Thursday, July 16, 2015

ရှယ်ယာဂယက်ကြောင့် မန္တလေးကျောက်ဝိုင်းသို့ တရုတ်ကုန်သည် ဝင်ရောက်မှု ရာချီလျော့

တရုတ်နိုင်ငံတွင် စတော့ရှယ်ယာဈေးကွက် ကျဆင်းခဲ့မှုကြောင့် မန္တလေးမြို့တော်ရှိ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) သို့ နေ့စဉ်လာရောက်သည့် တရုတ်ကုန်သည်ဦးရေ ရာချီလျော့ကျသွားကြောင်း အဆိုပါစခန်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောကြားသည်။
“အရင်တုန်းက ထောင်ချီပြီးလာတယ်။ ခု နှစ်ရာ သုံးရာလောက်ပဲ လာတော့တယ်” ဟု ၎င်းကဆိုသည်။
နေပြည်တော်တွင် ကျောက်မျက်ပြပွဲ မပြုလုပ်မီကတည်းကပင် မန္တလေးကျောက်မျက် စခန်းသို့ တရုတ်ကုန်သည်များ လာရောက်မှု လျော့နည်းခဲ့ပြီး လက်ရှိတွင်မူ စတော့ရှယ်ယာဈေးကွက် ဂယက်ကြောင့် သိသိသာသာ အဝင်လျော့ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“သူတို့ဘက်မှာက ကျောက်စိမ်းကို လက်ဆောင်ပေးတဲ့နေရာ၊ လာဘ်ပေးတဲ့ နေရာတွေမှာ အသုံးပြုကြတယ်။ ငွေကြေးတို့၊ ရွှေတို့ မပေးကြဘူး။ သူတို့ဘက်က စီးပွားရေး အခြေအနေမကောင်းတော့ လာမဝယ်ကြတာ” ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးမြင့်ဟန်က ဆိုသည်။
ကျောက်မျက်စခန်းအတွင်းသို့ လာရောက်သည့် ကုန်သည်များနှင့် နံနက်ငါးနာရီခန့်တွင် ရောင်းချသည့် တစ်ပိုင်တစ်နိုင်သမား ခင်းဝိုင်းများသို့ လာရောက်သည့် ကုန်သည်များရှိပြီး နှစ်ဖက်စလုံးတွင် လာရောက်မှု လျော့ကျကြောင်း မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
“လူများများလာရင် ကြိုက်ဈေးခေါ်လို့ ရတယ်။ ခုတော့ လူနည်းရင် သူတို့ပေးတဲ့ ဈေးနဲ့ပဲ ရောင်းရတာပေါ့။ လက်ထဲ ကြာကြာမထားနိုင်တဲ့သူလောက်ပဲ ရောင်းကြတယ်” ဟု ဦးတင်မောင်ဝင်းက ဆိုသည်။
လက်ရှိတွင် တရုတ်ဘက်မှ စတော့ရှယ်ယာဈေးကွက် အနည်းငယ် ငြိမ်သက်ပြီဟု ကြားသိရသဖြင့် လာမည့်တစ်ပတ်အတွင်း ကျောက်စိမ်းဈေးကွက် ပြန်လည်ကောင်းရန် မျှော်လင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment