Wednesday, July 8, 2015

မြန်မာ့မြေတွင် ဘဝသစ်ရှာတွေ့သွားသော ပရီးမီးယားလိဂ် ကစားသမားဟောင်း


အိုင်ယာလန်လက်ရွေးစင်ဟောင်းဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်များ ဖြစ်သော ဝီဂန်၊ ဟူးလ်စီးတီးတို့၌ ကစားခဲ့သော ကာလက်ဖိုလန်/Dailymail
ကာလက်ဖိုလန်အနေနဲ့ အင်္ဂလန်ဘောလုံးလောကမှာ ကြုံတွေ့ခဲ့တဲ့ စိတ်ပျက်စရာတွေကို မေ့ပျောက်ဖို့ ကစားသမားဘဝရဲ့ အလှည့်အပြောင်းသစ် တစ်ခုကို ရှာဖွေဖို့ လိုအပ်လာတဲ့အခါ ဘယ်နေရာကို အာရုံစိုက်ကြည့်သင့်သလဲဆိုတာကို ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။
‘‘အဲဒါ ဘားမား (မြန်မာ)ပဲ။ ပြီးတော့ ခင်ဗျား ကြုံဖူးသမျှ နယ်ပယ်ဒေသတိုင်းနဲ့လည်း တော်တော်လေး မတူညီဘဲ ဖြစ်နေလိမ့်မယ်’’လို့ ၁၉ ရာစုရဲ့ ဗြိတိသျှ စာရေးဆရာ ရုဒ့်ကစ်ပလင်က ရေးခဲ့ဖူးတယ်။ ဒါဟာ ဖိုလန်အတွက် အဖြေလည်း ဖြစ်ပါလိမ့်မယ်။အာရှတိုက်ရဲ့ ဆင်းရဲနွမ်းပါးဆုံး နိုင်ငံတစ်ခု ဖြစ်ခဲ့သလို စစ်အာဏာရှင်တွေရဲ့ ရာစုနှစ်ဝက်လောက် အုပ်စိုးမှုအောက်မှာ အနောက်ကမ္ဘာနဲ့ ၂၀၁၁ ခုနှစ်ထိ တသီးတခြား ရပ်တည်နေခဲ့တယ်။ ဒါပေမဲ့ ဘာကလေ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေနဲ့ ပတ်သက်ရင်တော့ ဒီနိုင်ငံက အံ့ဩစရာကောင်းလောက်အောင် နှံ့စပ်ထိတွေ့နေတာ ဖြစ်ပါတယ်။
အသက်(၃၂)နှစ်အရွယ် ရှိပြီဖြစ်ပြီး အင်္ဂလန်က ကလပ်အသင်း ရှစ်ခုအပြင် အမေရိကန်နဲ့ မလေးရှားတို့မှာ ကစားဖူးတဲ့ ဘောလုံးခရီးသည် ဖိုလန်တစ်ယောက် နောက်ဆုံးမှာတော့ မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး ချက်ချင်းလိုလိုပဲ သူ့အတွက် သက်သောင့်သက်သာ နေသားတကျ ဖြစ်လာပါတယ်။

‘‘တိမ်မြုပ်နေတဲ့ ကျောက်မျက်ရတနာ တစ်မျိုးလိုပဲ။ အများကြီး ဖြစ်ပျက်ပြောင်းလဲနေပြီး နက်နဲအသိခက်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီး ကြွယ်ဝပေမယ့် တခြားအာရှနိုင်ငံအများစုနဲ့ ယှဉ်ရင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ တော်တော်လေး ကင်းကွာနေတာတွေ ရှိသေးတယ်’’လို့ ဖိုလန်က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ပြောပါတယ်။

