Wednesday, July 8, 2015

အိန္ဒိယ အမျိုးသမီးတစ်ဦးကို မီးတင်ရှို့ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်အချို့ စွပ်စွဲခံထားရ

အိန္ဒိယ နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များ၏ မီးတင်ရှို့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့ကြသည်။ အဆိုပါ အမျိုးသမီးသည် နိုင်ငံမြောက်ပိုင်း ယူတာပရာဒက်ရှ် ပြည်နယ်မှဖြစ်ပြီး ခန္ဓာကိုယ် တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းမျှတွင် မီးစွဲလောင်ခံရပြီး ဆေးရုံတွင် သေဆုံးခဲ့ခြင်းဟု သိရသည်။ အသက် (၄၀) အရွယ်ရှိ နီတူ ဒွေဗီဒီသည် သူမ မကွယ်လွန်မီတွင် တရားသူကြီး တစ်ဦးအား ရဲများက လာဘ်ငွေ တောင်းခံခဲ့ကြောင်းနှင့် အဆိုပါငွေကြေး မပေးနိုင်ဖြင့် သူမကို ရန်ပြုခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသွားခဲ့သည်။
ဒွေဗီဒီသည် ရာဇဝတ်မှု တစ်ခုဖြင့် ဖမ်းဆီးခံထားရသည့် ခင်ပွန်းဖြစ်သူ လွတ်မြောက်ရေးအတွက် ရဲစခန်းသို့ သွားရောက် စုံစမ်း မေးမြန်းခဲ့ရာ ရဲများက သူမကို လာဘ်ငွေအဖြစ် ရူပီးတစ်သိန်း (ဒေါ်လာ ၁၆၀၀ ဝန်းကျင်) ပေးအပ်ရန် တောင်းဆိုခဲ့သည်။ ထို့နောက် အဆင်မပြေဖြစ်ပြီး စကားများကြသည့်နောက် ရဲနှစ်ဦးက သူမကို မီးရှို့ခဲ့ခြင်းဟု ဒွေဗီဒီက ထွက်ဆိုသွားခဲ့သည်။
စွပ်စွဲခံထားရသည့် ရဲများက ယင်းကို ငြင်းဆန်ထားပြီး အမျိုးသမီးသည် သူမဘာသာ မီးတင်ရှို့၍ သေကြောင်းကြံခဲ့ခြင်းဟု တုံ့ပြန် ဖြေရှင်းထားသည်။ လတ်တလောတွင် အဆိုပါ ရဲများကို ရာထူးမှ ဆိုင်းငံ့ထားပြီး အမှုကို ဆက်လက် စစ်ဆေးနေကြောင်း ယူတာပရာဒက်ရှ် ပြည်နယ်ဝန်ကြီးချုပ် အာခီလက်ရှ် ယာဒက်ဗ်က ပြောကြားခဲ့သည်။
အဆိုပါ စိတ်မချမ်းမြေ့ဖွယ် အဖြစ်သည် ဘာရာဘန်ကီ မြို့တွင် ဇူလိုင် ၆ ရက် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ဒွေဗီဒီကို ပြည်နယ်မြို့တော် လုခ်နောင်းသို့ တင်ပို့ပေးခဲ့သော်လည်း ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် သူမ သေဆုံးသွားခဲ့သည်။ သူမ သေဆုံးခါနီးတွင် တရားသူကြီး တစ်ဦးနှင့် သတင်းထောက်များအား သူမအနေဖြင့် လာဘ်ငွေ မပေးနိုင်သဖြင့် ရဲများ၏ အရှက်ခွဲမှုနှင့် အနိုင်ကျင့်မှုကို တွေ့ကြုံ ခံစားခဲ့ရကြောင်း ဖွင့်ဟ ထွက်ဆိုသွားခဲ့သည်။
ဒွေဗီဒီ၏ သားဖြစ်သည့် သတင်းထောက် တစ်ဦးက မိမိ၏ မိခင်အတွက် တရားမျှတမှုကို ရှာဖွေပေးရန် လိုလားကြောင်း ပြောကြားထားသည်။ ပြီးခဲ့သည့် တစ်လခန့်ကလည်း ရှာဂျာဟန်ပါ ခရိုင်တွင် သတင်းထောက် ဂျာဂန်ဒရာဆင်းကို ရဲအချို့က မီးရှို့ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ဖူးသည်။
_Ref: Independent

No comments:

Post a Comment