Friday, July 3, 2015

ထရန်စ်အေးရှား လေယာဉ်ပျက်ကျမှုတွင် အင်ဂျင်အကောင်းကို လေယာဉ်မှူး မှားပိတ်မိခဲ့

ဖေဖော်ဝါရီလဆန်းပိုင်းက ထိုင်ဝမ်တွင် ထရန်စ်အေးရှား လေကြောင်းပိုင် လေယာဉ်ပျက်ကျရာ၌ လေယာဉ်၏ အကောင်းအတိုင်း အလုပ်လုပ်နေသော အင်ဂျင်ကို လေယာဉ်မှူးကို မှားယွင်းပြီး ပိတ်မိခဲ့ကြောင်း သိရသည်။ထရန်စ်အေးရှား ခရီးစဉ်အမှတ် TNA235 လေယာဉ်သည် ဖေဖော်ဝါရီ ၄ ရက်က ထိုင်ပေရှိ ဆွန်ရှန် လေဆိပ်မှ ပျံတက်ပြီး မိနစ်အနည်းငယ်အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ATR 72-600 အမျိုးအစား လေယာဉ်သည် စတင်ပျံသန်းသည့် သက်တမ်း ၁၀ လမျှသာ ရှိသေးပြီး ပျက်ကျချိန်တွင် ဘယ်ဘက်တောင်ပံနှင့် မြစ်ကူးတံတားတို့ ရိုက်မိကာ ကီလွန်မြစ်ထဲ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် စုစုပေါင်း လူ ၅၈ ဦး လိုက်ပါသွားပြီး ၄၃ ဦး သေဆုံးကာ ၁၅ ဦးသာ အသက်ရှင်ခဲ့သည်။

လေယာဉ်ပျက်ကျမှု၏ နောက်ဆက်တွဲအဖြစ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Boxများကို စစ်ဆေးခဲ့ရာ လေယာဉ်မှူးသည် ချွတ်ယွင်းသွားသည့် အင်ဂျင်ကို ပိတ်ရာ၌ အကောင်းပကတိ ရှိနေသည့် အင်ဂျင်ကို မှားယွင်း၍ ပိတ်မိခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ လေယာဉ်မှူးခန်း အတွင်းမှ အသံများကို သွင်းယူထားသည့် မှတ်တမ်း၌ “ဝိုး၊ ဟိုဘက်ဒီဘက် မှားပြီးတော့ အင်ဂျင်ကို ရပ်လိုက်မိပြီ”ဆိုသည့် လေယာဉ်မှူး၏ အသံကို ကြားနေရကြောင်း စစ်ဆေးရေး အရာရှိများက ဆိုသည်။

ထိုင်ဝမ်၏ လေကြောင်း ပို့ဆောင်မှု လုံခြုံရေးကောင်စီ (အေအက်စ်စီ)က လေယာဉ်မှူး လျောင်ဂျင်ဇောင်းသည် ၂၀၁၄ ခုနှစ်၊ မေလအတွင်းက သရုပ်ပြ စမ်းသပ်လေ့ကျင့်မှု အစီအစဉ် တစ်ခုတွင် ကျရှုံးသည့် ရလဒ် ထွက်ပေါ်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လေယာဉ်ပျံတက်စဉ် အင်ဂျင်မီးလောင်ခြင်းနှင့် ပတ်သက်၍ စီမံကိုင်တွယ်ရာ၌ လုံလောက်သည် အသိပညာ ဗဟုသုတ မရှိ၍ဟု သိရသည်။ ထရန်စ်အေးရှား လေယာဉ်ပျက်ကျမှုသည် အဆိုပါ အခြေအနေအတိုင်း ကြုံခဲ့ခြင်း ဖြစ်သည်။

လေယာဉ်သည် လေပေါ်ပျံတက်ပြီး ၃ မိနစ်မျှ အကြာတွင်ပင် အင်ဂျင်တစ်လုံး မီးစွဲလောင်ခဲ့ပြီး ယင်းအခြေအနေကို လေယာဉ်မှူး နှစ်ဦးစလုံးက ဖြေရှင်းရန် ကြိုးစားရာတွင် ရှုပ်ထွေးမှုများ ရှိခဲ့ကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ လျောင်သည် မီးလောင်သည့် အင်ဂျင်ကို ပိတ်ပစ်ခဲ့ခြင်း ဖြစ်သော်လည်း အမှန်အားဖြင့် ပုံမှန် မောင်းနှင်နေသည့် အင်ဂျင်ကို အရှိန်လျှော့လိုက်မိခြင်း ဖြစ်ကြောင်းကို အလွန်နောက်ကျမှ သတိပြုမိသွားခြင်း ဖြစ်သည်။

၎င်းသည် လေ့ကျင့်ရေး အစီအစဉ်အတွက် လေယာဉ်မှူးခန်းထဲတွင် လိုက်ပါလာသည့် အငယ်တန်း အရာရှိ တစ်ဦးက “တိုက်တော့မယ်၊ တိုက်တော့မယ်၊ ကြိုပြင်ထားတော့”ဟု အော်ဟစ် သတိပေးခဲ့သည့် အချိန်နီးမှသာ လေယာဉ်အင်ဂျင်ကို ပြန်နှိုးရန် အားထုတ်ခဲ့ခြင်းဟု သိရသည်။ အငယ်တန်း အရာရှိ၏ အဆိုပါ အသံသည် လေယာဉ်မှူးခန်းထဲတွင် နောက်ဆုံး ဖမ်းယူထားနိုင်သည့် မှတ်တမ်းလည်း ဖြစ်သည်။ နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် လေယာဉ်သည် တံတားကို ဝင်တိုက်ကာ ရေတိမ်ပိုင်း မြစ်ထဲတွင် စိုက်ဆင်း ပျက်ကျနေပြီ ဖြစ်သည်။

လေယာဉ်ပျက်ကျမှုကို စုံစမ်းနေသည့် ပညာရှင် အဖွဲ့နှင့် နီးစပ်သူ တစ်ဦးကလည်း လေယာဉ်အင်ဂျင် မှားယွင်း၍ ပိတ်လိုက်မိခြင်းကို Reutersသို့ အတည်ပြု ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်တွင် လေယာဉ်မှူးရော၊ တွဲဖက် လေယာဉ်မှူးပါ သေဆုံးခဲ့ကြသည်။
ယခုသတင်းများအပေါ် ထရန်စ်အေးရှား လေကြောင်းလိုင်းက လတ်တလော မှတ်ချက်ပေးမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရှိရသည်။

_Ref: Sky News

No comments:

Post a Comment