‘‘မလေးရှားမှာတုန်းက ကျွန်တော့်အသင်း (T-Team FC) နဲ့အတူ ရာသီကြို လေ့ကျင့်ရေးခရီးစဉ်အဖြစ် ဒီကို ရောက်ခဲ့ဖူးတယ်။ အဲဒီကတည်းက ဒီနိုင်ငံကို သဘောကျခဲ့တာပါ။ ဒီမှာ လာကစားဖို့ အဆက်အသွယ်ရလာတော့ မှန်ကန်သင့်လျော်တဲ့ အခွင့်အရေး တစ်ရပ်လို့ ရှုမြင်မိခဲ့တယ်။ ကျွန်တော် နောက်ဆုံးအကြိမ် ဒီကိုရောက်ခဲ့ဖူးတုန်းကနဲ့ ယှဉ်ကြည့် ရင် နှစ်အနည်းငယ်အတွင်း အပြောင်းအလဲတွေ အများကြီး ဖြစ်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ပွင့်လင်းမှု တွေ အစပြုလာပြီ ဆိုပေမယ့် အစဉ်အလာ အစွဲအလမ်းတွေတော့ အများကြီး ရှိနေသေးတယ်။ လမ်းဘေးဝဲယာကို ကြည့်မယ်ဆိုရင် ဘုန်းတော်ကြီးတွေ ဖိနပ်မပါဘဲ လမ်းလျှောက် (ကြွ)နေတာကို မြင်ရပါလိမ့်မယ်။ ကျွန်တော် စက်ဘီးတစ်စီး ဝယ်ထားပြီး ဟိုဟိုဒီဒီ လျှောက်စီးကြည့်တယ်။ မြို့တော်ဟောင်း ရန်ကုန်နဲ့ပတ်သက်လို့ တော်တော်များများတော့ ကျွန်တော် လျှောက်ကြည့်ပြီးပါပြီ။ ကျွန်တော်က လမ်းလျှောက်ရင်း စူးစမ်းရတာကို ကြိုက်တယ်လေလို့’’ ဖိုလန်က ဆိုပါတယ်။

‘‘တစ်ခါတလေ တချို့နေရာတွေမှာ ကျွန်တော် ကြုံရတဲ့ တုံ့ ပြန်မှုတွေက ရယ်စရာဖြစ်နေတယ်။ လူတွေက သူတို့ အလုပ်လုပ်နေတာကို ရပ်ထားပြီး ကျွန်တော့်ကို စူးစမ်းပြီး လှမ်းကြည့် တတ်တယ်။ အဲဒီအခါ ကျွန်တော်က ပြုံးပြပြီး ဒေသသုံး (မြန်မာ)စကား တစ်လုံးနှစ်လုံးလောက် ပြောတယ်။ သူတို့တွေက ခင်မင်တတ်တဲ့ သူတွေပါ။ ဒီနေရာမှာ ရှိနေတဲ့အခါ အရမ်းကို ရင်းနှီးဖော်ရွေတဲ့ စွမ်းအင်တစ်ခု လွှမ်းမိုးနေသလို ခံစားရတယ်’’ လို့လည်း ဖိုလန်က သူ့အမြင်ကိုပြောပါတယ်။

မြန်မာနေရှင်နယ်လိဂ် (MNL) ဘောလုံးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှာ စတင်ထူထောင်ပြီး အသင်း ၁၂ သင်း ပါဝင်ပါတယ်။ ပွဲစဉ်အများစုကတော့ ၂၀၀၆ ခုနှစ်အထိ နိုင်ငံရဲ့ မြို့တော်အဖြစ် တည်ရှိခဲ့ပြီး လက်ရှိ အကြီးဆုံးမြို့လည်းဖြစ်တဲ့ ရန်ကုန်မှာပဲ ကစား ကြပါတယ်။ ဖိုလန်က တောင်ကြီးမြို့ရဲ့ ကမ္ဘောဇအသင်းမှာ ကစားတာပါ။ တောင်ကြီးက ရှမ်းပြည်နယ် တောင်ပိုင်းမှာရှိပြီး ရန်ကုန်နဲ့ ယှဉ်ရင်တော့ ပိုသေးငယ်တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

