင်းပြောရရင် KIA ကို အပြုတ်တိုက်မှ ငြိမ်းချမ်းရေးရမယ် ” ဟု နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသူတစ်ဦး က ပြောကြားသွားပါတယ်။
ဇော်လင်းအောင်
Today Myanmar

1 comment:

  1. သိပ်မှန်တာပေါ့ ဗျာ အစောကြီးထဲကတိုက်ရမှာ။

    ReplyDelete