Tuesday, July 14, 2015

ဇလွန်ရေကာတာ ကျိုးပေါက်ဖွယ်ရှိ၍ အိမ်ခြေ ၁၆၀ ကျော် အရေးပေါ်ပြောင်းရွှေ့

ဧရာဝတီတိုင်းဒေသကြီးရှိ ဟင်္သာတခရိုင် တစ်ခုလုံးကို ရေကြီးမှု ဘေးအန္တရာယ်မှ ကာကွယ်ထားသည့် ဇလွန်ရေကာတာမှာ မြစ်ရေတိုက်စားမှုကြောင့် ကျိုးပေါက်ရန် နီးကပ်လာပြီ ဖြစ်သောကြောင့် ဇလွန်မြို့နယ် တောင်ပို့တရာအုပ်စုရှိ အိမ်ခြေ ၁၆၀ ကျော် ဇူလိုင် ၁၃ ရက်နေ့မှ စတင်၍ အရေးပေါ်ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ အတွင်းရေးမှူး ဦးစိန်မြင့်က ပြောကြားသည်။
ပန်းတာအသစ်ရှေ့ရှိ ပန်းတာအဟောင်း အချိန်မရွေး ပြိုကျနိုင်သည့် အခြေအနေကြောင့် ယင်းဧရိယာအတွင်းရှိ အိမ်ခြေ ၁၆၆ အိမ်ကို အရေးပေါ်ရွှေ့ပြောင်းရန် ကော်မတီများဖွဲ့ကာ ဆောင်ရွက်နေပြီး အိမ်ခြေအရေအတွက်၏ သုံးပုံနှစ်ပုံခန့် ရွှေ့ပြောင်းပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပန်းတာအသစ်နှင့် အဟောင်း ဆုံသည့် နေရာတွင် ဒေသခံလူဦးရေ သုံးရာနီးပါးဖြင့် ကာကွယ်ရေး ဆောင်ရွက်ထားခြင်းကြောင့် ကမ်းပြိုမှု လျော့နည်းနေသော်လည်း ပြိုကျဆဲဖြစ်ပြီး လတ်တလော စိုးရိမ်ရသည့် ပန်းတာအသစ်နှင့် ပန်းတာအဟောင်း၏ ဝမ်းဗိုက်အတွင်းရှိ မေဒုံရွာမှ အိမ်ခြေ ၁၄ လုံး၊ သရက်နှစ်ပင်ရွာမှ အိမ်ခြေသုံးလုံး၊ ဂွေးတောက်ချောင်းရွာမှ အိမ်ခြေ ၇၁ လုံး၊ ဝါသာလှရွာ အိမ်ခြေ ၇၈ လုံး၊ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်း၊ စေတီတော်နှစ်ဆူ၊ လူဦးရေ ၆၉၂ ယောက်ရှိရာ ရေဘေးလွတ်ကင်းနိုင်မည့် နေရာကို ရွှေ့ပြောင်းနေပြီ ဖြစ်ကြောင်း ရွှေ့ပြောင်းနေထိုင်သူ ဒေသခံများက ပြောကြားသည်။
“ဇူလိုင်လ ၁၁ ရက် ညနေပိုင်းအထိ မြစ်ကမ်းနှင့် ရေကာတာ အကွာအဝေးက ပေ ၆၀ နီးပါး ရှိတယ်။ ၁၃ ရက်နေ့ကျတော့ ရေကာတာအခြေကို ရောက်နေပြီ။ ဒါကြောင့် လူနေအိမ်တွေနဲ့ ဒေသခံတွေကို ရွှေ့ပြောင်းနေတာပါ” ဟု ဦးစိန်မြင့်က ဆိုသည်။
ဇလွန်မြို့နယ် တောင်ပို့တရာအုပ်စု ဝါသာလှ၊ မေဒုံကျေးရွာများတွင် ဧရာဝတီမြစ်ရေ တိုက်စားကာ ကမ်းပြိုကမ်းစားမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ အလျားပေ ရှစ်ထောင်နီးပါးရှိ ပန်းတာအသစ် တစ်လုံးကို ဝါသာလှရွာနှင့် သရက်နှစ်ပင်ရွာ အကြားကို ဖြတ်ဖောက်တည်ဆောက်ပေးခဲ့ပြီး လတ်တလောတွင် ပန်းတာအသစ်ရှေ့ရှိ ပန်းတာအဟောင်းခြေရင်းထိ ကမ်းပြိုလာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဇွန်လ နောက်ဆုံးပတ်မှ ဇူလိုင်လ ၁၃ ရက်အထိ ကမ်းပြိုကမ်းစားမှုများ ဖြစ်ပေါ်နေသော ယင်းဒေသတွင် ဆည်မြောင်းဦးစီးဌာနရှိ ကျွမ်းကျင်လုပ်သားများကို ခရိုင်ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလွင်က ကြီးကြပ်ကာ ဒေသခံ လူအင်အား အလုံးအရင်းဖြင့် ဝိုင်းဝန်းကာကွယ်ခဲ့သော်လည်း ဆက်တိုက်ပြိုကျနေသည့် ကမ်းပါးမှာ ဝါသာလှရွာအနီး ဇလွန်ရေကာတာ၏ အခြေသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် အချိန်မရွေး ပြိုကျနိုင်သည့် တာဘောင်အနီး နေထိုင်သူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေပြီ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ကမ်းပါးပြိုကျမှု အခြေအနေကို ခရိုင်ဆည်မြောင်းဦးစီးဌာနထံ ဆက်သွယ်မေးမြန်းရာ လက်ထောက်ညွှန်ကြားရေးမှူး မရှိသောကြောင့် ဖြေကြားရန် အဆင်မပြေကြောင်း တာဝန်ကျ ဝန်ထမ်းများက ဖြေကြားသည်။
ဧရာဝတီတိုင်းသည် နှစ်စဉ် ဇူလိုင်လနှင့် သြဂုတ်လများတွင် မိုးသည်းထန်စွာ ရွာသွန်းလေ့ ရှိကြောင်း၊ ဟင်္သာတခရိုင်သည် မြို့နယ်ခြောက်မြို့နယ်ဖြင့် ဖွဲ့စည်းထားရာ ဧရိယာ စတုရန်းမိုင်ပေါင်း၂၆၉၇ ဒသမ ၂၈ ကျယ်ဝန်းကြောင်း၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်တို့ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန် ဧရာဝတီ ဟင်္သာတတာ၊ ဧရာဝတီ အရှေ့ဘက်ကမ်းတာ၊ ဟင်္သာတ ကမ်းနားတာတို့ကို ၁၈၈၁ ခုနှစ်တွင် တည်ဆောက်ထားရှိပြီး ဟင်္သာတမြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့ကို ငဝန်မြစ်ရေ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် ငဝန်တာတမံကို ၁၈၈၂ ခုနှစ်တွင် တည်ဆောက်ထားခဲ့ရာ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဟင်္သာတ၊ ဇလွန်မြို့နယ်များကို အလျားမိုင်ပေါင်း ၂၀၁ မိုင် ကျော်ရှိ ရေကာတာကြီးဖြင့် ကာကွယ်တားဆီးထားကြောင်း ဆည်မြောင်းဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

No comments:

Post a Comment