‘‘နိုင်ငံခြားသား ကစားသမား တော်တော်များများကတော့ ရန်ကုန်က ဟိုတယ်တွေမှာပဲ နေကြပါတယ်။ ဒါပေမဲ့ အချိန်တိုင်းလိုလို သွားလာနေရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကွင်းပွဲစဉ်တွေ ကစားဖို့ ခရီးသွားရတယ်လေ။ တောင်ကြီးမှာဆိုရင် ကျွန်တော်တို့ အရာအားလုံးနဲ့ မိုင်တွေဝေးသွားသလိုပဲ။ ဆက်သွယ်ရေးနဲ့ ပတ်သက်ရင် တကယ့်ကို လိုအပ်ချက်တွေ ရှိနေတယ်လေ။ အဲဒီမှာ အင်တာနက်ရတာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ တောင်ကြီးမြို့နားမှာ နာမည်ကြီး ရေကန်တစ်ကန် ရှိတယ်။ အင်းလေးကန်လို့ ခေါ်ကြတယ်။ အဲဒီမှာနေတဲ့ လူတွေက ဝါးအိမ်လေးတွေနဲ့ ရေပေါ်မြို့လေး ဆောက်ထားတာ။ ပြီးတော့ ရေထဲမှာတင် သူတို့ရဲ့ ကိုယ်ပိုင်လမ်းပန်းဆက်သွယ်ရေး ကွန်ရက်ရှိတယ်ဗျ’’ လို့ ဖိုလန်က သူ့အမြင်အတိုင်း ပြောပါတယ်။

ဒီစကားတွေ ကြားရတာတော့ ကစားသမားဘဝကို တစ်ကျော့ပြန် အစပြုဖို့ အားထုတ်ခဲ့သူ တစ်ယောက်အနေနဲ့ တော်တော်လေး ပျော်ရွှင်ချမ်းမြေ့နေတယ်လို့ ယူဆရမယ် ထင်ပါတယ်။

ကြုံတောင့်ကြုံခဲ အာရုံကြော ဒဏ်ရာတစ်ခုကြောင့် ဖိုလန်ဟာ ညာဘက်ခြေထောက် တစ်ဖက်လုံးရဲ့ ထိတွေ့ခံစားမှုတွေ ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ဖူးသလို ၂၀၁၂ ခုနှစ်မှာ ဘာမင်ဂမ်စီးတီးအတွက် တစ်နှစ်လုံး တစ်ပွဲပဲ ကစားပေးနိုင်တဲ့အထိ အခြေအနေဆိုးခဲ့တာပါ။

‘‘အဲဒီတုန်းက ကျွန်တော့် ခြေထောက်က ခြောက်လ၊ ခုနစ်လလောက်ထိ လှုပ်လို့ မရတော့ဘူး။ ကျွန်တော့်ဒူး အနောက်ဘက်မှာ ရေခဲအုံပြီး ကုသဆောင်ထဲ ရောက်လာကတည်းက အဲဒီလို စဖြစ်တာ။ ကျွန်တော့် ခြေထောက်မှာ ရေခဲကပ်ထားတာ ဘယ်လောက် ကြာသွားသလဲ သေချာမသိဘူး။ အဲဒီမှာ တော်တော်ကြာအောင်တော့ နေရတယ်။ မိနစ် ၃၀ လောက်ထင်တယ်။ ပြီးတော့ အာရုံကြောထိခိုက်တာ သိလာတယ်။ ခြေထောက်က ထုံသွားတယ်။ သိပ်မကြာခင် ထုံတာပျောက်သွားမှာပဲလို့ ကျွန်တော် ထင်ခဲ့ပေမယ့် နှစ်နာရီကြာတဲ့အထိ ထုံနေပြီး ဘာမှ မခံစားရဘူး။ နောက်တစ်နေ့ လည်း ထုံနေတုန်းပဲ။ အဲဒီအခြေအနေက ရက်ပိုင်းကနေ သီတင်းပတ်တွေထိ ကြာလာတယ်လေ။ တကယ်တော့ ကျွန်တော့် ပင်မကျောရိုးကနေ ခြေထောက်ကို ယှက်နွယ်နေတဲ့ အာရုံကြောကြီးတစ်ခု ထိခိုက်မိသွားတာပါ။ ဒီအကြောင်းကို သိလာတော့ အမြဲတမ်း ဒါမျိုးဖြစ်နေတော့မယ်လို့ ကျွန်တော် တွေးကြောက်သွားမိတယ်’’ လို့ ဖိုလန်က ဖွင့်ဟခဲ့ပါတယ်။

