Wednesday, July 8, 2015

လုပ်သားထု၏ မျှော်လင့်ချက်

လကုန်ပြီး ထုတ်ပေးသည့် လစာငွေကိုရေတွက်ရင်း မအိအိခိုင်တစ်ယောက် တစ်လတာ သုံးစွဲရမည့် ခွဲတမ်းကို ခွဲဝေရန် စဉ်းစားနေသည်။
အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသည်မှာ ခြောက်နှစ်ခန့်ရှိ ပြီဖြစ်ပြီး တစ်ရက် ၁၂ နာရီခန့် လုပ်ရသောအလုပ်အတွက် လစာမှာ ကျပ်တစ်သိန်းနှစ်သောင်းသာ ရရှိပြီး သတ်မှတ်အချိန်ပိုပြည့်မီအောင်ဆင်းပြီး မည်သို့သော အကြောင်းကြောင်းကြောင့်ဖြစ်စေ လူမှုရေး၊ ကျန်းမာရေးကိစ္စကြောင့် နားရက်ခွင့် တစ်ရက်မျှ မယူမှသာ ယင်းငွေပမာဏကို အပြည့်အဝ ရရှိနိုင်ခြင်းဖြစ်သည်။
မှော်ဘီတွင် နေထိုင်ပြီး မိသားစုဝင်သုံးဦးသာရှိသည့် ၎င်းတို့အိမ်အတွက် တစ်လတာစားသောက်စရိတ်အတွက် ကုန်ကျမှု ကျပ်ရှစ်သောင်းနှင့် အိမ်ခန်း ငှားရမ်းခ ကျပ်သုံးသောင်းခွဲက မဖြစ်မနေလိုအပ်သည်။ လက်ကျန်ပိုငွေကမူ လစာမထုတ်မီ အပြင်မှ ခေတ္တချေးငွေများအတွက် ပြန်ပေးရသော အတိုးငွေဖြစ်သွားကြောင်း မိခင်နှင့် အရွယ်မရောက်သေးသည့် ညီမတစ်ဦးကို တာဝန်ယူထားရသော မအိအိခိုင်က ၎င်း၏ဝင်ငွေနှင့်တစ်လတာ အသုံးစရိတ်ကိုပြောသည်။

‘‘အိမ်ခန်းငှားခနဲ့ စားစရိတ် ဖယ်ပြီးလို့ ကိုယ့်အတွက်အပိုသုံး စရိတ်ကတော့ သီးသန့်အပိုရယ်လို့ မရှိဘူး။ ပိုက်ဆံလိုရင် စက်ရုံထဲက ငွေချေးတဲ့သူဆီကယူသုံးရတယ်။ အခုထိတော့ အလုပ်လုပ်ပြီး အကြွေးသံသရာထဲက ရုန်းမထွက် နိုင်ဖြစ်နေတာပေါ့’’ ဟု အသက် (၂၆)နှစ်အရွယ် မအိအိခိုင်ကဆိုသည်။

နေ့စဉ်အလုပ်ကို နာရီပေါင်းများစွာ မခိုမကတ်လုပ်ကိုင်သော်လည်း စားဝတ်နေရေးအဆင်မပြေဘဲ အကြွေးသံသရာထဲမှ ရုန်းမထွက်နိုင်သူမှာ မအိအိခိုင်တစ်ယောက်တည်းတော့မဟုတ်ပေ။

‘‘အိမ်ငှားခတွေလည်းတက် နေတယ်။ စားသောက်ကုန်တွေလည်းတက်နေတယ်။ အဲဒီတက် နေတဲ့နှုန်းနဲ့ညီမျှတဲ့ လုပ်ခရရှိဖို့အတွက်က အခုချိန်မှာ အဓိက စိန်ခေါ်မှုလို ဖြစ်နေတယ်’’ ဟု မိသားစုနှင့်အတူ ကဝမြို့မှ ရန်ကုန်မြို့သို့ရွှေ့ပြောင်းရောက်ရှိလာပြီး အထည်ချုပ်စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်နေသည့် မရွှေစင်ကလည်း လက်ရှိဝင်ငွေနှင့် မိသားစု ဘဝဖြတ်သန်းနေရမှုအပေါ် အားမရသောလေသံဖြင့်ပြောသည်။

