Friday, July 3, 2015

တပ်နှင့် ဒီကေဘီအေတိုက်ပွဲ ယနေ့နံနက်ထိဖြစ်ပွားနေဆဲ

အစိုးရတပ်မတော်နှင့် ဒီကေဘီအေအဖွဲ့တို့ ယနေ့နံနက်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး အနီးပတ်ဝန်းကျင်ကျေးရွာမှ ဒေသခံများ တိမ်းရှောင်နေရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဒီမနက်ဆက်ဖြစ်နေတုန်းပဲ။ မနက် ၅ နာရီခွဲကနေ အခုထက်ထိ ပစ်တုန်းပဲ။ လောလောဆယ်ကတော့ အဘတို့ဘက်ကနေ ၄၀ မမ၊ ၇၉ လက်နက်တွေ နဲ့ ပြန်ပစ်တာကလွဲလို့ ကျန်တဲ့လက်နက်ကြီးတွေက အခုထိ ပြန်မသုံးရသေးဘူးလေ။ အတတ်နိုင်ဆုံးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့လုပ်နေပါတယ်’’ဟု ဒီကေဘီအေ ကလို့ထူးဘောစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မောင်လေးက ယနေ့နံနက် ၁၀ နာရီတွင် 7Day Dailyသို့ ပြောသည်။အာရှလမ်းမကြီးပေါ်ရှိ ကော့နွယ်ရွာထိပ်တွင် ဒီကေဘီအေ ကလို့ထူးဘောတပ်ဖွဲ့ လက်အောက်ခံတပ်ရင်း (၉၀၇) နှင့် ကော့ကရိတ်အခြေစိုက် ခမရ (၂၃၁) တို့ ဇူလိုင် ၂ ရက် နံနက်အစောပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအခြေအနေမှာ ပိုမိုပြင်းထန်လာပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့်အနီးဆုံးဖြစ်နေသည့် ရွာသစ်ကုန်းရွာ ဒေသခံများကို ဘေးလွတ်ရာသို့ တိမ်းရှောင်နေရန် အစိုးရတပ်မတော်က တိုက်တွန်းထားသည်ဟု ကော့ကရိတ်မြို့ ဒေသခံများက ပြောသည်။

‘‘ဒီမနက်တင် အလုံး ၂၀ လောက် ပစ်သံကြားတယ်။ ရွာသစ်ကုန်းမှာနေတဲ့သူတွေကို တပ်က ရှောင်ခိုင်းတယ်။ အဲဒီရွာမှာက လူ ၆၀ လောက်ရှိတယ်’’ ဟု ပြောသည်။

တိုက်ပွဲဖြစ်စဉ်တွင် နှစ်ဖက်ဒဏ်ရာရမှုများရှိနေသော်လည်း စာရင်းအတိအကျမရသေးဟု ဗိုလ်မှူးကြီး မောင်လေးက ပြောသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)က အစိုးရတပ်မတော်ဘက်မှ ဝင်တိုက်ပေးနေသည်ဟူသောသတင်းမှာ မဟုတ်မှန်ဘဲ ဒေသခံများ လုံခြုံ ရေးအတွက် မြို့တွင်းနှင့် မြို့အဝင်ဂိတ်များတွင် လုံခြုံရေးတာဝန်ယူပေးထားခြင်းဖြစ်သည်ဟု BGF တပ်ဖွဲ့ဝင်အချို့က ပြောသည်။

ဒီကေဘီအေဘက်မှ KNU/KNLA -PC က ကူတိုက်ပေးနေသည်ဟူသော သတင်းများမှာမူ ၎င်းတို့ချင်းရင်းနှီးသော ဆက်ဆံရေးရှိခြင်းကြောင့် ဖြစ်နိုင် ဖွယ်ရှိသည်ဟု ရန်ကုန်မြို့တွင် ကျင်းပနေသော ကရင်အမျိုးသားအကြိုညီလာခံသို့ရောက်နေသည့် ဒီကေဘီအေခေါင်းဆောင်ပိုင်းက သုံးသပ်သည်။

လက်ရှိဖြစ်ပွားနေသော အခြေအနေများနှင့်ပတ်သက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် နယ်လုံဝန်ကြီးတို့ဦးဆောင်သည့် အစိုးရအဖွဲ့ ဇူလိုင် ၂ ရက်ညက ပြည်နယ်အစိုးရရုံးတွင် တံခါးပိတ်ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

No comments:

Post a Comment