‘‘အဲဒီကစပြီး ကျွန်တော့်အတွက် ခက်ခဲတဲ့ ကာလတွေ ကြုံလာတော့တာပဲ။ ကျွန်တော်ကတော့ ပြန်ကောင်းအောင် လုပ်နိုင်မယ် ဆိုတာမျိုး အမြဲတမ်း တွေးနေမိခဲ့တယ်။ အချိန်တော်တော်ကြာတဲ့အထိ ကျွန်တော် ဘာမှမလုပ်နိုင် ခဲ့ဘူး။ စိတ်ဓာတ်ရေးရာ လေ့ကျင့်ခန်းတွေက လွဲလို့ပေါ့။ ဘောလုံးသမားတစ်ယောက်အနေနဲ့တော့ ကျွန်တော် မလေ့ကျင့်နိုင်ဘူး။ အခြေအနေ ပြန်ကောင်းလာတော့ ကျွန်တော် ဘဝကို အသစ်စနိုင်ဦးမယ်လို့ ခံစားမိလာတယ်။ နောက်တော့ မလေးရှားမှာ သွားကစားဖို့ အခွင့်အရေးရလာတယ်။ မလေးရှားမှာ ခြောက်လကြာခဲ့ပြီး ကျွန်တော့်နာလန်ထ အစီအစဉ်တွေ အရှိန်ရလာဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဘလက်ပူးလ်အသင်းက ကျွန်တော့်ကို စိတ်ဝင်စားမှု တော်တော်လေး ပြသလာတဲ့နောက် ကျွန်တော် အင်္ဂလန်ကို ပြန်သွားချိန်မှာ သူတို့နဲ့ အတူ ရာသီကြိုကာလတစ်ခုလုံး အတူရှိခဲ့တယ်။ အဲဒီတုန်းက ဘလက်ပူးလ်မှာ မန်နေဂျာမရှိဘူး။ နောက်တော့ ပေါလ်အင့်စ် ရောက်လာတယ်။ အဲဒီမှာ ဘောလုံးကစားဖို့ ကျွန်တော်တို့ တော်တော်လေး ဆွေးနွေးစကားပြောခဲ့ပေမယ့် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ အပြီးမှာတော့ သူတို့က ကျွန်တော့်ကို တစ်လချင်းစီ သက်တမ်းတိုးသွားမယ့် စာချုပ်မျိုးပဲ ကမ်းလှမ်းလာတယ်လေ’’ လို့ ဖိုလန်က ဆိုပါတယ်။

သူက ‘‘ဒါက ထူးဆန်းသလို ဖြစ်နေတယ်။ ရာသီကြိုကာလတစ်ခုလုံး ကျွန်တော်က သူတို့နဲ့ အချိန်ကုန် ဖြတ်သန်းခဲ့တာပါ။ ဘရတ်ဖို့ဒ်က စတိဗ်ပါကင်က ကျွန်တော့်ကို ဖုန်းခေါ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော့်အနေနဲ့ ရေတိုကစားနိုင်မယ်လို့ အကြံပေးတယ်။ ကျွန်တော်လည်း သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသည်းနှလုံးကတော့ အဲဒီအသင်းမှာ အပြည့်အဝ မြှုပ်နှံထားလို့ မရခဲ့ပါဘူး’’ လို့လည်း အနာတရ ကာလအလွန် ရှုပ်ထွေးတဲ့ ဖြတ်သန်းမှုကို ပြောပြခဲ့တယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာတော့ ဖိုလန်ဟာ ဘရတ်ဖို့ဒ်ကို ကျောခိုင်းခဲ့ပါတယ်။ အမေရိကန်ကို နောက်တစ်ကျော့ ပြန်သွားနိုင်မယ့် အခွင့်အရေးကိုလည်း သူက ငြင်းခဲ့တယ်။