ထို့ကြောင့် စားဝတ်နေရေး ပိုမိုအဆင်ပြေရန်အနည်းဆုံး အခကြေးငွေနှုန်းထားတစ်ခု ထွက်ပေါ်နိုင်စေရေး ၎င်းတို့မျှော်လင့်ခဲ့ကြ သည်။

ထို့ကြောင့် ယခင်က တစ်ရက်လုပ်ခ ၅,၆၀၀ ကျပ်အထိ တောင်းဆိုခဲ့ကြသည်။ အနည်းဆုံး အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီက အနည်းဆုံး လုပ်ခလစာအဆိုပြုနှုန်းကို ဇွန်လ ၂၉ ရက်၌ တစ်ရက် ၃,၆၀၀ ကျပ်အဖြစ် ကြေညာလိုက်သည်။ အဆိုပါနှုန်းသည်ပင် မျှော်မှန်းချက်ထက် ကျပ် ၂,၀၀၀ လျော့နည်းနေသည်။

‘‘ကျပ် ၃,၆၀၀ ဆိုတာကတော့ ကျွန်မတို့အလုပ်သမားတွေအတွက် ဖူလုံစေမယ့်နှုန်းတော့ မဟုတ်ဘူး။ ပိုလျှံဖို့ဆိုတာလည်း မကျိန်းသေဘူး။ လက်ရှိကြီးမြင့်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့တွက်ရင် နေဖို့၊ စားဖို့အတွက် မျှတရုံပဲရှိတာပါ’’ ဟု လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံမှ အထည်စစ်အလုပ်သမ မနီလာဝင်းကပြောသည်။

အစိုးရဝန်ထမ်းများ လစာ တိုးမြှင့်လိုက်သည့် အချိန်မှစ၍ တက်လာသော ကုန်ဈေးနှုန်းက သုံးလကျော်ကာလအတွင်း ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သလို အနည်းဆုံး အခကြေးငွေ သတ်မှတ်မည့် သတင်းကြောင့်လည်း ကုန်ဈေးနှုန်းက ဆက်လက်လှုပ်ခတ်နေသည်။

အခြေခံစားသောက်ကုန်များတွင် ဇီယာအမျိုးအစားဆန်ဈေးမှာ သင်္ကြန်မတိုင်မီ ဧပြီလဆန်းက တစ်ပြည်ဈေးနှုန်း ၈၀၀ ကျပ် ရှိသော်လည်း ဇူလိုင်လဆန်းပိုင်းတွင် တစ်ထောင်ကျပ်အထိတိုးမြှင့်လာခဲ့သည်။ ထို့အတူ စားအုန်းဆီဈေးနှုန်းမှာလည်း ဧပြီလဆန်း ပိုင်းက တစ်ပိဿာဈေး ၁,၃၀၀ ကျပ်ခန့်မှ ယခုအချိန်တွင် ၁,၄၀၀ ကျပ်ခန့် ရောက်ရှိနေသည်။ ကြက် ဥ၊ ဘဲဥဈေးနှုန်းမှာလည်း တစ်လုံး ကျပ် ၁၀၀ ခန့်မှ ၁၂၅ ကျပ်သို့လည်း ကောင်း၊ မွေးမြူရေးကြက် တစ်ပိဿာဈေးနှုန်းမှာ သုံးလကျော် ကာလအတွင်း တစ်ထောင်ကျပ်ခန့်အထိမြင့်တက်ခဲ့သည်။

လက်ရှိအချိန်တွင် အထည်ချုပ်စက်ရုံလုပ်သားတစ်ဦး၏ ဝင်ငွေမှာ တစ်ရက်လျှင် ကျပ် ၁,၀၀၀ မှ ကျပ်၂,၀၀၀ အတွင်းသာ ရှိနေပြီး အချိန်ပို လုပ်အားခနှင့် ဆုကြေး အပါအဝင် လုပ်သားတစ်ဦးသည် တစ်လလျှင် လုပ်သက်နှင့်ရာထူး အပေါ်မူတည်၍ ကျပ်တစ်သိန်းခန့် မှ အများဆုံးနှစ်သိန်းကျော်ဖြစ်သည်။

