Tuesday, July 14, 2015

အပစ်ရပ်ရန် ကုလတောင်းဆိုသော်လည်း ယီမင်ကို ဆော်ဒီ ဗုံးကြဲ

ယီမင်နိုင်ငံ၌ လူသားချင်း စာနာထောက်ထားသည့် အပစ်ရပ်ရေး လုပ်ဆောင်ရန် ကုလသမဂ္ဂအဖွဲ့က တောင်းဆိုထားသော်လည်း ဆော်ဒီအာရေးဗီးယားနိုင်ငံက လိုက်နာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင် ကြောင့် အရပ်သား ၂၁ ဦး သေဆုံးသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
“လူနေရပ်ကွက်ကို ဒုံးကျည်သုံးလုံး ထိမှန်သွားပါတယ်။ အိမ် ၁၅ လုံး ပျက်စီးသွားပြီး ၂၁ ဦး သေဆုံးကာ ၄၅ ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်” ဟု ယီမင်မြို့တော် ဆာနာရှိ ဒေသခံတစ်ဦးက ပြောကြားသွားသည်။
ယီမင် ဟော်တီသူပုန်များနှင့် ယခင်သမ္မတဟောင်း အဒူလာဆလာကို သစ္စာခံသည့် တပ်မတော်တပ်ဖွဲ့ အချို့ကို ဆော်ဒီ ဦးဆောင်သည့် အာရပ်ညွန့်ပေါင်း အုပ်စုက မတ်လ ၂၆ ရက်နေ့မှ စတင်ပြီး ဗုံးကြဲတိုက်ခိုက်လျက်ရှိကာ ပြည်ပတွင် ခိုလှုံနေရသည့် ယီမင်အစိုးရကို အာဏာ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
ဟော်တီသူပုန်များသည် ဆော်ဒီ၏ ဒေသတွင်း အဓိကပြိုင်ဘက် အီရန်၏ မဟာမိတ်တပ်ဖွဲ့များ ဖြစ်ပြီး ၎င်းတို့၏ အမာခံ မြောက်ပိုင်းဒေသများမှနေ၍ ထိုးစစ်ဆင်လာရာ ဆာနာမြို့တော်ကို စက်တင်ဘာလတွင်း သိမ်းနိုင်ခဲ့သလို ယီမင်တောင်ပိုင်း ဒေသများသို့လည်း ဆင်းသက်လာခြင်းကြောင့် ဆော်ဒီ ဦးဆောင်ညွန့်ပေါင်းအဖွဲ့က ဗုံးကြဲတိုက်ခိုက်နေရသည်။
ယင်းကဲ့သို့သော တိုက်ခိုက်မှုများ၊ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ကာ ယီမင်နိုင်ငံတွင်းရှိ လူသားချင်း စာနာထောက်ထားသည့် အကျပ်အတည်းများ ပိုမိုဆိုးရွားလာလျက် ရှိသည်။
ထို့ကြောင့် သောကြာနေ့မှ စတင်ပြီး လူသားချင်း စာနာထောက်ထားသည့် အပစ်ရပ်ရေး လုပ်ဆောင်ရန် ကုလသမဂ္ဂအဖွဲ့က ကြားဝင်စေ့စပ်ပေးထားသော်လည်း ဆော်ဒီ ဦးဆောင်ညွန့်ပေါင်းအဖွဲ့က လက်ခံခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက် ရှိသည်။
ဟော်တီသူပုန်များက အပစ်ရပ်ရေး လုပ်ဆောင်မှုမရှိခြင်း၊ အပစ်ရပ်မှု စောင့်ကြည့်ရန် ကုလစောင့်ကြည့်ရေး အဖွဲ့ဝင်များ မြေပြင်တွင် မရှိခြင်းတို့ကြောင့် အပစ်ရပ်ရေး လုပ်ဆောင်မည် မဟုတ်ဟု ဆော်ဒီ ဦးဆောင်ညွန့်ပေါင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အယ်လ်အာစီရီက ပြောကြားသွားသည်။
ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များက ယခုကဲ့သို့ ဗုံးကြဲမှုများ ဆက်လက်လုပ်ဆောင်နေခြင်းသည် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကို စိန်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း ဟော်တီ သူပုန်ခေါင်းဆောင် အယ်ဆမတ်က ဝေဖန်လိုက်သည်။

No comments:

Post a Comment