‘‘ကျွန်တော့်အနေနဲ့ ဘောလုံး လောကမှာ အနိမ့်အမြင့်၊ အတက် အကျတွေ အများကြီး တွေ့ကြုံ ပြီးပြီလို့ ခံစားမိပါတယ်။ နည်းပြတွေနဲ့ နောက်ကွယ်က ကိစ္စတွေအပါအဝင် လူတွေ အလွယ်တကူ မမြင်နိုင်တဲ့ အခြေအနေတွေက အစပေါ့။ ဘောလုံးသမားဘဝမှာ ခက်ထန်မှုတွေ ရှိနိုင်တယ်။ ဒါဟာ အရင်ခံစားချက်ဟောင်းတွေနဲ့ တူညီပါတယ်။ တကယ့်အစစ်အမှန်လိုမျိုး မဟုတ်ဘူး။ ကျွန်တော့် အမြင်မှာ တစ်ခုခုက အမှားအယွင်း ဖြစ်နေသလိုပဲ။ အာရှတိုက်ကို နောက်တစ်ခေါက် ပြန်သွားဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကို လိဒ်စ်ယူနိုက်တက်နဲ့ ချုပ်ဆိုခဲ့ပေမယ့် အဲဒီကတည်းက တရုတ်၊ ဒါမှမဟုတ် ဟောင်ကောင်မှာ တစ်နေ့နေ့သွားကစားချင်တယ်လို့ အတွေးဝင်ခဲ့တာ မှတ်မိပါသေးတယ်’’လို့လည်း ဖိုလန်က ဆိုပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ အိုင်ယာလန် တိုက်စစ်မှူးဟာ လိဒ်စ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အယ်လန်ရုဒ်ကို စွန့်ခွာပြီး ချက်စ်တာဖီးလ်ကို ကူးပြောင်းခဲ့တယ်။

ချက်စ်တာဖီးလ်ကနေတစ်ဆင့် စတာလင်ပေါင်ငါးသိန်းနဲ့ ဝီဂန်ကို ပြောင်းရွှေ့ပြီး အင်္ဂလန်ရဲ့ ထိပ်ဆုံးတန်း ပြိုင်ပွဲတွေမှာ ကစားခွင့် ရလာတယ်။ နောက်တော့ အဲဒီပြောင်း ရွှေ့ကြေးနှစ်ဆနဲ့ ဟူးလ်စီးတီးဆီ ရောက်သွားပြန်တယ်။ ဟူးလ်မှာတော့ အသင်းကို ပရီးမီးယားလိဂ် တန်းတက်ခွင့်ရအောင် ဖိုလန်က ကူညီပေးခဲ့သလို ပရီးမီးယားလိဂ် အဆင့်ရဲ့ ပထမဆုံးနိုင်ပွဲကို ရယူရာမှာ သူက အနိုင်ဂိုးသွင်းယူပေးခဲ့ တယ်။ နောက်တော့ အိုင်ယာလန် လက်ရွေးစင်အသင်းရဲ့ အသိအမှတ်ပြု ခေါ်ယူခြင်းကိုလည်း ခံခဲ့ရပြန်တယ်။

အဲဒီကာလတွေ အပြီးမှာ တော့ မစ်ဒယ်ဘရော့ကို အငှား သွားကစားရပြီး အမေရိကန်ကလပ် ကော်လိုရာဒိုရက်ပစ်ဒ်စ်ကို လည်း ရောက်သွားခဲ့တယ်။ ပြီးတော့ ဘာမင်ဂမ်ကို ပြောင်းရွှေ့ခဲ့ ပြီး သူ့ကစားသမား ဘဝရဲ့ စိတ်ပျက်စရာအကောင်းဆုံး ဒဏ်ရာအိပ်မက်ဆိုးတွေကို ဖြတ်သန်းခဲ့ရတာပါပဲ။

ဒါပေမဲ့ အသက် (၃၂)နှစ်အရွယ် ကစားသမားဟာ မြန်မာနိုင်ငံမှာတော့ စိတ်လက်ရွှင်ပျ ပျော်ရွှင်နေပါပြီ။ ဘောလုံးကစားရင်း သူဝါသနာပါတဲ့ အနုပညာနဲ့ ဓာတ်ပုံကဏ္ဍမှာလည်း အချိန်ပေးနေနိုင်ပြီလေ။

MNL ဘောလုံးရာသီဟာ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး သင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရာ ဧပြီလမှာ ရပ်နားထားလေ့ ရှိပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းတွေရဲ့ ပွဲစဉ်တွေ ရှိနေပြန်တော့ အဲဒီနားရက်ကာလက ပိုပြီး သက်တမ်းကြာသွားတယ်။ ဒါပေမဲ့ အခု တော့ MNL ပွဲစဉ်တွေ တစ်ကျော့ပြန်စတင်နေပါပြီ။