သို့သော် ယင်းငွေပမာဏတွင် အလုပ်သမားအချိန်ပိုဆင်း၍ ရရှိသော နှုန်းနှင့် ရက်မှန်ဆင်းသောကြောင့် ပေးအပ်သော ငွေပမာဏက အများဆုံးဖြစ်နေပြီး လုပ်သားတစ်ဦး၏ အမှန်တကယ်လုပ်ခမှာ ကျပ်သုံးသောင်းမှ ငါးသောင်းခန့်သာရှိနေသည်။

အနည်းဆုံးလုပ်ခကို ကျပ် ၃,၆၀၀ သတ်မှတ်လိုက်ပါက တစ်လဝင်ငွေ တစ်သိန်းရှစ်ထောင်ကျပ်ခန့်နှင့် တစ်လလျှင် အချိန်ပိုမိနစ်၉၀ ဆင်းရပါက ကိုးသောင်းခန့် ရရှိလာမည်ဖြစ်သည့်အတွက် အခြေခံ အလုပ်သမားတစ်ဦးဝင်ငွေမှာ စုစုပေါင်း နှစ်သိန်းနီးပါး ဖြစ်သွားမည်ဖြစ်သည်။

‘‘နားချိန်မရအောင် တောက်လျှောက်အချိန်ပိုဆင်းရပြီး အလုပ် တစ်ရက်မှမပျက်ဘဲ အဲဒီနှုန်းထားကိုရကြတာ။ အလုပ်တစ်ရက်ပျက်တာနဲ့ ရက်မှန်ကြေးလည်း မရတော့ဘူး။ တခြားအဖြတ်ခံရတာတွေလည်း ရှိတယ်။ အဲဒါ ကြောင့် အလုပ်သမားတွေက ကိုယ့်အတွက်တစ်လတာ အာမခံချက်ရှိနိုင်မယ့် အနည်းဆုံး အခကြေးငွေ တိုးပေးဖို့မျှော်လင့်နေကြတာ’’ဟု ရွှေပြည်သာစက်မှုဇုန်မှ အထည်ချုပ်စက်ရုံလုပ်သား ကိုလင်းလင်းကပြောသည်။

လက်ရှိ ရရှိနေသော လစာ နှုန်းထားမှာ ၎င်းတို့ဘဝကို တစ်စုံတစ်ရာ အာမခံချက်မပေးနိုင်သော အခြေအနေတွင်ရှိနေပြီး နေထိုင် စားသောက်အသက်ရှင်နိုင်ရုံသက်သက်ဖြင့်သာ တစ်ရက်လျှင် ၁၂ နာရီခန့် လုပ်ငန်းခွင်အတွင်း အချိန်ပေးနေကြရသည်ဟုဆိုသည်။

‘‘ကျွန်မတို့ တစ်ရက်လုပ်ခ အခြေခံလစာက မိသားစုစားဝတ်နေရေးအတွက် လုံလောက်ပြီး အချိန်ပိုကြေးက အပိုစုဆောင်းနိုင်မယ့်ငွေအဖြစ်နဲ့ ရှိချင်တယ်’’ ဟု အထည်ချုပ် အလုပ်သမားခေါင်းဆောင် မအိရွှေစင်ကပြောသည်။

အခြေခံအလုပ်သမားတစ်ဦး အနေဖြင့် တစ်လ ကျပ်တစ်သိန်း နှစ်သောင်းခန့် ဝင်ပါက အိမ်ထောင်စုတစ်စုလျှင် မိသားစုငါးဦးတွင် နှစ်ဦးခန့်အနည်းဆုံးအလုပ်လုပ်ကိုင်မှသာ နေထိုင်စားသောက်နိုင်ရုံ အခြေအနေ၌ရှိကြောင်း အလုပ်သမားများက ပြောသည်။

