Tuesday, July 14, 2015

စိတ်ဖောက်ပြန်နေသော သားက မိခင်ကို ဓားဖြင့် ခုတ်သတ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ တောင်သင်တောရိုးကျေးရွာတွင် ဇူလိုင်လ ၁၂ ရက် မွန်းတည့် ၁၂ နာရီက အသက် ၃၆ နှစ် အရွယ်ရှိ သားက စိတ်ဖောက်ပြန်ကာ မိခင်ကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးသိန်းက ပြောကြားသည်။
“လူသတ်မှု ကျူးလွန်ခဲ့သူက မိခင်ကို လုပ်ကျွေးနေသူပါ၊ သူတို့သားအမိ နှစ်ဦးလုံးက စိတ်ဝေဒနာ ခံစားနေရသူတွေလို့ သိရတယ်၊ သားက အရက်တွေသောက်ပြီး စိတ်ကယောင်ချောက်ချား ဖြစ်ရာကနေ မိခင်ကို ထင်းခုတ်ဓားမနဲ့ ခုတ်သတ်ခဲ့တာ၊ ပြစ်မှုကျူးလွန်သူက ထွက်ပြေးလွတ်မြောက်နေဆဲပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တောင်သင်တောရိုးကျေးရွာ အနောက်ဘက်ပိုင်းတွင် နေထိုင်သော ကိုခင်ဇော် (ခ) အုန်းမောင်မှာ ယင်းနေ့က အရက်မူးကာ စိတ်ဖောက်ပြန်စဉ် ၎င်း၏ မိခင် အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်ဝင်းကို ဓားမဖြင့် ဆင့်ခုတ်ခဲ့သောကြောင့် ဒေါ်ခင်ဝင်းမှာ ဦးခေါင်းပြတ်ရှဒဏ်ရာ အပါအဝင် ဓားဒဏ်ရာ ရှစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သာယာဝတီ မြို့မရဲစခန်းထံမှ သိရှိရသည်။
“သားအမိ နှစ်ယောက်တည်း နေတာ၊ ကျန်တဲ့ညီအစ်ကို မောင်နှမတွေက ရန်ကုန်တက်ပြီး အလုပ်လုပ်နေကြတယ်၊ လူသတ်မှုကျူးလွန်သူက စိတ်ဝေဒနာ ခံစားနေရတဲ့သူ၊ တစ်ချက်တစ်ချက် လွတ်တတ်တာ၊ သူစိတ်လွတ်လာရင် သွေးဆိုးတယ်၊ ဓားကိုင်ပြီး တွေ့ရာ လိုက်ခုတ်သတ်တယ်၊ အဲ့ဒီနေ့က သူ့အမေကို သတ်လိုက်ပြီလို့ ရွာထိပ်က လယ်ထွန်နေတဲ့သူတွေကို ပြောပြီး တောထဲဘက် ထွက်သွားတာ” ဟု တောင်သင်တောရိုး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကိုက ပြောကြားသည်။
မိခင်အရင်းကို ဓားခုတ်သတ်ခဲ့သူဟု တိုင်ကြားခံရသူကို သာယာဝတီ မြို့မရဲစခန်းမှ (ပ) ၁၆၃/ ၁၅၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိပြီး ၎င်းသည် ဓားကိုင်ဆောင်ပြီး ကျေးရွာအနီး တောအုပ်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် စုံစမ်းလျက်ရှိကြောင်း၊ ယင်းအမျိုးသား စိတ်ဖောက်ပြန်ကာ နောက်တစ်ကြိမ် ကျေးရွာသို့ ပြန်လာပြီး ရန်ပြုမည်ကို ကျေးရွာနေထိုင်သူများက ထိတ်လန့်စိုးရိမ်နေသောကြောင့် ကျေးရွာအနီးတွင် ဝပ်ကင်းလှည့်ကင်းများဖြင့် လုံခြုံရေးများ ဆောင်ရွက်ပေးထားကြောင်း သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

No comments:

Post a Comment