‘‘ဗြိတိန်က လူတွေဟာ နိုင်ငံရပ်ခြားမှာ ထွက်ခွာ အလုပ်လုပ်တာ ပိုများလာတယ်။ နေရပ်နိုင်ငံမှာ အခွင့်အရေး ကန့်သတ်ချက်က ပိုပြီး ကြီးလာတယ်လေ။ တခြားနိုင်ငံ တချို့မှာ ခင်ဗျား အနေနဲ့ ဘဝသစ် အစပြုနိုင်တယ်။ ဒါကို လက်တွေ့ကျကျ လိုက်လျော လက်ခံဖို့ လိုပါတယ်။ မဟုတ်ရင် အိမ်လွမ်းစိတ်က ကိုယ့်ကို တိုက်စားဝါးမျိုသွားလိမ့်မယ်။ ကျွန်တော်ကတော့ ကိုယ့်ဘောလုံးသမားဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း တခြားအရာတွေကို သင်ယူနေဆဲပါ။ တခြားသူတွေ ဘယ်လိုနေထိုင် ဖြတ်သန်းတယ်ဆိုတာကို မြင်အောင် ကြည့်တတ်ဖို့က ဘဝမှာ အရေးကြီးပါတယ်။ ဒီနိုင်ငံမှာ လူတွေက ရှင်သန်ရပ် တည်ဖို့အတွက် လိုအပ်ချက်အများကြီး တောင်းဆိုနေတာ မရှိဘူး။ သူတို့ ပိုင်ဆိုင်ထားတာကို သူတို့ဘာသာ ရောင့်ရဲနိုင်စွမ်း ရှိတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေဟာ သူတို့အတွက် သိပ်အရေးမပါဘူး။ ဒီကလူတွေက တဲလေးတွေနဲ့ နေတယ်၊ စက်ဘီးလေးစီးပြီး လိုရာသွားကြတယ်။ ဒီအခြေအနေတွေ က ခင်ဗျားရဲ့ အသိဉာဏ် မျက်စိကို ဖွင့်ပေးလိမ့်မယ်’’ လို့လည်း ဖိုလန်က ပြောပါတယ်။

အာရှကို တစ်ကျော့ပြန် ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို ဒလိုင်းလားမား ကိုယ်တော်ကြီးရဲ့ အဆုံးအမတစ်ခုကို ဖိုလန်က ကိုးကားပြပါတယ်။ အဲဒီ အဆုံးအမကတော့ ‘‘ဒါဟာ ငါ့ရဲ့ ရိုးရှင်းတဲ့ ကိုးကွယ်ယုံကြည်မှုပဲ။ ဘုရားကျောင်းတွေ မလိုဘူး။ ရှုပ်ထွေးတဲ့ ဝိဝါဒ ဒဿနတွေ မလိုဘူး။ ငါတို့ကိုယ်ပိုင် နှလုံးသား၊ ငါတို့ကိုယ်ပိုင် ဦးနှောက်ဟာ ငါတို့ရဲ့ ဘုရားကျောင်း ဖြစ်တယ်။ အတွေးအခေါ် ဒဿနကတော့ ကြင်နာခြင်းပါပဲ’’ ဆိုတာပါ။

ဒီအဆိုအမိန့်ကို လက်တန်းရွတ်ပြဖို့ ဖိုလန်အတွက် ဘာအခက်အခဲ အထစ်အငေါ့မှ မရှိပါဘူး။ ဒီအဆုံးအမက သူ့ရဲ့ စိတ်သဘောနဲ့ ခြွင်းချက်မရှိ ထပ်တူကျနေပုံရပါတယ်။

‘‘ကျွန်တော် ဒီနိုင်ငံကို သဘောကျတယ်ဗျ။ ဒီမှာက ကောင်းမွန်တဲ့ စွမ်းအင်တစ်ရပ် ဖြာထွက်နေသလိုပဲ။ ပြီးတော့ နေရောင်ခြည် ကျရောက်ပုံကိုက ခင်ဗျားရဲ့ခံစားပုံ နည်းလမ်းကို ပြောင်းလဲပစ်လိုက်သလိုပါပဲ’’ လို့ သူက ပြောပြပါတယ်။

(ဒေးလီးမေးလ်မှ Matt Barlow ၏ Caleb Folan: I'm embracing new life in Asia otherwise it will eat me up... journeyman striker has found happiness in Burma ဆောင်းပါးကို ဇွဲရဲဝင့် ဘာသာပြန်ဆိုသည်။)

No comments:

Post a Comment