‘‘အိမ်ငှားခက ဆင်ခြေဖုံး အပိုင်းမှာ တစ်လကို အနည်းဆုံး ခြောက်သောင်းပေးရတယ်။ မိသားစုဝင်ငါးဦး တစ်ရက်မီးဖိုချောင်စရိတ် ချွေတာသုံးရင်တောင် ငါးထောင်လောက် အနည်းဆုံးကုန်တယ်။ ဒါကြောင့် နှစ်ယောက်အလုပ်ထွက်လုပ်ရင်တောင် မလုံလောက်ချင်တဲ့အနေအထားမှာရှိနေတော့ အဲဒီမိသားစု ဘဝမြှင့်တင်ဖို့ဆိုတာ အခွင့်အရေး အရမ်းနည်းနေတာပေါ့’’ဟု ကိုလင်းလင်းက တွက်ချက်ပြသည်။

မိသားစုမပါဘဲ တစ်ဦးတည်း လာရောက် လုပ်ကိုင်နေသူများအနေဖြင့်လည်း အဆောင်တွင် နေထိုင်၍ လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်ကြလေ့ရှိပြီး အဆောင် စရိတ်နှင့် တစ်လတာထမင်းစရိတ် စုစုပေါင်း ကျပ်လေးသောင်းမှ ငါးသောင်းကြားတွင် ရှိနေသောကြောင့် မိသားစုထံ လစဉ်ကျပ် ငါးသောင်းခန့် အများဆုံး တင်ပို့ နိုင်ကြလေ့ရှိသည်။ ထို့ကြောင့် တစ်ဦးတည်းသမားများမှာ အသုံး စရိတ်ချွေတာလျှင် အပိုငွေအနည်းငယ်စုဆောင်းနိုင်သည်။ အိမ်သို့ ပြန်ပို့နိုင်သည်။ မိသားစု ဦးရေများသူများအတွက်မူ ရသမျှ ငွေအကုန်ပေးလျှင်ပင် မလောက်ငနိုင်ပေ။ လုပ်သားအများစုသည် ငွေပိုစုဆောင်းနိုင်ခြင်း မရှိသောကြောင့် အလုပ်သမားမိသားစုဝင် များ လူမှုရေးအသုံးစရိတ်၊ ကျန်း မာရေး စရိတ်များနှင့် ကျောင်း စရိတ်များအတွက် ဖြေရှင်းရန် ခက်ခဲမှုများရှိနေသဖြင့် ငွေတိုးချေးယူခြင်းဖြင့် ဘဝကိုလည်ပတ်ဖြေ ရှင်းနေကြရသည်ဟု ၎င်းတို့က ပြောသည်။

‘‘စက်ရုံမှာပဲ နှစ်ဆယ်တိုးနဲ့ ငွေချေးတာရှိတယ်။ လစာမလုံလောက်တော့ အဲဒီငွေချေးယူပြီး တဒင်္ဂအခြေအနေကို ဖြေရှင်းကြရတယ်။ နောက်တော့ အတိုးပဲဆပ်နိုင်တဲ့ အခြေအနေရောက်ပြီး အကြွေးသံသရာက မထွက်နိုင်ကြ တော့ဘူး’’ ဟု လုပ်ခလစာ မလုံ လောက်မှုကြောင့် ဖြေရှင်းရပ် တည်နေသော အလုပ်သမားများ အခြေအနေနှင့်ပတ်သက်၍ လက်ရှိ စက်ရုံတွင် ငွေထုတ်ချေးနေသူ တစ်ဦးကပြောသည်။

၎င်းတို့ လုပ်ငန်းခွင်တွင် အကြွေးကင်းသူမှာ မရှိသလောက် နည်းပြီး အနည်းဆုံး ကျပ်လေးငါးသောင်းမှ ကျပ် ငါးသိန်းခန့်အထိ အကြွေးတင်နေသူများရှိနေသည် ဟုဆိုသည်။

လုပ်ခလစာကို တစ်ရက် ၃,၆၀၀ ကျပ်သတ်မှတ်လိုက်ပါက အလုပ်သမား တစ်ဦး၏ အသားတင်လစာငွေမှာ ကျပ်တစ်သိန်း တစ်သောင်းခန့်ရရှိလာမည်ဖြစ်ပြီး အချိန်ပိုဆင်းရမည်ဆိုပါက တစ်နာရီကျပ် ၉၈၀ ခန့် အပိုဝင်ငွေ ရရှိလာနိုင်မည်လည်းဖြစ်သည်။

လက်ရှိအချိန်တွင် စက်ရုံတစ်ရုံ၌ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် အချိန်ပိုသုံးနာရီခန့်ဆင်းရမည်ဆိုပါက အလုပ်သမားတစ်ဦး အနေဖြင့် တစ်ရက်လျှင် အချိန်ပိုကြေး ၃,၀၀၀ ခန့် ရရှိနေမည်ဖြစ်သောကြောင့် လက်ရှိ ဘဝအခြေအနေထက်မူ အနည်းငယ်ချောင်လည် လာစေနိုင်သည်ဟုလုပ်သားအများစုက မျှော်လင့်နေကြသည်။

အလုပ်သမားများကမူ ၎င်းတို့မူလအဆိုပြုထားသည့် တစ်ရက်လုပ်ခ ၄,၀၀၀ ကျပ်သာရလို သည့်ဆန္ဒရှိသော်လည်း အနည်း ဆုံးအခကြေးငွေအမြန်ဆုံးသတ် မှတ်ပြဋ္ဌာန်းနိုင်ရေးအပေါ် အခက်အခဲမရှိစေရန်ဟုဆိုကာ အမျိုးသား ကော်မတီက အဆိုပြုလိုက်သည့် နှုန်း ၃,၆၀၀ ကျပ်ကို လက်ခံနိုင်သည်ဟုဆိုကြသည်။

ခြွင်းချက်အနေဖြင့် ၃,၆၀၀ ကျပ်အပြင် အလုပ်သမားများအား ဖယ်ရီစီစဉ်ပေးခြင်း (သို့မဟုတ်) ခရီးစရိတ်ထောက်ပံ့ရန်၊ နေထိုင်စရိတ်နှင့် ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများပေးရန် ထပ်တိုးတောင်းဆိုထားသည်။

သို့သော် အလုပ်ရှင်များဘက်မှ တစ်ရက်လုပ်ခ ကျပ် ၂,၅၀၀ ထက် ပိုပေးနိုင်ခြင်းမရှိဟု ထုတ်ဖော်ကြေညာထားမှုများ ရှိနေသောကြောင့် အလုပ်သမားများနောက်ဆုံး မျှော်လင့်ထားသည့် အနည်းဆုံးအခကြေးငွေ ၃,၆၀၀ ကျပ်သတ်မှတ်ရန်မှာပင် သေချာ မှုမရှိသေးပေ။

မိသားစုသုံးဦးအတွက် တစ်လလျှင် ကျပ်တစ်သိန်းနှစ်သောင်းခန့် ကုန်ကျနေသည့် မအိအိခိုင်တစ်ယောက်ကတော့ အနိမ့်ဆုံး လုပ်ခလစာ ၃,၆၀၀ သတ်မှတ်လျှင် စားရေး၊ နေရေးစရိတ်အပြင် ကျပ်ရှစ်သောင်းခန့် ငွေပိုထွက်လာနိုင်၍ မိသားစုဘဝ ယခုအချိန်ထက် ပိုမိုချောင်လည်လာမည်ဟု မျှော်လင့်နေသည်။

‘‘အလုပ်ရှင်ဘက်က တင်းမာမှုတွေရှိနေပေမယ့် နောက်နှစ်လကြာရင် မိသားစုဘဝ အသက်ရှူချောင်နိုင်စေမယ့် အဖြေတစ်ခု ထွက်လာမယ်လို့တော့ မျှော်လင့်တယ်’’ဟု မရွှေစင်က ၎င်း၏မျှော်လင့်ချက်ကိုပြောသည်။

No comments:

Post a Comment